မြန်မာပြည် ဖက်ဒရယ်ပြည်ထောင်စုပုံစံသစ် ပေါ်ထွန်းနိုင်ခြေရှိလား
အမေရိကန်သံအရာရှိဟောင်းနဲ့ ဆက်သွယ်မေးမြန်းချက်
မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်တက်နေတဲ့ တစ်ချိန်တည်းမှာ ဖက်ဒရယ်ပြည်ထောင်စု ပုံစံ အုပ်ချုပ်ရေးစနစ် အောက်ခြေကနေစပြီး ပေါ်ထွန်းလာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ့အရေးကျွမ်းကျင်သူ မစ္စ ပရက်စီလာ ကလပ် (Priscilla Clapp) က ပြောလိုက်ပါတယ်။ အသစ်ပေါ်ထွန်းလာတဲ့ ဖက်ဒရယ်ပြည်ထောင်စုမှာ ဗမာလူများစုရဲ့ သြဇာလွှမ်းမိုးမှု လျော့ကျပြီး တိုင်းရင်သားလူနည်းစုတွေရဲ့ လွှမ်းမိုးမှုပိုရှိလာမယ်လို့လည်း မစ္စပရက်စီလာ ကလပ်က သုံးသပ်ထားပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင် ဆက်သွယ်မေးမြန်းထားပါတယ်။
___________
RFA: အခုဆိုရင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ တစ်ခါမှာ မကြုံဘူးတဲ့ ရှုံးနိမ့်မှုတွေ ကြုံနေရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြားမှာ မတူကွဲပြားမှုတွေ ရှိနေပြီးတော့ စစ်ကောင်စီ မရှိတော့တဲ့နောက် ဘယ်လိုပုံစံနဲ့ အာဏာခွဲဝေပြီး စီမံအုပ်ချုပ်ကြမလဲဆိုတာ တိတိကျကျ သဘောတူထားတာ မရှိသေးပါဘူး။ လက်ရှိ မြန်မာနိုင်ငံမှာ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ အလားအလာ ဒါမှမဟုတ် မျှော်လင့်ချက်ရှိသေးရဲ့လား။
Priscilla Clapp: သိပ်ကို ရှိတာပေါ့။ အခုဆို ပဋိပက္ခတွေအတွင်းမှာပဲ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာနေပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေ ကျယ်လာတာနဲ့အမျှ သူတို့က စစ်တပ်ရဲ့ ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့တွေကို ဖယ်ရှားလိုက်ကြပါတယ်။ ရပ်ရွာအုပ်ချုပ်ရေးအတွက် သူတို့ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့တွေ တည်ထောင်လာကြပါတယ်။ အချို့အဖွဲ့တွေက ပိုရှေ့ရောက်နေပါတယ်။ ကရင်နီလိုဒေသတွေမှာ ရှုပ်ထွေးတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ တည်ထောင်ထားနိုင်ကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်က အောက်ခြေအဆင့်ကနေ စတင်ဖြစ်ထွန်းနေပြီလို့ ပြောချင်ပါတယ်။ ဖက်ဒရယ် စနစ်ကို အထက်ကနေ ကျင့်သုံးခိုင်းလို့ ဖြစ်လာတာမဟုတ်ပါဘူး။ ဒါက ကောင်းမွန်တဲ့ တိုးတက်မှုပါ။ ဒီကနေ စီမံအုပ်ချုပ်မှု ပုံစံအမျိုးမျိုး ပေါ်ထွက်လာပါလိမ့်မယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ကတော့ ဒီလို မတူတဲ့ အုပ်ချုပ်မှုစနစ်အမျိုမျိုးကို စုစည်းဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ စစ်ရေးတိုက်ခိုက်မှုတွေ မပြီးဆုံးသေးတဲ့အတွက် ဒီလိုလုပ်နိုင်ဖို့ စောပါသေးတယ်။ စစ်တပ်ကလည်း ဒီလိုဖြစ်မလာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဒါပေမဲ့ စစ်တပ်တပ်ရဲ့ လုပ်ရပ်တွေဟာ သူတို့ အခြား ဘယ်နေရာမှာမှ မအောင်မြင်ခဲ့သလိုပဲ အောင်မြင်မှုရမှာ မဟုတ်ပါဘူး။
