Asia Times ဆောင်းပါးရှင် ပါမောက္ခ Mary Callahan နဲ့ မေးမြန်းချက်

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-07-21
Share

ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၅၀ရာခိုင်နှုန်း လောက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး၊ လူဦးရေ ၁၀သန်းကနေ ၁၅သန်းအထိ သေဆုံးနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက် ပါဝင်တဲ့ Asia Times မီဒီယာက ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်ထားတဲ့ post တွေ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့နေခဲ့ပါတယ်။ ဒီမူရင်း ဆောင်းပါးကို ရေးသားခဲ့တဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်တက္ကသိုလ်က မြန်မာ့အရေးလေ့လာသူ မေရီ ကာလာဟန်ကတော့ ဒါဟာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမယ့် အရေအတွက်ကို ဆိုလိုတာမဟုတ်ဘူးလို့ ပြောပါတယ်။ အခုအချိန်မှာ ကိုယ်တိုင် ကိုဗစ် ကိုဗစ်-၁၉ ပေါ့စတစ် ဖြစ်ပြီး ထိုင်းနိုင်ငံက ဘန်ကောက်မြို့မှာ ဆေးကုသမှု ကုသမှု ခံယူနေတဲ့ ဆရာမ မေရီ ကာလာဟန်ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA - ဟုတ်ကဲ့ ဆရာမ ခင်ဗျား။ အခုဆိုရင် ဆရာမရဲ့ Asia Times ဆောင်းပါးကို အခြေခံပြီး၊ မြန်မာနိုင်ငံမှာ လူ ၁၀သန်း ကနေ ၁၅ သန်းလောက်အထိ Covid ကြောင့် သေဆုံးနိုင်တယ်ဆိုတဲ့ ဘာသာပြန်ဆောင်းပါးတွေ လူထုကြားမှာ ပျံ့နှံ့နေပြီးတော့ အချို့လည်း ထိတ်လန့်မှုတွေ ဖြစ်နေပါတယ်။ မူရင်းဆောင်းပါးရှင်ဖြစ်တဲ့ ဆရာမအနေနဲ့ ဘာများ ရှင်းပြချင်ပါသလဲ။

