အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့ လက်ရှိအာဏာရပါတီ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ၊ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပါတီစုံဒီမိုကရေစီ စနစ်အတွက် နိုင်ငံရေးပါတီတွေ တည်ထောင်ခွင့်ပြုတဲ့အချိန်၊ ၁၉၈၈ အောက်တိုဘာလမှာ စတင်တည် ထောင်ခဲ့ပါတယ်။ ပါတီဖွဲ့စည်းချိန်က ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦး ခေါင်းဆောင်တဲ့ မျိုးချစ် တပ်မှူးဟောင်းအုပ်စု၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ဦးဆောင်တဲ့ တတ်သိ ပညာရှင်များအုပ်စုနဲ့၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အုပ်စု... ဆိုပြီး အုပ်စုသုံးမျိုးကကိုယ်စားလှယ် စုစုပေါင်း ၁၂ ယောက်နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ်ချခဲ့ပြီး ပါတီမှာသြဇာရှိတဲ့ ဟံသာဝတီဦးဝင်းတင် ကိုလည်း နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအများစုနဲ့ အနိုင်ရခဲ့ပေမယ့် စစ်အစိုးရက အာဏာလွှဲမပေးဘဲ၊ ပါတီခေါင်းဆောင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ ထောင်ချခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကို ပြန်ပြီးမှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည် တတိယအကြိမ် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးနောက် ပါတီကို မှတ်ပုံပြန်တင်ခဲ့သလို ရွေေးကာက်ပွဲဝင်ပြီး နေရာတချို့မှာ အနိုင်ရခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တပြည်လုံးမှာ မဲအများစုနဲ့အနိုင်ရပြီး အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ခွင့်မရှိတဲ့အတွက် “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်” ဆိုတဲ့ ရာထူးသစ်ကို ဖန်တီးပြီး အစိုးရအဖွဲ့ကို ဦးဆောင်နေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးရည်ရွယ်ချက်က.. “အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး “ဖြစ်တယ်လို့ ကြွေးကြော်ထားပါတယ်။


ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်းရဲ့အငယ်ဆုံးသမီး ဖြစ်ပါတယ်။ မိခင်ဒေါ်ခင်ကြည် သံအမတ်အဖြစ် တာဝန်ကျတဲ့ အိန္ဒိယနိုင်ငံမှာ ကြီးပြင်းပညာသင်ခဲ့ပြီး ဒေလီတက္ကသိုလ်နဲ့ ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်တို့ကနေ ဘွဲ့ရခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ကျောင်းသားတွေ ဦးဆောင်လှုပ်ရှားခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံ ကာလအတွင်း၊ နာမကျန်းဖြစ်နေတဲ့ မိခင်ဒေါ်ခင်ကြည်ကို ပြုစုစောင့်ရှောက်ဖို့အတွက် ရန်ကုန်မြို့ကို ပြန်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီစနစ်တောင်းဆိုတဲ့ လူထုလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ဖို့ နိုင်ငံရေးအင်အားစုတချို့က တိုက်တွန်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း ဦီးဆောင်တဲ့ စစ်အစိုးရကို တစ်နိုင်ငံလုံးက ဆန့်ကျင်ဆန္ဒပြနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီမိုကရေစီရေး ဦးဆောင်သူ တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီတွေ တည်ထောင်ခွင့်ပြုချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဦးဆောင် တည်ထောင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က အာဇာနည်နေ့အခမ်းအနားကို လူထုနဲ့အတူ ချီတက်မယ်လို့ စီစဉ်ခဲ့ပြီးမှ အစီအစဉ်ကို ရုပ်သိမ်းခဲ့ပေမယ့် နောက်တနေ့မှာတော့ စစ်အစိုးရက သူ့ကို နေအိမ်အကျယ်ချုပ် ချမှတ်လိုက်ပါတယ်။ နေအိမ်အကျယ်ချုပ် ကျနေတဲ့ကာလ ၁၉၉၁ ခုနှစ်မှာ နိုင်ငံတကာရောက် မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့တွေရဲ့ ဦးဆောင်ကြိုးပမ်းချက်အရ နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးနိုဘဲလ်ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ်မှာ နေအိမ်အကျယ်ချုပ်က ပြန်လွတ်ခဲ့ပြီး စစ်အစိုးရနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ကြိုးစားခဲ့သလို တဘက်မှာလည်း ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင် တွေနဲ့အတူ “ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ” (CRPP) ကိုဖွဲ့စည်းခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလမှာ တစ်ခါ နေအိမ်အကျယ်ချုပ် ချခံရပြီး၊ ၂၀၀၂ ခုနှစ် မေလမှာ ပြန်လွတ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် မေလမှာ နောက်တစ်ကြိမ်း နေအိမ်အကျယ်ချုပ်ခံရပြီး ၂၀၁၀ နိုဝင်ဘာလမှာ ပြန်လွတ်ခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တစ်နိုင်ငံလုံးမှာ မဲအများစုနဲ့ အနိုင်ရခဲ့ပြီး အစိုးရဖွဲ့ချိန်မှာ ၂၀၀၈ အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့် မရတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် တာဝန်ယူပြီး အစိုးရအဖွဲ့ကို ဦးဆောင်နေပါတယ်။ ဒီကာလအတွင်း... စစ်တပ်က ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တယ်လို့ နိုင်ငံတကာက စွပ်စွဲပြောဆိုတဲ့ဖြစ်ရပ်မှာ နှုတ်ဆိတ်နေလို့ဆိုပြီး နိုင်ငံတကာက ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆုတချို့ ပြန်ရုပ်သိမ်းခံရသလို နိုင်ငံတကာမှာလည်း ပြစ်တင်ဝေဖန်ခံရပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အရင်က အနိုင်ရထားတဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေပါတယ်။