ပြည်သူ့ပါတီ (PP)
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှာ ရှေ့တန်းကပါခဲ့တဲ့ ထင်ရှားတဲ့ကျောင်းသားခေါင်းဆောင် ဟောင်းတချို့ စုစည်းပြီး ပြည်သူ့ပါတီကို ၂၀၁၉ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ပါတီခေါင်းဆောင် အများစုဟာ စစ်အစိုးရ အုပ်ချုပ်တဲ့ကာလအတွင်း နှစ်ရှည်အကျဉ်းချခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့ကြ ပေမယ့် NLD ပါတီခေါင်းဆောင်တွေက သူတို့ကို ချန်လှပ်ထားခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံရေးပါတီ တည်ထောင်ခဲ့ကြပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးမဲဆန္ဒနယ် ထက်ဝက်နီးပါးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။
ပါတီဥက္ကဋ္ဌ - ဦးကိုကိုကြီး
၁၉၈၈ ခုနှစ် - ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလမှာ ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး၊ ၁၉၈၉ ခုနှစ်မှာ ခေတ္တ အဖမ်းခံခဲ့ရပါတယ်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဘဲလ်ဆု ချီးမြှင့်တဲ့အပေါ် ထောက်ခံဆန္ဒပြတဲ့ ကျောင်းသားလှုပ်ရှားမှုအတွင်း ကျောင်းသားတစ်ရာကျော်ကို ဖမ်းဆီးအကျဉ်းချချိန်မှာ ဦးကိုကိုကြီးလည်း ထောင်ဒဏ် ၁၅ နှစ် ချမှတ် ခံခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ်မှာ စစ်အစိုးရက လောင်စာဆီစျေးနှုန်းတွေ ရုတ်တရက် တိုးမြှင့်သတ် မှတ်လိုက်ပြီး ပြည်သူတွေ အခက်အခဲ ဖြစ်သွားတဲ့အတွက် လောင်စာစျေးနှုန်းပြန်ချပေးဖို့ ဆန့်ကျင်ဆန္ဒပြမှုနဲ့ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရပါတယ်။ ဦးကိုကိုကြီးဟာ အနှစ် ၃၀ အတွင်း အကျဉ်းထောင်တွင်းမှာ ၁၇ နှစ်နီးပါး နေခဲ့ရပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ကနေ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။