ဒုက္ခသည်ဘဝကနေ လက်ဝှေ့အကျော်အမော်ဖြစ်လာတဲ့ ဂျော့ရှုဝါဗန်

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2024.02.12
ဒုက္ခသည်ဘဝကနေ လက်ဝှေ့အကျော်အမော်ဖြစ်လာတဲ့ ဂျော့ရှုဝါဗန် ၂ဝ၂၃ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါတွင် ကျင်းပသည့် UFC လက်ဝှေ့ပွဲတစ်ခုတွင် ထိုးသတ်ယှဉ်ပြိုင်နေသော ဂျော့ရှုဝါဗန် (Joushua Fearless Van)။
Photo: David Yeazell-USA TODAY Sports

မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသား ဂျော့ရှုဝါဗန်ဟာ အသက် ၁ဝ နှစ်လောက်အရွယ်မှာ ဒုက္ခသည်ဘဝနဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်လာသူဖြစ်ပါတယ်။ စရောက်ရောက်ချင်းမှာ အင်္ဂလိပ်စကားမတတ်လို့ အနိုင်ကျင့်ခံရတာတွေကို ထိုးနှက်တုံ့ပြန်ရင်းက အခုတော့ ကမ္ဘာ့လက်ဝှေ့လောကမှာ အမြင့်ဆုံးလို့ ပြောလို့ရတဲ့ UFC လက်ဝှေ့ကြိုးဝိုင်းထဲမှာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားသမားတစ်ယောက်ဖြစ်လာနေပါပြီ။ ချင်းပြည်နယ်၊ ဟားခါးမြို့ ရွာလေးတစ်ရွာကနေ ကမ္ဘာ့လက်ဝှေ့လောကရဲ့အမြင့်ဆုံး လက်ဝှေ့ကြိုးဝိုင်းထဲရောက်လာတဲ့ ဂျော့ရှုဝါဗန်ရဲ့ ဘဝအတွေ့အကြုံ ခံယူချက်တွေကို RFA သတင်းထောက်စောဖိုးခွား မေးမြန်းထားပါတယ်။

RFA - ဂျော့ရဲ့ ဘဝအကြောင်းတွေစမပြောခင် အစ်ကို့ရဲ့နာမည် Joushua Fearless Van မှာ Fearless ဆိုတဲ့ အဓိပ္ပါယ်ကို ပထမဆုံး ပြောပြနိုင်မလား။

ဂျော့ရှုဝါဗန် - Fearless ဆိုတာက ပြောရရင် ကြိုးဝိုင်းထဲမှာ ကျွန်တော်ကြောက်စိတ်ကင်းကင်းနဲ့ ထိုးသတ်တာကို ရည်ရွယ်ပေးထားတဲ့ နာမည်ပါ။ ကျွန်တော်ကို အရင်က ရေကုန်ရေခန်းထိုးတဲ့ကောင် Savage လို့ ခေါ်ကြတယ်။ ကျွန်တော်အဲဒီနာမည်ကို မကြိုက်တာနဲ့ပဲ Fearless ဆိုပြီး ကိုယ့်ဟာကိုယ် နာမည်ပေးထားတာပါ။

RFA - ဟုတ်ကဲ့။ အစ်ကို့ရဲ့ မွေးရပ်မြေအကြောင်းပြောကြရအောင်။ ခင်ဗျားကို ချင်းပြည်နယ်မှာ မွေးတယ်လို့ သိထားပါတယ်။ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး ပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်မှာ ဘဝရှင်သန်ရပ်တည်ခဲ့ရတဲ့ အခြေအနေကို မှတ်မိသလောက် ပြန်ပြောပြပါလား ...

ဂျော့ရှုဝါဗန် - ကျွန်တော့်ကို ချင်းပြည်နယ် ဟားခါးက ရွာလေးတစ်ရွာမှာ မွေးပါတယ်။ ခင်ဗျားသိတဲ့အတိုင်းပဲ ချင်းပြည်နယ်ဘက်မှာက ထမင်းတစ်လုတ်စားရဖို့အတွက် အတော်လေး ရုန်းကန်လှုပ်ရှားရတယ်လေ။ အလုပ်အကိုင်ကလည်း ရှားပါးတော့ ကျွန်တော်တို့ မိသားစု ဘဝက တော်တော်လေးခက်ခဲတယ်။ ဒါကြောင့် ကျွန်တော့်မိဘတွေလည်း တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသလိုဘဲ ကျွန်တော်တို့ဘဝ တိုးတက်ဖို့ လမ်းရှာကြရင်းကနေ ဒီနေ့ အမေရိကန်ပြည်ထောင်စုကို ရောက်လာတာပါပဲ။

