မုန်တိုင်းသင့်သူတွေဆီ နိုင်ငံတကာ အမြန်ဝင်ရောက်ကူညီသင့်
2023.05.18
ရခိုင်ပြည်နယ်မှာ ဆိုင်ကလုန်း မိုခါဒဏ်ခံရတဲ့ ပြည်သူတွေဆီကို လိုအပ်နေတဲ့အကူအညီတွေ သွားရောက်ပေးအပ်ခွင့်ရဖို့ စစ်ကောင်စီရဲ့ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ရဲ့ ပြောခွင့်ရ ပီးရာ့စ် ပဲရန် က မေလ ၁၈ ရက်နေ့က ပြောလိုက်ပါတယ်။
လူပေါင်းသိန်းချီ သေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးချိန်မှာ အဲဒီအချိန်ကစစ်အစိုးရဟာ နိုင်ငံတကာ အကူအညီတွေ ဝင်ရောက်ခွင့်ပြုဖို့ နှောင့်နှေးခဲ့သလို ထပ်ဖြစ်မယ့် လမ်းကြောင်းပေါ် ရောက်နေပြီလားလို့ လေ့လာသုံးသပ်သူတွေက စိုးရိမ်ပူပန်နေကြပါတယ်။ နာဂစ်မုန်တိုင်းပြန်လည်ထူထောင်ရေးကာလမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ခဲ့တဲ့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေးဗစ် မက်သီဆန် (David Scott Mathieson)ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
_____________
RFA: နာဂစ်မုန်တိုင်းအတွင်း ရခဲ့တဲ့ အတွေ့အကြုံတွေအရပေါ့။ အခု မိုခါမုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်နယ်နဲ့ အခြားဒေသတွေက အခြေအနေတွေကို ဘယ်လိုများ သုံးသပ်ပါသလဲ။
■ နာဂစ် မုန်တိုင်းကာလတုန်းက ကြိုတင်သတိပေးမှုနဲ့ လူထုရဲ့အသိတရားက အခုလောက် အားမကောင်းခဲ့ဘူး။ အခုအချိန်မှာ လူတိုင်းလိုလိုမှာ မိုဘိုင်းဖုန်းတွေ ရှိနေတော့ မုန်တိုင်းအခြေအနေအကြောင်း အချက်အလက်တွေကို နည်းအမျိုးမျိုးနဲ့ရပြီး၊ ထိထိရောက်ရောက် ပြင်ဆင်နိုင်ခဲ့ကြတယ်။ နာဂစ်တုန်းကနဲ့မတူတဲ့ အရေးကြီးတဲ့ အချက်တစ်ခုက အလုပ်လုပ်ပေးမယ့် actor တွေ တစ်ခုထက်မက ရှိနေတာကြောင့်ပဲ။ စစ်ကောင်စီနဲ့ မြန်မာစစ်တပ်အပြင်၊ ရက္ခိုင့်တပ်တော် (AA)ကလည်း မုန်တိုင်းမလာခင်မှာ လူတစ်သိန်းကျော်လောက် ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ ကြားရတာ အောင်မြင်မှုတစ်ခုပဲ။ မိုခါမုန်တိုင်းက တော်တော်လေး ပြင်းထန်တဲ့အပြင် ဖြတ်သွားတဲ့လမ်းကြောင်းကလည်း ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်တွေ ဖြစ်နေတယ်။ အားလုံးက စစ်ရေးပဋိပက္ခတွေဖြစ်နေပြီး စစ်ဘေးဒုက္ခသည်တွေ အမြောက်အမြားရှိနေတဲ့ ဒေသတွေပါ။ ဒါပေမဲ့ ဒေသခံပြည်သူတွေက အစိုးရနဲ့ အာဏာပိုင်တွေ ဦးဆောင်ပြီး လုပ်ပေးမှာကို မျှော်လင့်မနေကြတော့ဘဲ ကိုယ့်အားကိုယ်ကိုးပြီး ရွှေ့ပြောင်းကြတယ်။ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို မယုံကြည်တာကြောင့်လည်း ပါတာပေါ့။ အဓိကကတော့ ပြည်သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းရဲ့ ကိုယ်ထူကိုယ်ထ ဆောင်ရွက်မှုနဲ့ AA လို လက်နက်ကိုင်အဖွဲ့က ပြည်သူတွေရဲ့အကျိုးအတွက် အလေးထားဆောင်ရွက်မှုကြောင့် အသေအပျောက်နည်းတာလို့ ထင်ပါတယ်။ ကုလသမဂ္ဂအနေနဲ့လည်း စစ်ကောင်စီရဲ့ခွင့်ပြုချက်ကို ထိုင်စောင့်မယ့်အစား၊ အရပ်ဘက် အဖွဲ့တွေ၊ AA နဲ့ ဒေသခံ PDF အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်စရာ ရှိတာ ဆက်လုပ်သင့်ပြီလို့ထင်ပါတယ်။
RFA: အခုအချိန်မှာ မိုခါမုန်တိုင်းဒဏ် ခံနေရတဲ့ ပြည်သူတွေက အရေးပေါ် အကူအညီတွေရဖို့ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီက နိုင်ငံတကာ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို သွားရောက်ခွင့်ပြုဖို့ အလားအလာကို ဘယ်လို သုံးသပ်ပါသလဲ။