ကျွန်မသိထားသလောက်ကတော့ ဖေ့စ်ဘွတ်ပေါ်မှာ လူသိများတဲ့ ပြည်တွင်း သတင်းဌာနတစ်ခုခုက ဒီဆောင်းပါးကို ဘာသာပြန်ပြီး ဖော်ပြတဲ့နေရာမှာ ကျွန်မဆိုလိုချင်တဲ့ အဓိပ္ပါယ် အပြည့်အစုံပါမသွားတာကြောင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာ ယုံကြည်ရတဲ့ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူတစ်ဦးက မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ပြီးဆုံးသွားတဲ့အချိန်မှာ လူဦးရေ ဆယ်သန်းကနေ ၁၅သန်းလောက်အထိ လျော့ကျသွားနိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ ရေးထားပါတယ်။ ဒါက ဒီနှစ် ဒါမှမဟုတ် လာမယ့် တစ်နှစ် နှစ်နှစ်အတွင်း လူ ၁၅ သန်းလောက်အထိ ကိုဗစ် ရောဂါနဲ့ သေဆုံးလိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုဗစ်ကပ်ရောဂါနဲ့ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှု နှစ်ခုပေါင်း ထိခိုက်မှုတွေကြောင့် လာမယ့် ငါးနှစ်ကနေ ဆယ်နှစ်လောက် ကာလအတွင်းမှာ မြန်မာ နိုင်ငံလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း လောက်အထိ ထိခိုက်ဆုံးရှုံးကြရမယ် လို့ ပြောချင်တာပါ။ ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်က အာဏာသိမ်းလို့ ဖြစ်တဲ့ နောက်ဆက်တွဲ ထိခိုက်နစ်နာမှုတွေဟာ လာမယ့် ဆယ်နှစ်လောက်အထိ ကြာနိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ‘decimated’ ဆိုတဲ့ စကားလုံးက သေဆုံးမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ခုလုံး ပြိုကျသွားတဲ့အတွက် မလိုအပ်ပဲ ဖြစ်လာတဲ့ နစ်နာ ဆုံးရှုံးမှုတွေရယ်၊ အာဏာသိမ်းလိုက်လို့ မရတော့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရယ်၊ မြန်မာ လူထုက ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်တွေ မရနိုင်တော့တာတွေရယ်ကို ခြုံငုံပြီး ပြောထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တီဘီရောဂါသည် တွေဆိုရင် လိုအပ်ဆေးဝါးနဲ့ စက်ပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးတဲ့ supply chain ကွန်ရက်က အရင်ကတည်းက အလွန်ထိခိုက်လွယ်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အခုဆိုရင် ဆေးရုံဆေးခန်းတွေကနေ ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုမပေးနိုင်တော့တဲ့အတွက် ရှိပြီးသား တီဘီရောဂါ၊ ဆီးချို၊ သွေးတိုးနှလုံး ရောဂါသည်တွေ၊ အသည်းနဲ့ ကျောက်ကပ်ရောဂါသည်တွေအပြင်၊ ကိုဗစ်မဟုတ်တဲ့ အခြား ရာသီပေါ် တုပ်ကွေးဖြစ်တဲ့သူတွေ အားလုံးက အခုဘယ်မှာ သွားပြီး ဆေးကုသမှုခံယူကြမလဲ ဆိုတာ တကယ်ပဲ စိုးရိမ်ဖို့ ကောင်းပါတယ်။ ကိုဗစ်ကြောင့် မဟုတ်ပဲ ဆေးကုသမှု မခံရလို့ အခြား ရောဂါတွေနဲ့ သေဆုံးကြရသူတွေလည်း အများကြီး ရှိလာနိုင်ပါတယ်။ ဒါတွေအပြင် underground ပုံစံနဲ့ တစ်ပိုင်တစ်နိုင်ကုပပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် အခြေအနေ ပိုဆိုးစေပါတယ်။ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်က အလွန်အရေးကြီးတဲ့ အချိန်မှာ အုပ်ချုပ်သူအစိုးရက လုပ်သင့် လုပ်ထိုက်တာကို မလုပ်လိုက်တဲ့အတွက် ရေရှည်မှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံလာရတော့မှာကို အသိပေးချင်တာ ဖြစ်ပါတယ်။ မြန်မာ လူထုကြားမှာ ထိတ်လန့် တုန်လှုပ်မှုတွေ ဖြစ်သွားဖို့ မရည်ရွယ်တာ သေချာပါတယ်။

RFA - ဒီဆရာမရဲ့ ဆောင်းပါးထဲမှာ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ ဖြန့်ဖြူးရောင်းချတာကို စစ်အစိုးရက ချုပ်ကိုင်ထားတဲ့အကြောင်းတွေ၊ နောက် အောက်စီဂျင် စက်ပစ္စည်းတွေ တင်သွင်းလာတဲ့ ကွန်တိန်နာတွေ ဆိပ်ကမ်းမှာ ရောက်နေပေမယ့် အာဏာပိုင်တွေက ထုတ်ယူခွင့်မပေးတဲ့ အကြောင်းတွေလည်း ပြောထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ကော ဘာတွေများ ပြောပြချင်ပါသလဲ။

