ရွှေ့ပြောင်းအလုပ်သမားနဲ့ ဒုက္ခသည်များ
NLD အစိုးရလက်ထက်မှာ ပြည်တွင်းပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးရတဲ့ တိုင်းရင်းသားလူဦးရေ ပမာဏ ပိုများလာခဲ့ပါတယ်။ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ အပြင်၊ ရခိုင်တိုင်းရင်းသား အများဆုံးပါတဲ့ လူပေါင်းနှစ်သိန်းလောက် ပဋိပက္ခအတွင်း အိုးအိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။ အများစုဟာ ယာယီဒုက္ခသည်စခန်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရပြီး၊ လူသားချင်းစာနာမှု အကူအညီပေးမယ့် အဖွဲ့တွေဟာလည်း တားမြစ်ခံထားရပါတယ်။ မြန်မာပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေကို ကြည့်မယ်ဆိုရင်၊ ကချင်ပြည်နယ်မှာ လူဦးရေတစ်သိန်းလောက် စစ်ပြေးဒုက္ခသည် ဖြစ်နေသလို၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ပြေးဒုက္ခသည် တစ်သောင်းလောက် ရှိနေပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မှာလည်း လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော် ကတည်းက ရှိခဲ့တဲ့ ဒုက္ခသည် စခန်းတွေမှာ လူတစ်သိန်းကျော် ကျန်နေပါသေးတယ်။
ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံမှာ လုပ်ခလစာ အနည်းအကျဉ်းနဲ့ အလုပ်လုပ်နေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခက်အခဲအကျပ်အတည်းတွေ များလာတာကလည်း မြန်မာနိုင်ငံအတွက် စိမ်ခေါ်မှုအသစ်တစ်ခုဖြစ် ပါတယ်။ အခုဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ မတ်လကစပြီး နေရပ်ပြန်လာတဲ့ မြန်မာအလုပ်သမား တစ်သိန်းတစ်သောင်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအရေး ဆောင်ရွက်တဲ့ IOM အဖွဲ့ရဲ့ အချက် အလက်တွေအရ သိရပါတယ်။ ငွေကြေးချို့တဲ့တဲ့ အလုပ်သမားတွေ ပြည်တွင်းပြန်လာတဲ့အခါမှာ အစိုးရရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ညွှန်ကြားချက်အရ သီးခြားစောင့်ကြည့်ရေးဌာနတွေမှာ သီတင်းပတ်နဲ့ချီပြီးနေရသလို၊ ဇာတိရပ်ရွာတွေ ပြန်ရောက်တဲ့အခါ မှာလည်း အလုပ်အကိုင်မရှိဘဲ ရှိစုမဲ့စုနဲ့ပဲ နေထိုင်နေကြရပါတယ်။ ပြည်ပမှာအလုပ်လုပ်ပြီး ရတဲ့လုပ်ခထဲကနေ မိသားစုကို ပြန်ထောက်ပံ့တာမျိုး မလုပ်နိုင်ကြတော့ပါဘူး။ အတော်များများကတော့ လက်ရှိမှာ အိမ်နီးချင်းနိုင်ငံတွေကို ပြန်သွားပြီး အလုပ်လုပ်နိုင်ဖို့ မျှော်လင့်စိတ်ကူးနေကြမှာ ဖြစ်ပါတယ်။