RFA - အစ်ကိုတို့ မိသားစုတွေ ချင်းပြည်နယ်ကထွက်လာပြီးတော့ မလေးရှားမှာနေကြတယ်။ မလေးရှားကနေ ဒုက္ခသည်နဲ့ အမေရိကဘက်ပြောင်းလာကြတယ်။ အမေရိကရောက်ရောက်ချင်းမှာ နေရထိုင်ရတဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဂျော့ရှုဝါဗန် - အမေရိကကို စစရောက်ချင်းက ဘယ်ပြောကောင်းမလဲဗျာ။ တော်တော်ခက်ခဲတယ်။ ကျွန်တော်ဆို အမြဲ အဖေနဲ့အမေကို အိမ်ပဲပြန်ပို့ ကိုယ့်နိုင်ငံကိုယ်ပဲ ပြန်မယ်ဆိုပြီး အမြဲပူဆာလေ့ရှိတယ်။ ဒီရောက်တာ ကလေးပဲရှိသေးတော့ ဘာအင်္ဂလိပ်စကားမှလည်း မပြောတတ်ဘူး။ ကိုယ့်ရွာလို သူငယ်ချင်း အပေါင်းအသင်းတွေလည်း မရှိဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အရမ်းအထီးကျန်တယ်ဗျာ။ ခင်ဗျားလည်း ဒီမှာနေတော့ ခံစားဖူးမှာပါ။ နေရထိုင်ရ တော်တော်အဆင်မပြေတာပါဗျာ။

RFA - ကျွန်တော်သိသလောက် UFC မှာ ‌ဂျော့က ပထမဆုံး မြန်မာဖိုက်တာတစ်ဦးပဲ။ ဘယ်လိုလုပ်ပြီး ဒီလက်ဝှေ့ထိုးတာကို အသက်မွေး‌ကျောင်းတစ်ခုအနေနဲ့ ရွေးခဲ့တာလဲ ... သင်တန်းတွေ ဘာတွေတက်ခဲ့သေးလား

ဂျော့ရှုဝါဗန် - ကျွန်တော် လက်ဝှေ့ထိုးဖို့ ဘယ်လိုစဖြစ်လာလဲလို့မေးရင်တော့ ငယ်ငယ်တုန်းက ကျောင်းမှာ အနိုင်ကျင့်ခံရတာက စတာပဲ။ ဒုက္ခသည်နဲ့ ရောက်လာတဲ့ကောင်၊ အင်္ဂလိပ်စကားမပြောတတ်တဲ့ကောင်ဆိုတော့ အနိုင်ကျင့်ခံရတယ်လေ။ ကျွန်တော်က လူကောင်လည်း သေးသေး၊ ကျောင်းမှာ လူကောင်အသေးဆုံးပဲ။ အနိုင်ကျင့်ခံရရင် အင်္ဂလိပ်စကားမတတ်တော့ ပါးစပ်နဲ့ပြန်မပြောတတ်ဘူး။ ကိုယ့်ဟာကိုယ် အသားမနာအောင်လို့ ပြန်ထိုးတာပဲ။ အဲဒီလို ထိုးရင်းထိုင်းရင်းကပဲ ကျွန်တော့်သူငယ်ချင်းတချို့ က... ဟေ့ကောင် မင်း MMA သွားပါလား။ မင်းမှာ အရည်အချင်းရှိတယ်။ မင်းဖြစ်နိုင်တယ်လို့ မြှောက်ပေးကြတယ်။ MMA ဆိုတာ ဘာလဲတောင် ကျွန်တော်ကသိတဲ့ကောင်မဟုတ်ဘူး။ အဲဒီကနေ စရင်းနဲ့ပဲ MMA မှာ ထိုးရဖို့ ဘယ်လိုလုပ်ရမလဲ နည်းလမ်းတွေရှာတော့တာပဲ။ အကျဉ်းချုံးရရင်တော့ဗျာ ... လမ်းတကာမှာ လိုက်ထိုးနေတဲ့ကောင်လေးကနေ ဒီနေ့ ပရော်ဖက်ရှင်နယ် ဖိုက်တာအထိဖြစ်လာတာပဲ။ ၂ဝ၁၇ ၂၀၁၈ လောက်မှာ ကျွန်တော့်အမေကိုယ်တိုင်ပဲ MMA မှာ ထိုးရဖို့ အတွက် လျှောက်ပေးခဲ့တာ။