■ အခုအချိန်မှာ ကြိုတင်ခန့်မှန်းဖို့ မဖြစ်နိုင်သလောက်ပါပဲ။ စစ်ကောင်စီရဲ့ စဉ်းစားတွက်ချက်ပုံအပေါ်မှာ မူတည်နေပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ မြန်မာနိုင်ငံသားဝန်ထမ်းတွေကို ခွင့်ပြုနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ကုလသမဂ္ဂကို သွားရောက်ခွင့်မပြုဘူးလို့ ပြောတာက နိုင်ငံခြားသားဝန်ထမ်းတွေကို ခွင့်မပြုတာ ဖြစ်နေပါတယ်။ နိုင်ငံခြားသားဝန်ထမ်းတွေ သွားခွင့်မရပေမဲ့ အရည်အချင်းပြည့်ဝတဲ့ မြန်မာဝန်ထမ်းတွေ သွားရောက်ပြီး အကူအညီတွေ ပေးခွင့်ရမယ်ဆိုရင်လည်း အလုပ်ဖြစ်နိုင်ပါတယ်။ အခြားအရပ်ဘက်အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂနဲ့ အန်ဂျီအိုအဖွဲ့တွေရဲ့ ဒေသတွင်းမိတ်ဖက်အဖွဲ့တွေကနေ တစ်ဆင့်လည်း အကူအညီတွေကို ဖြန့်ဝေနိုင်ပါတယ်။ မြန်မာနိုင်ငံတွင်းက ပဋိပက္ခဒေသတွေမှာ ဒီလိုလုပ်နေတာ ကြာပါပြီ။ လွန်ခဲ့တဲ့ ရှစ်နှစ်က ရခိုင်ပြည်နယ်အနှံ့မှာ ရေကြီးရေလျှံတာတွေ ဖြစ်တုန်းက ဒီလိုပဲ ဒေသခံအရပ်ဘက်အဖွဲ့တွေက ထိထိရောက်ရောက် အကူအညီတွေ ပေးနိုင်ခဲ့တဲ့ အတွေ့အကြုံရှိပါတယ်။ အကောင်းဆုံးဖြစ်စေချင်တာကတော့ နာဂစ်မုန်တိုင်းကာလနောက်ပိုင်းမှာ အကူအညီပေးရေးအဖွဲ့တွေကို အကန့်အသတ်မရှိ သွားရောက်ခွင့်ပြုလိုက်သလိုမျိုး ဖြစ်လာရင်တော့ အကောင်းဆုံးပါပဲ။
RFA: စစ်ကောင်စီကလည်း မုန်တိုင်းဒဏ်ခံဒေသက ပြည်သူတွေအတွက် အကူအညီတွေပေးဖို့ လုပ်နေပါတယ်ဆိုပြီး နိုင်ငံပိုင်မီဒီယာတွေမှာ သတင်းတွေ ထုတ်လွှင့်နေတာ တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ အကူအညီတွေက လုံလောက်မှုရှိမယ်လို့ ထင်ပါသလား။
■ စစ်ကောင်စီက ဘယ်လိုနည်းနဲ့မှ အားကိုးလို့ရတဲ့ အနေအထားမရှိပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်မှာ လုံလောက်မှု မရှိကြောင်း ကိန်းဂဏန်းအချက်အလက်တွေ မရှိသေးပါဘူး။ စစ်ကောင်စီကို ယုံစားလို့ မရပါဘူး။ လောလောဆယ်တော့ ကျွန်တော်တို့ ရခိုင်နဲ့ အခြားမုန်တိုင်းဒဏ်ခံဒေသက ပြည်သူတွေရဲ့အသံကို ဆက်ပြီး စောင့်ကြည့်နေဆဲဖြစ်ပါတယ်။
RFA: စစ်ကောင်စီက ဘယ်လိုအကြောင်းကြောင့် အကူအညီပေးရေးအဖွဲ့တွေကို ခွင့်ပြုဖို့ နှောင့်နှေးနေတာ လို့ ထင်ပါသလဲ။ ရက္ခိုင့်တပ်တော်နဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုကြောင့် ဖြစ်မလား။
■ AA နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုက အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါတယ်။ စစ်ခေါင်းဆောင်တွေရဲ့ထင်မြင်ယူဆချက်နဲ့ တကယ့် မြေပြင်က အခြေအနေနဲ့က အမြဲတမ်းတစ်ထပ်တည်း မဖြစ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကြားလူတွေကတစ်ဆင့် AA နဲ့ ညှိနှိုင်းပြီး၊ ရခိုင်ပြည်နယ်မှာ သူ့ဇုန်၊ ကိုယ့်ဇုန် ခွဲထားပြီးအကူအညီပေးတဲ့ အလုပ်တွေ လုပ်လို့ရပါတယ်။ သဘာဝဘေး အန္တရာယ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီဖို့ ပဋိပက္ခတွေ ထပ်ဖြစ်စရာ မလိုပါဘူး။ မုန်တိုင်းဒဏ်ခံရတဲ့ဒေသက ပြည်သူတွေ ပြန်လည် ထူထောင်နိုင်တဲ့ အခြေအနေရောက်တဲ့အထိ တိုက်ခိုက်မှုတွေကို ရပ်ထားဖို့ လိုပါတယ်။ စစ်ကောင်စီနဲ့ AA တို့ဟာ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ မလုပ်နိုင်ရင်တောင် သူ့နယ်မြေ၊ ကိုယ့်နယ်မြေခွဲခြားပြီး အကူအညီပေးရေးအလုပ်တွေ လုပ်ဖို့လာတဲ့ ကုလသမဂ္ဂနဲ့အန်ဂျီအိုတွေကို အတားအဆီးမရှိ ခွင့်ပြုဖို့ နဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ပါဝင်ခွင့်ပေးဖို့ လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။