RFA: တိုင်းရင်းသားအဖွဲ့အချို့က ဖက်ဒရယ်ပြည်ထောင်စုအဆင့်နဲ့တင် မကျေနပ်တော့ဘဲ၊ သီးခြား နိုင်ငံတည်ထောင်ပြီး ကွန်ဖက်ဒရေးရှင်းပုံစံနဲ့ ပြန်ပေါင်းတဲ့အဆင့်အထိ မျှော်မှန်းထားတဲ့အကြောင်း ပြောလာတာတွေ့ရပါတယ်။ ဒီလို သီးခြားနိုင်ငံအဖြစ် တည်ထောင်ဖို့ မျှော်မှန်းချက်တွေ အောင်မြင်မယ်လို့ ထင်ပါသလား။
Priscilla Clapp: ရခိုင်မှာ AA အဖွဲ့နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက အဖွဲ့အချို့က လုံးဝလွတ်လပ်တဲ့ နိုင်ငံအဆင့် ထူထောင်ဖို့ အတိတ်က ပြောခဲ့တာ ရှိပါတယ်။ အထူးသဖြင့် “ဝ” အဖွဲ့ ဆိုရင် သီးခြားနိုင်ငံတစ်ခုလို အုပ်ချုပ်နေတာ နှစ်တော်တော်ကြာပါပြီ။ ဒါပေမဲ့ သူတို့ဟာ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်ဆံတဲ့ နေရာမှာတော့ လုံးဝ လွတ်လပ်တဲ့ နိုင်ငံအဆင့် မဖြစ်နိုင်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံက တိုင်းရင်းသား အဖွဲ့အမျိုးမျိုးကို လက်ခံပြီး သီးခြားစီ ထိတွေ့ဆက်ဆံပေးကြမှာ မဟုတ်ပါဘူး။ ဥပမာ ကုန်သွယ်ရေးကဏ္ဍကိုပဲ ကြည့်ပါ။ တရုတ်နိုင်ငံက စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကြား စေ့စပ်ညှိနှိုင်းပေးတဲ့ နေရာမှာ ပြောခဲ့တာ ရှိပါတယ်။ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်ကို ကိုးကန့် MNDAA အဖွဲ့က သိမ်းပိုက်လိုက်တဲ့နောက် နယ်စပ်ဂိတ်မှာ မော်တော်ယာဉ်တွေ ဖြတ်သန်းတာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စ လုပ်ပေးဖို့ ဗဟိုအစိုးရက အသိအမှတ်ပြုတဲ့ အရာရှိတစ်ယောက် မရှိသရွေ့ တရုတ်ဘက်က နယ်စပ်ဂိတ်ကို ပြန်မဖွင့်ပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ တရားဝင် နယ်စပ်ကုန်သွယ်ရေးလုပ်ဖို့ ကြိုးစားတဲ့ တိုင်းရင်းသားအဖွဲ့အားလုံး အဲဒီလို ပြဿနာတွေ ကြုံလာရလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေး လုပ်ချင်တဲ့ နိုင်ငံအားလုံးဟာလည်း ဗဟိုအစိုးရတစ်ရပ်ရှိမှ လာလုပ်လို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဆုံးမှာတော့ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်ဆံပြီး ငွေအပေးအယူလုပ်ဖို့နဲ့ ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်ရောင်းဝယ်ဖို့ ဗဟိုအစိုးရတစ်ရပ်ရှိဖို့ လိုကို လိုပါတယ်။ ပြည်တွင်းမှာလဲ ပြည်နယ်အချင်းချင်း ကုန်သွယ်တဲ့နေရာမှာ ဗဟိုကနေ စီမံခန့်ခွဲတဲ့စနစ်တစ်ခုရှိဖို့ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် ကုန်သွယ်ရောင်းဝယ်မှုမှန်သမျှကို ပြည်နယ်အားလုံးက တစ်ဖွဲ့ကိုတစ်မျိုး အခွန်ကောက်ကြမယ်ဆိုရင် ဘာမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။ ကျွန်မတို့ အမေရိကန်ပြည်ထောင်စုမှာလည်း ဗြိတိသျှတွေဆီကနေ လွတ်လပ်ရေးရခဲ့တဲ့ တော်လှန်ရေးစစ်ပွဲအပြီးမှာ အလားတူ အခြေအနေမျိုး ကြုံခဲ့ဘူးပါတယ်။ အရင် ဗြိတိသျှကိုလိုနီ ၁၃ ခုကို သမ္မတနိုင်ငံတွေအဖြစ် ပြောင်းလဲပြီးတော့ ဒီ ၁၃ နိုင်ငံ စုပေါင်းထားတဲ့ ကွန်ဖက်ဒရေးရှင်းအဖြစ် ဖွဲ့စည်းလိုက်တဲ့ (Articles of Confederation) ကို အရင်ဆုံး ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ၁၃ နိုင်ငံအကြားမှာ ကုန်သွယ်ရေးကို ဘယ်လို စီမံခန့်ခွဲကြမလဲဆိုတာ သဘောတူထားတဲ့ နည်းစနစ်တွေ မရှိသေးပါဘူး။ ဒါကြောင့် ဒီ ၁၃ နိုင်ငံဟာ ဥရောပနဲ့ ကုန်သွယ်တဲ့နေရာမှာ တစ်နိုင်ငံချင်းအနေနဲ့ ဆက်ပြီး လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံး ဗြိတိသျှတွေက ကနေဒါကနေ ပြန်လာပြီး ပြန်အုပ်ချုပ်ဖို့ ကြိုးစားလာပါတယ်။ အဲဒီတော့မှ ပြည်နယ်ခေါင်းဆောင်အားလုံး ဖီလာဒဲဘီးရားမြို့မှာ လာရောက်စုဝေးကြပြီး ဖက်ဒရယ်ပြည်ထောင်စု ပုံစံနဲ့ အုပ်ချုပ်ဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ရေးဆွဲလိုက်ကြတာပါ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ဗဟိုအစိုးရက ကုန်သွယ်ရေးအပြင် နိုင်ငံခြားဆက်ဆံရေးနဲ့ စစ်ရေးကိစ္စတွေကိုပါ စီမံခန့်ခွဲဖို့ သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် ဒေသတွင်းအဆင့်မှာရော နိုင်ငံတော်အဆင့်မှာပါ လုပ်ထုံးလုပ်နည်းစနစ်တွေ အများကြီး တည်ထောင်ရမှာပါ။
RFA: ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့နေရာမှာ အရင်က အရပ်သားအစိုးရကနေပြီးတော့လည်း ဖက်ဒရယ်စနစ်ကိုသွားဖို့ မူအရ သဘောတူထားတာတွေ ရှိပါတယ်။ နွေဦးတော်လှန်ရေးအပြီးမှာ အသစ်ပေါ်ထွက်လာမယ့် ဖက်ဒရယ်ပြည်ထောင်စုကကော ဘယ်လို ကွာခြားချက်ရှိမလဲ။
Priscilla Clapp: အရင်ကနဲ့ မတူတဲ့ ပထမအချက်ကတော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အတိုက်အခံ အင်အားစုတွေ အားလုံးဟာ အရင်က စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့ဆိုတဲ့ ဘုံရည်မှန်းချက်ကို ဦးတည်ပြီး အလုပ်လုပ်ခဲ့ကြတယ်။ အဲဒီ ဘုံရည်မှန်းချက်ရှိမှာ မဟုတ်တော့ဘူး။ နောက်တစ်ခုက အသစ်ပေါ်ထွန်းလာမဲ့ ဖက်ဒရယ်ပြည်ထောင်စုမှာ အရင်လို ဗမာလူများစုက စိတ်တိုင်းကျ ဖန်တီးထားတဲ့ပုံစံ မဟုတ်တော့ဘဲ တိုင်းရင်းသား လူနည်းစုတွေရဲ့ သြဇာအာဏာက ပိုကြီးမားလာပါမယ်။ လက်ရှိ မြေပြင်က တိုက်ပွဲတွေကို တိုင်းရင်းသားအဖွဲ့တွေက အဓိကတိုက်ပြီး အောင်မြင်နေတာဖြစ်ပါတယ်။ ဒါကြောင့် လာမဲ့ ဖက်ဒရယ်ပြည်ထောင်စုမှာ အင်အားချိန်ခွင်လျှာက တိုင်းရင်းသားတွေဘက်ကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေက အရင်ကထက် စုစည်းညီညွတ်ပြီး အားကောင်းလာပါမယ်။ ဗမာတွေကတော့ လူဦးရေ အများဆုံးအဖြစ်နဲ့ ဆက်ရှိနေမှာပါ။ ဒါပေမဲ့ ဗမာလူများစုက လွှမ်းမိုးထားတဲ့ ပုံစံမျိုးမဟုတ်တော့ဘဲ လူမျိုးပေါင်းစုံရဲ့ သြဇာလွှမ်းမိုးမှုတွေ ရောနှောနေတဲ့ပုံစံ ဖြစ်လာပါမယ်။ လူနည်းစုတွေ ပိုအခွင့်အရေး ရလာမယ်လို့ ထင်ပါတယ်။ ဒါတွေအားလုံး ဖြစ်လာဖို့ စစ်ရေးတိုက်ခိုက်မှုတွေ ရပ်သွားတာနဲ့ ရှည်လျှားပြီး ခက်ခဲတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို စလုပ်ကြရမှာပါ။