RFA - UFC ထိုးကွင်းထဲမှာ ပထမဆုံး မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ထိုးခွင့်ရတဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဂျော့ရှုဝါဗန် - မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုရတာ ကျေနပ်တာပေါ့ဗျာ။ ကျွန်တော်တို့လူမျိုး ချင်းတိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံသားတွေ တစ်ခဲနက်အားပေးကြတာမြင်တော့ အတိုင်းမသိဝမ်းသာတယ်။ ပွဲတစ်ပွဲထိုးတော့မယ်ဆိုတာနဲ့ တစ်နိုင်ငံလုံးက နိုင်အောင် ဝိုင်းဆုတောင်းပေးကြတာတွေ မြင်ရတွေ့ရတာ ကျွန်တော့်အတွက်တော့ ဘုရားသခင်ကောင်းချီးပေးတာပါပဲ။ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရနေတာ၊ ချင်းပြည်နယ်ကို ကိုယ်စားပြုခွင့်ရနေတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူမဆုံးအောင်ပါပဲ။

RFA - ဒါပေမဲ့ Josh ကို ကြိုးဝိုင်းထဲမှာ မြန်မာအလံ ကိုင်ခွင့်မပြုသေးဘူးလို့ သိထားတယ်။ ဘာကြောင့် အလံကိုင်ခွင့်မပေးတာလဲ၊ ဂျော့သိသလောက် ပြောပြနိုင်မလား။

ဂျော့ရှုဝါဗန် - ဟုတ်တယ်။ ထိုးမယ့်ပွဲတိုင်း မြန်မာနိုင်ငံအလံ ကျွန်တော်သယ်သွားတယ်။ ခွင့်ပြုချက်တွေ ဘာတွေသေချာမသိဘဲ အဲဒီတစ်ခေါက်က မြန်မာအလံနဲ့ ကြိုးဝိုင်းထဲမှာ ဓာတ်ပုံရိုက်လိုက်မိတယ်။ ဘာကြောင့်လဲတော့ သေချာမသိပေမဲ့ UFC က အခုထိ ကျွန်တော့်ကို မြန်မာနိုင်ငံအလံ ကိုင်ခွင့်မပြုသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ပွဲတိုင်းသယ်သွားတယ်။ ကိုင်ခွင့်ရဖို့လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်။

RFA - ဂျော့ရှုဝါဗန် ရဲ့ဘဝမှာ လေးစားအားကျတဲ့သူ ဆိုရင် ဘယ်သူဖြစ်မလဲ။

ဂျော့ရှုဝါဗန် - ဘဝအတွက် သူရဲကောင်းကတော့ ကျွန်တော်လေးစားချစ်မြတ်နိုးရတဲ့ အမေပဲဗျာ။ ကျွန်တော်အမေအတွက်သာ မဟုတ်ဘူးဆိုရင် ကျွန်တော် ဒီမှာရှိနေမှာမဟုတ်ဘူး။ အားကစားသမားတွေထဲက ကျွန်တော်ရဲ့ ဟီးရိုးက ဘယ်သူလဲဆိုရင်တော့ ခရစ္စတီရာနို ရော်နယ်ဒိုပဲ။ သူ အောင်မြင်အောင် ကြိုးကြိုးစားစားလုပ်ခဲ့တာကို ကျွန်တော်သိပ်အားကျတယ်။ ကျွန်တော့်ရဲ့ဟီးရိုးက ကျွန်တော့်အမေပါပဲ။

RFA - ခရစ္စတီရာနို ရော်နယ်ဒို ကို ကြိုက်တယ်ဆိုတော့ ငယ်ငယ်က ဘောလုံးကန်တာရော ဝါသနာပါတာလား။