ဟုတ်ပါတယ်။ ဆိပ်ကမ်းမှာ သောင်တင်နေတဲ့ အောက်ဆီဂျင် ပစ္စည်းတွေ ထုတ်မရတာ ဝန်ထမ်းတွေ CDM ဝင်နေလို့ ဖြစ်နိုင်ပါတယ်။ဒီပစ္စည်းတွေ ထုတ်ယူနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အကောက်ခွန် ဦးစီးဌာနတွေမှာလည်း တာဝန်ရှိပါတယ်။ စစ်အစိုးရက တစ်ပိုင်တစ်နိုင် အောင်ဆီဂျင် ဖြည့်ပေးတဲ့လုပ်ငန်းတွေကို တားမြစ်တာ အမှန်ဖြစ်ကြောင်း သူတို့ကိုယ်တိုင်က ထုတ်ပြောခဲ့ပြီးပါပြီ။ ကပ်ရောဂါ ဖြစ်နေတဲ့အချိန်မှာ လိုအပ်တဲ့ဆေးဝါးနဲ့ စက်ပစ္စည်းတွေ အလုံလောက် မရှိတဲ့အတွက် အရေးပေါ် လိုအပ်နေသူတွေပဲရဖို့ အစိုးရက ကန့်သတ်ထိန်းချုပ်တာ ဘယ်နိုင်ငံမှာ မဆို ရှိတတ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိတာနဲ့ သူတို့လုပ်ရပ်တွေအပေါ် တာဝန်ယှုမှု မရှိတာကြောင့် ပြဿနာ ဖြစ်နေတာပါ။

ဥပမာပြောရရင် ပြီးခဲ့တဲ့အပတ်က မူဆယ်နဲ့မြဝတီကနေ ဝင်လာတဲ့ အောင်ဆီဂျင်အရည်တွေ သယ်ဆောင်လာတဲ့ ထရပ်ကားတွေက အောင်ဆီဂျင်တွေ ဘယ်ရောက်သွားလဲ ဘယ်မှာသုံးနေသလဲ ဆိုတာတွေ လုံးဝ မသိရပါဘူး။ အခြားနိုင်ငံတွေမှာဆိုရင် သတင်းမီဒီယာတွေက ဒီလိုကိစ္စတွေကို ထိထိရောက်ရောက် ခြေရာခံလိုက်ပြီး လေ့လာစုံစမ်း ရေးသားကြပါတယ်။ မြန်မာနိုင်ငံမှာကတော့ သတင်းမီဒီယာတွေလဲ ပြိုလဲတဲ့ အခြေအနေ ရောက်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း ထိထိရောက်ရောက် သတင်းထုတ်ပြန်ပေးတာ မရှိပါဘူး။ ဒါကြောင့်မို့ ဆေးဝါး ပစ္စည်းတွေကို အရေးပေါ် လိုအပ်နေသူတွေပဲ အသုံးပြုနိုင်အောင်လို့ အစိုးရက ထိန်းချုပ်တာ လုပ်လေ့ရှိပေမယ့်၊ အခု စစ်ကောင်စီက အမှန်တကယ်ပဲ အဲဒီလို လုပ်ပေးနေသလား မသိနိုင်ပါဘူး။

RFA - လက်ရှိအချိန်မှာ ကိုဗစ် 19 ရောဂါ ဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် ဘယ်လို အပြောင်းအလဲတွေ လုပ်ပေးဖို့ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေကို ဘယ်လိုများ အကြံပြုချင်ပါသလဲ။

