ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူးရီးဒူနဲ့ ဆက်သွယ်မေးမြန်းချက်

2023.11.17

နိုဝင်ဘာ ၁၁ ရက်နေ့က ကယားပြည်နယ်မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ တစ်လေးလုံးစစ်ဆင်ရေး စတင်လိုက်ပြီးနောက် စစ်ကောင်စီတပ်တွေရှိတဲ့ လွိုင်ကော်မြို့အပါအဝင်နေရာအချို့ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ လွိုင်ကော်မြို့ကိုရအောင် တိုက်ခိုက်သိမ်းယူသွားမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။ ခူးရီးဒူကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။
_______

RFA- ခူးရီးဒူတို့ KNDF က တစ်လေးလုံးစစ်ဆင်ရေးစတင်လိုက်တဲ့ လေးငါးရက်အတွင်းမှာပဲ ကယားပြည်နယ်မှာ တိုက်ပွဲတွေ အရင်ကထက် ပြင်းထန်လာတယ်။ အခုလက်ရှိ တိုက်ပွဲအခြေအနေကို ပြောပြပါဦး။

ခူးရီးဒူ - ကျွန်တော်တို့ နွေဦးတော်လှန်ရေးစစချင်း ဖြစ်ခဲ့တဲ့အချိန်မှာပဲ ကရင်နီပြည်နယ်မှာတော့ သုံးနှစ်နီးပါးပေါ့နော်။ ကျွန်တော်တို့ တိုက်တဲ့ထဲမှာ ဒီ ၁၁၁၁ operation တိုက်ပွဲက အပြင်းထန်ဆုံးလို့ ကျွန်တော့် တစ်ဦးတစ်ယောက်အနေနဲ့တော့ မှတ်ချက်ပြုလိုတယ်။ အရင်တုန်းက ကျွန်တော်တို့ တိုက်တယ်။ စခန်းတွေတက်သိမ်းတာတွေရှိတယ်။ ပြီးတော့မှ ရိက္ခာတန်းတွေ ဖြတ်တောက်တာတွေရှိတယ်။ ပြီးတော့ သူတို့အထိုင်စခန်းတွေကို ကျွန်တော်တို့ ဝင်ပြီးတော့မှ တိုက်တာတွေရှိတာပေါ့လေ။ ဒါပေမဲ့ ဒီကနေ့ ဒီအချိန် ၁၁၁၁ လောက်အထိတော့ မပြင်းထန်ခဲ့ဘူးပေါ့။ လက်ရှိ ၁၁၁၁ စစ်ဆင်ရေးက အကြီးကျယ်ဆုံးလို့ ကျွန်တော်တို့ ပြောလို့ရတာပေါ့။

RFA- ဒီစစ်ဆင်ရေး စပြီးတဲ့နောက် အခုဆို ဒေသခံပြည်သူတွေကို ဘေးလွတ်ရာ ရှောင်ဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။ တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ဒေသခံအများစု ရှိနေတယ်လို့ ပြောတာတွေ တွေ့ရတယ်။ ပိတ်မိနေတဲ့ ဒေသခံတွေနဲ့ တိုက်ပွဲဧရိယာတွေတစ်ဝိုက်က ပြည်သူတွေ အခြေအနေ ဘယ်လိုရှိလဲရှင့်။

