ဒီမိုကရေစီ အသွင်ကူးပြောင်းရေး
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ နှောင့်နှေးနေပြီး၊ ကုန်လွန်ခဲ့တဲ့ငါးနှစ်တာကာလကို ပြန်ကြည့်ရင် တချို့ကိစ္စတွေမှာ ပိုပြီးဆိုးရွားလာတာ တွေ့နိုင်ပါတယ်။ စစ်တပ်ရဲ့နိုင်ငံရေးအာဏာကို ကန့်သတ်ထိန်းချုပ်ဖို့နဲ့၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရအောင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြိုးစားနေပါတယ်။ လာမယ့် ရွေးကောက်ပွဲပြီးရင် ကြုံတွေ့ရဦးမယ့် အကြီးမားဆုံး အခက်အခဲကလည်း အခြေခံဥပဒေပြင်ဆင်ရေးပဲ ဖြစ်ပါလိမ့်မယ်။
“နိုင်ငံရေးအကျဉ်းသား တစ်ယောက်ရှိနေသေးရင်တောင် များလွန်းနေပါပြီ” လို့ တချိန်က ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးလှုပ်ရှားသူတွေက နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူ မြန်မာနိုင်ငံမှာ အတော်များများ ရှိနေပါတယ်။ AAPP လို့ခေါ်တဲ့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ၂၀၂၀ ဇွန်လအထိ စာရင်းတွေအရ... အကျဉ်းကျနေသူ၊ တရားရင် ဆိုင်နေရသူ နိုင်ငံရေးအကျဉ်းသား ၆၄၁ ယောက် ရှိတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ကိုလိုနီခေတ်နဲ့ စစ်အစိုးရခေတ် လက်ကျန်ဥပဒေဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေး ထိပါးနှောက်ယှက်မှု ဆိုတာနဲ့ တရားစွဲအကျဉ်းချခံတဲ့သူ အတော်များများ ရှိနေပါတယ်။ အကျဉ်းချခံထားရသူတွေ ထဲမှာလည်း အများစုက စစ်တပ်ကို ဝေဖန်သူတွေ၊ လယ်ယာမြေသိမ်းဆည်းခံရမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့ ဒေသခံပြည်သူတွေ၊ အစိုးရအရာရှိတွေ ဒါမှမဟုတ် စစ်တပ်အပေါ် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံရတဲ့ သတင်းထောက်တွေ ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး တရားစွဲဆိုတဲ့ အမှုတွေမှာလည်း မတရားသင်းဆက်သွယ်မှုဥပဒေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို အာဏာပိုင်တွေက အသုံးပြုနေတာ တွေ့ရပါတယ်။