ဒါနဲ့ ပတ်သက်လို့ သူတို့မှာ နိုင်ငံရေးအရ လုပ်ပေးချင်စိတ် ရှိမရှိ ဆိုတာရယ်၊ သူတို့မှာ လုပ်ပေးနိုင်တဲ့ အစွမ်းအစ ရှိမရှိ ဆိုတာရယ်အပေါ်မှာ မူတည်ပါတယ်။ ပြည်သူတွေရဲ့ အသက်မဆုံးရှုံးအောင် သူတို့ အမြန်ဆုံး လုပ်ပေးရမယ့် အပြောင်းအလဲ တစ်ခုကတော့ နိုင်ငံတကာက အကူအညီတွေ၊ ဆေးဝါးကုသပေးမယ့် အဖွဲ့အစည်းတွေ ဝင်ရောက်လာဖို့ ခွင့်ပြုပေးဖို့ပဲ ဖြစ်ပါတယ်။ အနောက်အာဖရိကနိုင်ငံတွေမှာ အီဘိုလာရောဂါဖြစ်ပွားတဲ့အချိန်က အလားတူ နိုင်ငံတကာက အကူအညီတွေကို ဝင်ခွင့်ပြုခဲ့ဘူးပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ဒီလို လုပ်ပေးချင်စိတ် ရှိသလား သေချာ မပြောနိုင်ပါဘူး။ ဒါ့အပြင် အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ဒေသတော်တော်များများမှာ ဒေသခံ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးယန္တရားက ပြိုလဲနေပါတယ်။ စစ်ကောင်စီက ကျေးလက်ဒေသတွေက ရပ်ကျေးအဆင့် အုပ်ချုပ်ရေး ခေါင်းဆောင်တွေကို သူတို့လိုလားတဲ့သူတွေနဲ့ အစားထိုးဖို့ ကြိုးစားနေပေမယ့်၊ ဒါကို လက်မခံတဲ့ ဒေသခံတွေကလည်း နည်းအမျိုးမျိုး တွန်းလှန် တိုက်ခိုက်နေကြပါတယ်။ ဒီလို ရပ်ရွာအဆင့် ခေါင်းဆောင်ပေါင်းတွေ လုပ်ကြံသတ်ဖြတ် ခံနေရတာတွေ ရှိနေပါတယ်။ ဒီလို ရပ်ရွာအဆင့် အုပ်ချုပ်ရေး စနစ် မရှိပဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ တော်တော် ခက်ပါလိမ့်မယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ဆိပ်ကမ်းမှာ ရောက်နေတဲ့ စက်ပစ္စည်းတွေ ထုတ်ယူခွင့်ပေးဖို့နဲ့ အသစ်ရောက်လာတဲ့ အောက်ဆီဂျင်တွေကို လူထုအကြားမှာ ဖြန့်ဖြူးပေးနိုင်ဖို့ ဦးစားပေးသတ်မှတ်ပြီး လုပ်ဆောင်သင့်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ထိပ်ပိုင်းက စစ်ခေါင်းဆောင်တွေက အမိန့်ပေးမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။

RFA - ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့ လူနာတွေနဲ့ သူတို့ရဲ့ မိသားစု ဝင်တွေကိုကော ဘာများ ပြောချင်ပါသလဲ။

စိတ်ဓာတ်မကျဖို့နဲ့ ကာကွယ်ဆေး မထိုးရသေးပေမယ့် အချိန်တန်ရင် ရောဂါပိုးကို တိုက်ဖျက်ပေးမယ့် anti-body တွေ ထွက်လာပြီး ပြန်ကျန်းမာလာနိုင်ပါတယ် ဆိုတာ ပြောချင်ပါတယ်။ အခုဆိုလည်း ပြန်ကျန်းမာလာတဲ့ သူတွေ အများကြီး ရှိပါတယ်။ ကပ်ရောဂါကာလအတွင်းမှာ အချင်းချင်း ကူညီရိုင်းပင်းကြတဲ့ ပြည်သူတွေ၊ ပရဟိတအဖွဲ့ဝင်တွေ အားလုံးရဲ့ လုပ်ရပ်ဟာ လေးစားဂုဏ်ပြုထိုက်စရာ ဖြစ်ကြောင်း ပြောချင်ပါတယ်။ ဒီအကြောင်းတွေကို နိုင်ငံတကာကလည်း သိမြင်နေပါတယ်။ ကျွန်မနဲ့ ဆက်သွယ်စကားပြောခွင့်ရတဲ့သူတိုင်းဟာ အစိုးရက လုပ်မယ့် အပြောင်းအလဲကို စောင့်မနေပဲ၊ သူတို့ရဲ့မိသားစုဝင်တွေအတွက် နည်းလမ်းအမျိုးမျိုးနဲ့ လုပ်လို့ရသမျှကို လုပ်နေကြတာ တွေ့ရပါတယ်။ ကျွန်မအနေနဲ့ မြန်မာနိုင်ငံအရေးကို နှစ်ပေါင်းသုံးဆယ်လောက် လေ့လာ ခဲ့တဲ့နေရာမှာ လေးစားစရာ အကောင်းဆုံးကတော့ အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ ရှေ့ကို ခရီးဆက်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်ပါပဲ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့