မြန်မာပြည်စစ်ရေးအပေါ် ဩစတြေးလျက မြန်မာ့အရေးသုတေသီနဲ့ မေးမြန်းချက်
2023.12.19
မြန်မာနိုင်ငံအနှံ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ ကြုံနေရတဲ့ မြန်မာစစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ အပစ်ရပ် သဘောတူညီချက်ရဖို့ ကြိုးစားနေပေမဲ့ အောင်မြင်နိုင်ခြေမရှိဘူးလို့ သြစတြေးလျ အမျိုးသားတက္ကသိုလ် (ANU) က မြန်မာ့အရေးသုတေသီ ဟန်တာ မာစတင် (Hunter Marston) က သုံးသပ်ပါတယ်။ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု အတိုင်းအတာဟာ တော်လှန်ရေးအင်အားစုတွေဘက်က အောင်ပွဲခံဖို့ အရေးကြီးတဲ့ အဆုံးအဖြတ် ဖြစ်လာလိမ့်မယ်လို့လည်း သူက သုံးသပ်ပါတယ်။ ဟန်တာ မာစတင် ကို ကိုရဲခေါင်မြင့်မောင် ဆက်သွယ်မေးမြန်းထားပါတယ်။
_____________
RFA - အခုအချိန်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့ နောက်ပိုင်း ၁၁၁၁ စစ်ဆင်ရေးတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်ရနေပြီး စစ်ကောင်စီဟာ မြို့ရွာတွေ၊ စစ်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေပါတယ်။ အခုဖြစ်နေတဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် မြန်မာပြည်သူတွေနဲ့ အခြား သက်ဆိုင်သူတွေ NUG ၊ PDF နဲ့ တိုင်းရင်းသားအဖွဲ့တွေအတွက်ရော၊ စစ်ကောင်စီအတွက်ပါ ဘယ်လိုရလဒ်တွေ ထွက်လာနိုင်တယ်လို့ သုံးသပ်ပါသလဲ။
■ မြန်မာပြည်သူတွေအတွက်တော့ ကံဆိုးစွာနဲ့ပဲ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ အချိန်ပိုကြာပြီး ဆင်းရဲဒုက္ခတွေခံရမဲ့ အချိန် ပိုကြာဦးမဲ့ သဘောဖြစ်ပါတယ်။ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေ အားလုံးအတွက်ကတော့ အချိန်ကြာတာနဲ့အမျှ အချင်းချင်း ဆက်သွယ်ပြောဆိုမှုနဲ့ ပူးပေါင်းဆောက်ရွက်မှုတွေ ပိုအားကောင်းလာပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုအရှိန်ရလာမယ့် သဘောလို့ ထင်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကလည်း နေ့ချင်းညချင်း ကျဆုံးမှာတော့ မဟုတ်သေးပါဘူး။ စစ်တပ်အတွက်ကတော့ သူတို့နဲ့ ဝိတ်တန်းတူတဲ့ ရန်သူ ရှိနေပြီဆိုတာ အခုမှ လက်ခံတဲ့သဘောပါ။ ရခိုင်ပြည်နယ်ဘက်က တိုက်ပွဲတွေ ပိုပြင်းထန်လာမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ လက်ရှိ အခြေအနေအတိုင်း ထိန်းထားဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့်လည်း တရုတ်အကူအညီနဲ့ ရှမ်းပြည်နယ်ဘက်မှာ အမြန်ဆုံး အပစ်ရပ်ဖို့ ကြိုးစားလာတာပါ။ ရှမ်းမြောက်မှာ ငြိမ်သွားမှ ရခိုင်မှာ AA နဲ့ ပြည်မက PDF တပ်ဖွဲ့တွေဘက်ကို အာရုံစိုက်ပြီး ဖိတိုက်လို့ရမှာ ဖြစ်ပါတယ်။
RFA - မြန်မာစစ်တပ်က တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ကိုးကန့်အဖွဲ့နဲ့ အပစ်ရပ်သဘောတူညီချက် ယူလိုက်တာ တွေ့ရပါတယ်။ စစ်ကောင်စီက အခြားအဖွဲ့တွေနဲ့ရော စေ့စပ်ညှိနှိုင်းပြီး လုံးဝအပစ်ရပ်သွားအောင် လုပ်နိုင်မယ် ထင်ပါသလား။
■ စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းတဲ့နေရာမှာ အင်ဒိုနီးရှားနိုင်ငံကလည်း အသံတိတ် သံတမန်နည်းလမ်းနဲ့ ကြားဝင်ပြီး ညှိနှိုင်းပေးဖို့ ကြိုးစားနေတဲ့ အကြောင်းလည်း တွေ့ရပါတယ်။ အတည်ပြုနိုင်ဖို့တော့ ခက်ခဲပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ စစ်တပ်က အာဏာ မစွန့်လွှတ်သရွေ့ စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ ပြောထားပါတယ်။ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေဘက်ကလည်း အခုအချိန်မှာ အာဏာစွန့်လွှတ်ဖို့ လက်ခံဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် လျှို့ဝှက်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ ရှိနိုင်ပေမဲ့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းပြီး စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ဖို့ လက်ရှိအချိန်မှာ ဖြစ်နိုင်ခြေမရှိသေးပါဘူး။ တရုတ်က ကြားဝင်ညှိနှိုင်းပေးလို့ MNDAA ကိုးကန့်အဖွဲ့က အပစ်ရပ်လိုက်တာဟာ အခြားမြောက်ပိုင်းညီနောင်မဟာမိတ် အဖွဲ့တွေမပါဝင်တဲ့အတွက် ယာယီပဲ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ရက္ခိုင့်တပ်တော် (AA) က အပစ်ရပ်မဲ့ အလားအလာ မရှိဘူးလို့ ထင်ပါတယ်။
RFA - လက်ရှိ စစ်ရေးပဋိပက္ခတွေဟာ ဘယ်လိုပုံစံနဲ့ အဆုံးသတ်သွားမလဲ။ ဘယ်ဘက်ကမှ အောင်ပွဲမခံနိုင်သေးရင် အရင်ကလို နှစ်ဖက်လုံး ရှေ့မတိုး၊ နောက်မဆုတ်နိုင်တဲ့ (Stalemate) အခြေအနေကို ပြန်ရောက်သွားတာမျိုးရော ဖြစ်နိုင်ပါသလား။
■ အခုလက်ရှိ အခြေအနေက ရှေ့မတိုး နောက်မဆုတ်တဲ့ (Stalemate) အခြေအနေတော့ မဟုတ်ပါဘူး။ အခုအချိန်မှာ တော်လှန်ရေးအင်အားစုတွေဘက်က အဆက်မပြတ် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်က ခံစစ်ဖြစ်နေပါတယ်။ စစ်ခေါင်းဆောင်တွေဟာ နေပြည်တော်မှာ အခြေစိုက်ပြီး ခုခံစစ်အတွက် အစွမ်းကုန်ပြင်ဆင်ထားဖို့ ဖြစ်နိုင်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့တွေကိုလည်း ထိန်းလို့ ရသလောက် ထိန်းထားပါလိမ့်မယ်။ ဒီစစ်ရေးပဋိပက္ခတွေဟာ နောက်ထပ် နှစ်နှစ်ကနေ သုံးနှစ်လောက်အထိ ဆက်ဖြစ်နေနိုင်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို မုန်းတီးစက်ဆုပ်မှုနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံမှုတွေ ရှိနေတဲ့အတွက် အဆုံးမှာ တော်လှန်ရေး အင်အားစုတွေဘက်က အောင်ပွဲရမှာကတော့ သေချာပါတယ်။ ဒီလိုဖြစ်ဖို့ ဘယ်လောက်ကြာမလဲ ဆိုတာ ပြောဖို့ ခက်ပါသေးတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က အောင်ပွဲခံနိုင်ဖို့ အရေးကြီးတဲ့ အဆုံးအဖြတ်တစ်ခုက မြန်မာနိုင်ငံအနောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) က စစ်တပ်ကို ဘယ်လောက် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နိုင်မလဲဆိုတဲ့အချက်အပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ်။ မြန်မာစစ်တပ်ဟာ နိုင်ငံမြောက်ပိုင်းမှာ စစ်မျက်နှာဖွင့်ထားရပြီး အလယ်ပိုင်းက မြို့ကြီးတွေကိုလည်း ထိန်းထားဖို့ ကြိုးစားနေရတဲ့ အချိန်မှာ ရခိုင်ပြည်နယ်ဘက်မှာလည်း စစ်မျက်နှာဖွင့်ပြီး တိုက်လာရမယ်ဆိုရင် ရေရှည်ဆက်ပြီး ရပ်တည်နိုင်တော့မှာ မဟုတ်ပါဘူး။