တိုင်းရင်းသားများနဲ့ ပဋိပက္ခ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရခဲ့ချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိကဦးစားပေး လုပ်ဆောင်မယ်ဆိုပြီး ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ အနှစ်ခုနှစ်ဆယ်ကျော် ကြာလာပြီဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဟာ မပြီးဆုံးသေးသလို၊ တချို့ကိစ္စတွေမှာ ပိုပြီး ဆိုးဝါးလာပါတယ်။ နောက်တက်လာမယ့်အစိုးရအနေနဲ့ လူပေါင်းနှစ်သိန်းလောက် စစ်ပြေးဒုက္ခသည်ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်က ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်အကြား အကြမ်းဖက်ပဋိပက္ခတွေကို ဆက်ပြီး ရင်ဆိုင်ဖြေရှင်းရမှာပါ။ အလားတူပဲ တခြားဒေသတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပဋိပက္ခတွေက အရှိန်မြင့်တက်နေဆဲပါ။ အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လေးကြိမ်တိုင်တိုင် ကျင်းပခဲ့ပေမယ့် နိုင်ငံရေးသဘောတူညီချက်တွေ ရဖို့ အလှမ်းဝေးနေဆဲဖြစ်ပြီး တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့တောင် သဘောတူညီချက် မရနိုင်သေးတာ တွေ့ရပါတယ်။ လူနည်းစုတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှုကို စစ်တပ်က မကြိုက်သလို၊ NLD အစိုးရက ပြည်နယ်မြို့တော်တွေမှာ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ လိုက်ထူနေတာကိုလည်း တိုင်းရင်းသားတွေက မနှစ်မြို့တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဒါ့အပြင် တပ်မတော်ရဲ့ စစ်ဆင်ရေးနဲ့ ညှဉ်းပမ်းနှိပ်စက်မှု တွေကြောင့် ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြပ်သိပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာမွတ်စလင် တစ်သန်းလောက်ရဲ့ အရေးကိုလည်း မဖြေရှင်းနိုင်သေးပါဘူး။ ဒီဒုက္ခသည်တွေကိုဘင်္ဂလားဒေ့ရှ်က နေရပ် ပြန်စေချင်နေသလို ဒုက္ခသည်တွေကလည်း နေရပ်ပြန်ဖို့ စိုးရိမ်နေကြပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံတွင်းမှာ မျိုးဆက်အလိုက် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပေမယ့် မြန်မာအစိုးရကတော့ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူတွေအဖြစ်သာ သတ်မှတ်ထားပါတယ်။