ဂျော့ရှုဝါဗန် - ဟုတ်တယ်။ ဘောလုံးလည်း ကစားခဲ့တယ်။ ဒီကိုစရောက်ရောက်ချင်းကတော့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်ဖို့ အိပ်မက်မက်ခဲ့တာ။ ခင်ဗျားသိတဲ့အတိုင်းပဲ ကျောင်းပွဲတွေမှာ ကစားရင် တစ်ဖက်က စာမှာ အဆင့်ကျကျလာတော့ ကျွန်တော့်ကို စာဘက်စိတ်မပါဘူးဆိုပြီး ပေးမကစားတော့ဘူး။ ပြီးတော့ ကျွန်တော်ကလည်း ကိုယ့်ကို လာအနိုင်ကျင့်မယ်လုပ်တာနဲ့ ထိုးမယ်ကြိတ်မယ်ဆိုတော့ဗျာ နောက်ဆုံး ဘောလုံးဘက် ဆက်မကစားဖြစ်တော့ဘူး။ အသင်းထဲကနေ ထွက်လိုက်တယ်။

RFA - ကျွန်တော့် ဂျော့အကြောင်းရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်ရတယ်။ လမ်းပေါ်မှာ ဟိုထိုးဒီထိုး လိုက်ထိုးနေတဲ့ ကောင်လေးက ဒီနေ့ UFC ကြိုးဝိုင်းထဲ ထိရောက်လာတယ်ဆိုပြီး ရေးထားတာတွေ့တယ်။ ပြီးတော့ ဘရုစ်လီ (Bruce Lee) ကိုလည်း အားကျတယ်ဆို။

ဂျော့ရှုဝါဗန် - ဟုတ်တယ်။ ကျွန်တော် ဘရုစ်လီကို ငယ်ငယ်ကတည်းက တော်တော်အားကျခဲ့တာ။ ငယ်ငယ်ကဆို ဘရုစ်လီ DVD အခွေတွေကို တခုတ်တရ သိမ်းထားခဲ့သေးတာ။ ကျွန်တော့်အမတွေနဲ့လည်း ခဏခဏကြည့်တယ်။ ဘရုစ်လီအကွက်တွေ ကြည့်ကြည့်ပြီး အပြင်မှာ သူလုပ်သလိုတွေ ကျွန်တော် လိုက်လိုက်လုပ်တော့တာပဲ။

မိခင်နှင့်အတူ တွေ့ရသည့် လက်ဝှေ့ကစားသမား ဂျော့ရှုဝါဗန် (Joushua Fearless Van)။
မိခင်နှင့်အတူ တွေ့ရသည့် လက်ဝှေ့ကစားသမား ဂျော့ရှုဝါဗန် (Joushua Fearless Van)။
RFA - ချင်းပြည်နယ် ရွာလေးရွာတစ်ရွာကနေ ဒီနေ့အထိ ရောက်လာအောင် ဘယ်အရာတွေက တွန်းအားပေးခဲ့တာလဲ။

ဂျော့ရှုဝါဗန် - ဒီအထိရောက်လာအောင် ဘယ်အရာတွေက တွန်းအားပေးခဲ့လဲဆို ကျွန်တော့်မိသားစု၊ ကျွန်တော့်မွေးရပ်တိုင်းပြည်လို့ပြောရမှာပဲ။ မြန်မာပြည်ကို လူတော်တော်များများက မသိကြဘူးဗျာ။ အဲဒါ ကျွန်တော် တော်တော်လေးခံစားရတယ်။ မြန်မာဆိုတာဘာလဲ ကမ္ဘာကြီးကို ကျွန်တော်ပေးသိချင်တယ်။ ချင်းပြည်ဆိုတာ ဘာလဲ ကမ္ဘာကြီးကို ကျွန်တော်ပေးသိချင်တယ်။ အဲဒါ ကျွန်တော့်အတွက်တော့ အကြီးမားဆုံး Motivation ပဲ။ နောက်တစ်ခုကတော့ ကျွန်တော့်မိသားစုပေါ့။ ကျွန်တော့်မိသားစုကို သာယာပျော်ရွှင်စရာ ပြည့်ပြည့်စုံစုံဘဝတစ်ခု ဖန်တီးပေးချင်တယ်ဗျာ။

RFA - ဘာလို့ မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေက သိပ်မသိကြဘူးလို့ ပြောနိုင်တာလဲ။

ဂျော့ရှုဝါဗန် - ဘယ်နိုင်ငံကလဲဆိုပြီး ပရိသတ်တွေက မေးကြတဲ့အခါ မြန်မာပြည်ကလို့ ပြန်ပြောတိုင်း ဘယ်သူမှမသိကြဘူး။ အဲဒါ ဘယ်နားမှာလဲ နိုင်ငံလားဆိုပြီး ပြန်ပြန်မေးကြတယ်။ ထိုင်းနိုင်ငံကလာတာလို့ ပြောကြည့်၊ သူတို့ အကုန်သိကြတယ်။ မြန်မာဆို မသိကြဘူး။ ကျွန်တော်တို့ မြန်မာနဲ့ ထိုင်းဆိုတာ ကပ်နေတာလေဗျာ။ ဒီလောက် ကပ်နေတာတောင် မြန်မာဆို မသိကြဘူး၊ ထိုင်းပဲသိကြတယ်။ ကျွန်တော်က တစ်ကမ္ဘာလုံးကို မြန်မာဆိုတာ ဘာလဲ သိစေချင်တာ။