ခူးရီးဒူ - ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအဖွဲ့ကတော့ လမ်းဖွင့်ပေးထားတယ်။ ကျွန်တော်တို့ကယ်နိုင်တဲ့ သူတွေကိုကျွန်တော်တို့ ကယ်တယ်။ ပြီးတော့မှ ကျွန်တော်တို့အပြင်ရောက်အောင်ထုတ်တယ်။ ကျွန်တော်တို့ပြောချင်တာက ကျွန်တော်တို့ကျန်ရှိနေသေးတဲ့ မြို့ထဲမှာရှိနေသေးတဲ့ ပြည်သူလူထုတွေကတော့ အမြန်ဆုံးရှောင်လိုက်ဖို့ ကျွန်တော်တို့တွေအနေနဲ့ ပြောကြားလိုတာပါ။ ကျွန်တော်တို့ လက်ရှိလုပ်နေတဲ့ ၁၁၁၁ စစ်ဆင်ရေးက ရပ်တန့်သွားမှာမဟုတ်ဘူး။ ရှေ့ဆက်တိုးဖို့ပဲရှိတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူအနေနဲ့ ရှောင်ထားရင်တော့ အကောင်းဆုံးပါလို့ အကြံပြုခြင်းပါ။ ပထမတစ်ချက်လူထုပေ့ါလေ။ ပိတ်မိနေတဲ့လူထုကို ကျွန်တော်တို့ မရရရတဲ့နည်းနဲ့ ကျွန်တော်တို့ကယ်ထုတ်တယ်။ ဒါကကျွန်တော်တို့ ဥပဒေထဲမှာလည်း ပါပြီးသားပါ။ ကျွန်တော်တို့လမ်းစဉ်ထဲမှာ။ လူထုထိခိုက်မှုမရှိရေးပေါ့လေ။ နောက်တစ်ချက် လူထုလုံခြုံရေးကို ကျွန်တော်တို့ပေးနိုင်ဖို့အတွက် ကျွန်တော်တို့လုပ်ဆောင်နေတယ်။

RFA- စစ်ဆင်ရေးကာလမှာ အခုစစ်ကောင်စီဘက်က တပ်ရင်းလိုက် လက်နက်ချလာတာတွေ တွေ့ရတယ်။ အခုလို လက်နက်ချလာတဲ့ စစ်သားတွေ၊ ဖမ်းမိတဲ့ စစ်သားတွေနဲ့ပတ်သက်လို့ရော ခူးရီးဒူ တို့ KNDF က ဘာတွေ ဆက်လုပ်သွားဖို့ ရှိမလဲ။

ခူးရီးဒူ - လက်ရှိမှာတော့ ကျွန်တော်တို့ ကြားကာလစီမံအုပ်ချုပ်ရေးရှိတယ်။ IEC ပေါ့လေ။ ကျွန်တော်တို့ KNDF ပဲ ဖြစ်ဖြစ် ကျန်တဲ့တော်လှန်ရေးအင်အားစုမှာပဲ ဖြစ်ဖြစ် စစ်သုံ့ပန်းဥပဒေဆိုတာရှိတယ်။ ဖမ်းမိတဲ့အချိန်မှာ ကျွန်တော်တို့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်တယ်။ ကျွန်တော်တို့ ကရင်နီပြည်ရဲ့ ဌာနကို လွှဲအပ်တယ်ပေါ့လေ။ ကရင်နီပြည်နယ်ရဲ့ ဌာနက တစ်ဆင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးစီမံထံကို အပ်သွားမှာပါ။ ဒါက နိုင်ငံတကာဥပဒေနဲ့ လုပ်သွားမှာပေါ့လေ။ ကျွန်တော်တို့နဲ့ပူးပေါင်းပါ။ သက်သေထူတာကတော့ မြေပြင်မှာ သက်သေထူနေပါတယ်။ စစ်ကောင်စီတွေက မကြာခင်ပြိုလဲတော့မယ်။ မကြာခင် ကျရှုံးတော့မယ်ဆိုတာတော့ မြေပြင်မှာတော့ သူတိုကို သက်သေနဲ့တကွ မြင်တွေ့ပြီးပြီ။ နောက်ဆုံးတစ်ခုက စစ်ကောင်စီတပ်တွေ လက်ရှိမင်းအောင်လှိုင်ဦးဆောင်နေတဲ့တပ်တွေ သူတို့အတွက် တစ်ခုပဲ သူတို့ကြည့်တာပေါ့လေ။ သူတို့ရဲ့အောက်ခြေရဲဘော်တွေကို သူတို့ ကာကွယ်မပြုပေးနိုင်ဘူးဆိုတာလည်း အောက်ခြေရဲဘော်တွေက သိနေပြီ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့နဲ့ အမြန်ဆုံး ပူးပေါင်းဖို့ ကျွန်တော်တို့ ပြောလိုတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုက်တာက တစ်နေ့တစ်ချိန်ကျရင် ကျွန်တော်တို့သွားမယ့် ဖက်ထရယ်ပြည်ထောင်စုမှာ လွတ်လွတ်လပ်လပ် ကျွန်တော်တို့ အတူနေကြမယ်။ ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်ကြမယ်ပေါ့လေ။ လာပူးပေါင်းတဲ့သူတွေက နံပါတ်တစ်က အရေးအကြီးဆုံးက အသက်အာမခံချက်ပါ။ ဒါတော့ ကျွန်တော်တို့ လုံးဝအပြည့်ပေးထားပါတယ်။

