ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို စစ်အစိုးရအဖွဲ့မှာ ပါဝင်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေက ဦးဆောင်ပြီး ၂၀၁၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ၂၀၁၀ အထွေထွေရွေး ကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီ တချို့က သပိတ်မှောက်ခဲ့တဲ့အတွက် မဲအများစုနဲ့အနိုင်ရပြီး အစိုးရဖွဲ့ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ၂၈ ရာခိုင်နှုန်းပဲ အနိုင်ရပြီး လက်ရှိမှာ အဓိကအတိုက်အခံပါတီ အနေနဲ့ တည်ရှိနေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တစ်နိုင်ငံလုံးက မဲဆန္ဒနယ်အားလုံးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ပါတီရဲ့ အဓိက နိုင်ငံရေးမူဝါဒအနေနဲ့ “အမျိုးသားရေး”ကို ကြွေးကြော်ထားပြီး စစ်တပ်နဲ့အနီးစပ်ဆုံးပါတီ ဖြစ်ပါတယ်။


ပါတီဥက္ကဋ္ဌ - ဦးသန်းဋ္ဌေး

တပ်မတော် အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦး ဖြစ်ပြီး စစ်အစိုးရလက်ထက်မှာ စွမ်းအင်ဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာန‌တွေမှာ ဒု-ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပါတီခေါင်း ဆောင်တွေအကြား ကွဲလွဲမှုတွေကြောင့် သူရဦးရွှေမန်းကို ဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားလိုက်ပြီးနောက် ဦးသန်းဋ္ဌေးကို ဥက္ကဋ္ဌတာဝန် ပေးအပ်လိုက်တာဖြစ်ပါတယ်။ လက်ရှိမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌက ဦးသန်းဋ္ဌေး ဖြစ်ပေမယ့်၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် ပထမဆုံး ပါတီဥက္ကဋ္ဌ လည်းဖြစ် သမ္မတဟောင်းလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်က ဦးဆောင်စည်းရုံးမယ်လို့ ကြေညာထားပါတယ်။