RFA - ဂျော့လို ဖြစ်ချင်ကြတဲ့ မြန်မာပြည်က လူငယ်တွေကိုရော ဘာအကြံပေးချင်လဲ။

ဂျော့ရှုဝါဗန် - လူငယ်တွေကို ဘာပြောချင်လဲဆိုရင် ကိုယ်လုပ်သမျှကို အဆုံးထိရောက်အောင်လုပ်ဖို့ ကျွန်တော်ပြောချင်တယ်။ လူငယ်တွေတော်တော်များများက အောင်မြင်မှုကိုပဲလိုချင်ကြတယ်။ အောင်မြင်တဲ့သူတွေ ဒီနေ့ ဒီနေရာရောက်အောင် ဘယ်လိုကြိုးစားလဲဆိုတာကို သိပ်မကြည့်ကြဘူး။ သူတို့ ဘယ်လိုအောင်မြင်လာလဲဆိုတာ ကြည့်ဖို့လိုတယ်။ အခက်အခဲတွေ ရှိမယ်။ ကျရှုံးမှုတွေ ရှိမယ်။ ဒါပေမဲ့ ကိုယ်က တစ်ခုခုလုပ်ဖို့စလိုက်ပြီ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ ကြိုးစားဖို့လိုတယ်။ အဆုံးထိရောက်အောင်လုပ်ဖို့လိုတယ်။ လက်ဝှေ့ထိုးတဲ့ နေရာပဲဖြစ်ဖြစ်၊ ဘဝမှာ ဘယ်အရာပဲဖြစ်ဖြစ် ကြိုးကြိုးစားစားလုပ်စေချင်တယ်။

RFA - မြန်မာလူမျိုးတွေက ဂျော့ထိုးတိုင်း အရမ်းအားပေးတာ တွေ့ရတယ်။ သူတို့ကိုရော ဘာပြောချင်သေးလဲ။

ဂျော့ရှုဝါဗန် -ကျွန်တော့်ကို အားပေးတဲ့သူတွေအတွက် ကျွန်တော့်အကောင်းဆုံးကြိုးစားနေပါတယ်။ ကျွန်တော်တို့ ချင်းလူမျိုးတွေကိုလည်း ကျေးဇူးတင်ပါတယ်။

RFA - ဘယ်အထိ ဆက်ထိုးသွားဖို့ရှိလဲ။ တစ်နေ့ UFC ချန်ပီယံဖြစ်လာဖို့ထိ မျှော်မှန်းထားလား။

ဂျော့ရှုဝါဗန် -ချန်ပီယံဖြစ်ဖို့က ကျွန်တော်ရဲ့ ရည်မှန်းချက်ပန်းတိုင်ပါပဲဗျာ။ ကျွန်တော် UFC ကို မဝင်ရခင်မှာလည်း တစ်နေ့ ဒီနေရာကိုရောက်ကို ရောက်ရမယ်လို့ ရည်မှန်းထားပြီးသား။ အခု UFC ကိုရောက်လာပြီဆိုတော့ ကျွန်တော်ရဲ့ နောက်ထပ်ပန်းတိုင်က ချန်ပီယံဖြစ်ဖို့ပဲ။ ချန်ပီယံဖြစ်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်။

RFA - နောက်တစ်ပွဲထိုးဖို့ ဘယ်တော့လောက်ဖြစ်မလဲ။

ဂျော့ရှုဝါဗန် - ဟုတ်ကဲ့။ နောက်ထပ်ပွဲတွေ ထပ်ထိုးရဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ ဒီနှစ်ထဲမှာ ပွဲတော်တော်များများထိုးဖို့ မျှော်လင့်ထားတယ်။ ဒီလကုန်ပိုင်းလောက်တော့ နောက်ထပ် ဘာပွဲထိုးမလဲဆိုတာ ကျွန်တော့်ပရိသတ်တွေကို ပြောပြနိုင်မယ်ထင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။