RFA- ၁၁၁၁ စစ်ဆင်ရေးကို အရှိန်မြှင့်တင်နေတဲ့ ကယားပြည်နယ်မှာ တိုက်ပွဲအခြေအနေ ဘယ်လိုရှိလာနိုင်လဲ။

ခူးရီးဒူ - စစ်ကောင်စီက ကျွန်တော်တို့ပြည်နယ်မှာ မရှိတော့ဘူးဆိုရင်တော့ ကျွန်တော်တို့ ဦးဆုံးရပ်တန့်ရမှာပဲပေါ့။ ပြီးတော့မှ ကျွန်တော်တို့ကျန်တဲ့ NUG နဲ့ပဲ ဖြစ်ဖြစ် ကျန်တဲ့ တော်လှန်ရေးမဟာမိတ်တွေနဲ့ပေါင်းပြီး လိုအပ်တဲ့နေရာကို ကျွန်တော်တို့ ဆက်ပြီးတော့မှ တိုက်ရမှာပါပဲ။ ပထမဆုံးအနေနဲ့ ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ကောင်စီ ယန္တရားတွေအကုန်လုံးကို ကျွန်တော်တို့ အရင် ဖြိုချမယ်။ သူတို့စစ်ကောင်စီ ယန္တရားတွေ ထောက်တိုင်တွေအားလုံးကို ဖြိုချ မပြီးမချင်းတော့ ကျွန်တော်တို့ KNDF ရဲ့ တိုက်ပွဲတွေကတော့ ဆက်ရှိနေမှာပေါ့။ ဒါက တိုက်ပွဲဆိုတော့ သေသင့်တဲ့သူကတော့ သေရမှာပေါ့လေ။ သေခိုင်းစေချင်တာတော့မဟုတ်ဘူး။ အခု လေယာဉ်လာတာ လက်နက်ကြီးတို့က ဒါက ဘာကို ပုံအောလိုက်လည်းဆိုတော့ ကံကိုပဲ ပုံအောလိုက်တယ်။ စကားကုန်အောင်ပြောမယ်ဆိုရင် ကျွန်တော်တို့က အသက်မသေအောင် ကျွန်တော်တို့က အသက်ရှင်အောင်တိုက်နေတယ်။ တကယ်လို့ ထိပြီ သေပြီဆိုရင်လည်း မတတ်နိုင်ဘူး။ ဒါကတော့ ကျွန်တော်တို့ သမိုင်းပေးတာဝန်တစ်ခုကို ကျေပွန်စွာ ကျွန်တော်တို့ ထမ်းဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အတွေးအခေါ် ခံယူချက်တစ်ခုပေါ့လေ။ ကျွန်တော်တို့ ခေတ်မှာ ကျွန်တော်တို့တွေက တာဝန်မပျက်ကွက်ခဲ့ဘူး။ အကောင်းဆုံးပေးဆပ်ခဲ့တယ်။ ကျွန်တော်တို့ တာဝန်ကျေပွန်စွာ ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတဲ့ ခံယူချက်နဲ့ပဲ ကျွန်တော်တို့ တိုက်ပွဲဝင်နေတာပါ။ ကျွန်တော်တစ်ဦး တစ်ယောက်အနေနဲ့ရော တပ်ဖွဲ့ဝင်တွေအနေနဲ့ရော စစ်ကောင်စီနဲ့ မြေပြင်မှာရှိနေတဲ့နေရာမှာ ကျွန်တော်တို့အတွက် ပြသနာမရှိဘူး။ ဒါတော့ လွိုင်ကော်ရဲ့ အခြေအနေပေါ်မှာ အများကြီးမူတည်နေတာပေါ့။ လွိုင်ကော်သိမ်းနိုင်ခဲ့ရင် ကျန်ရှိနေသေးတဲ့မြို့ကိုလည်း ကျွန်တော်တို့ဆက်သိမ်းသွားပါမယ်။ ကျွန်တော်တို့ချန်ထားမှာ မဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ ကျည်အားလိုသေးတယ်။ ဒီအပေါ်မှာ လူထုတွေအနေနဲ့ ဆက်ပြီးတော့မှ ပံ့ပိုးပေးဖို့လေနော်။ အဲဒါ အခက်အခဲရှိတယ်။ တစ်ချို့နေရာတွေမှာ လူထုတွေရှောင်တိမ်းခြင်းမရှိဘဲ ရှိနေသေးတော့ တိုက်ပွဲတွေ ဖော်ဆောင်ရခက်တာပေါ့။ အဲ့ဒါကြောင့်မို့လည်း ကျွန်တော်တို့ လူထုကို အမြန်ဆုံးဆုတ်ခွာဖို့ ပြောတာပါ။ ကျွန်တော်တို့ လွိုင်ကော်ကိုသိမ်းနိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်တယ်။ ကျွန်တော်တို့ပြင်ဆင်တဲ့အတိုင်းလည်း ကျွန်တော်တို့ ဆက်ပြီးတော့မှ အခု‌လျှောက်နေတယ်ပေါ့လေ။ ကျွန်တော်တို့ဆက်သွားမှာပဲ။ ပြည်သူတွေအနေနဲ့ ဆက်ပြီးတော့မှ တောင့်ခံပေးဖို့ပေါ့လေ။ ကျွန်တော်တို့ကရင်နီပြည်သူလူထုကိုလည်း အကြိမ်ကြိမ်အခါခါ ဗုံးသံ လေယာဉ်သံကို ခံနေရပါပြီ။ အခုလက်ရှိမှာလည်း ဒီလိုမျိုး မြို့ပြတိုက်ပွဲကို စတင်လိုက်တာလည်း အခုန လူထုတွေက ဒီထက်ပိုပြီးတော့မှ တောင့်ခံပေးကြဖို့ပေါ့လေ။တစ်နေ့တစ်ချိန်ကျရင် ကျွန်တော်တို့လွတ်လပ်တဲ့ မျှတတဲ့ ဖော်ဆောင်နိုင်ဖို့ အခုကတည်းက ကျွန်တော်တို့တွေက စတင်ပြီးတော့မှ အုတ်မြစ်ချနေတယ်လို့ ကျွန်တော့်အနေနဲ့ အဲ့လိုမျိုး ပြောချင်တယ်။ ဒုတိယတစ်ချက်က လူထုတွေအနေနဲ့ ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက်ပေါ့လေ။ တကယ်လို့ ကရင်နီပြည်ထဲမှာ ရှိတယ်ဆိုရင် အနည်းဆုံးတော့ ကတုတ်ကျင်းတွေ တူးထားကြဖို့ ခိုင်ခိုင်မာမာတည်ဆောက်ကြဖို့ စစ်ကောင်စီရဲ့ ပုံမှန်လုပ်ဆောင်နေတဲ့ အရာက မြေပြင်မှာ ရှုံးမဲမဲပြီဆိုရင် လူထုတွေကို ဗုံးကျဲလေ့ရှိတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတယ်။ အဲတာကြောင့်မို့ အဲဒီဟာကနေ ကာကွယ်နိုင်ဖို့အတွက် လုံခြုံမှုရှိဖို့အတွက် လူထုတွေအနေနဲ့ ကတုတ်ကျင်းတွေကို အခိုင်အမာတည်ဆောက်ထားဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့ ပြောလိုတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။