မြန်မာစစ်တပ် ကျူးလွန်မှုတွေကို ကမ္ဘာက မပြတ်အာရုံစိုက်နေဖို့လိုကြောင်း တွမ် အင်ဒရူးပြော

2023.11.02

စစ်ကောင်စီအတွက် ဝင်ငွေ အများဆုံး ရှာပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်တာဟာ အရေးကြီးတဲ့ တိုးတက်မှုတစ်ခု ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက RFA နဲ့ သီးသန့်မေးမြန်းရာမှာ ပြောပါတယ်။ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီလို MOGE နဲ့ ဆက်လက်ပြီး အလုပ်လုပ်နေတဲ့ စွမ်းအင်လုပ်ငန်းတွေအနေနဲ့လည်း MOGE ကို ပေးဖို့ရှိတဲ့ ငွေတွေကို Escrow (အက်စ်ခရိုး) အကောင့်တွေထဲမှာ ထည့်သွင်းပြီး အနာဂတ်မှာ မြန်မာပြည်သူတွေအတွက် ထုတ်ယူအသုံးပြုနိုင်အောင် ထိန်းသိမ်းထားဖို့ သူက တိုက်တွန်းပါတယ်။ ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
---------------------

RFA - မစ္စတာ တွမ်အင်ဒရူး ခင်ဗျား။ အခု အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လိုများ သုံးသပ်ပါသလဲ။

Tom Andrews - အခုချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ အလွန်အရေးကြီးတဲ့ ရှေ့ခြေလှမ်းတွေ ဖြစ်ပါတယ်။ MOGE ကို ပိတ်ဆို့အရေးယူမှုချမှတ်တဲ့နေရာမှာ အမေရိကန်တစ်နိုင်ငံတည်းက မဟုတ်ဘဲ သုံးနိုင်ငံ ပူးပေါင်းတိုင်ပင်ပြီး ဟန်ချက်ညီတဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်နိုင်တာကြောင့် ဖြစ်ပါတယ်။ MOGE က ရတဲ့ ဝင်ငွေဟာ မြန်မာစစ်တပ်အတွက် အကြီးမားဆုံး ဝင်ငွေအရင်းအမြစ် ဖြစ်ပါတယ်။ ဒါကြောင့် MOGE အတွက် ပေးနေတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ပစ်မှတ်ထားအရေးယူလိုက်တာ အလွန်အရေးကြီးတဲ့ ရှေ့ခြေလှမ်းဖြစ်ပါတယ်။ ကနေဒါနိုင်ငံကလည်း မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ဖို့ လိုအပ်တဲ့ လေယာဉ်ဆီတွေ တင်သွင်းတဲ့နေရာမှာ လိုအပ်တဲ့ အာမခံဝန်ဆောင်မှုတွေကို တားမြစ်လိုက်ပါတယ်။ ဒီပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာနိုင်ငံအတွက် မှန်ကန်တဲ့ လားရာကို ရှေ့ဆက်တိုးလိုက်တဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ မကြာခင် နောက်ထပ်ခြေလှမ်းတွေ ထပ်လှမ်းတာကိုလည်း မြင်ရဖို့ မျှော်လင့်ပါတယ်။ ဒီ ပိတ်ဆို့အရေးယူမှုတွေအတွက် ချီးကျူး ကြိုဆိုသင့်သလိုပဲ ဒီထက် ပိုထိရောက်ပြင်းထန်တဲ့ လုပ်ရပ်တွေ ဆက်လုပ်ကြဖို့လည်း တောင်းဆိုချင်ပါတယ်။

RFA - စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံတကာ စွမ်းအင်လုပ်ငန်းတွေ မြန်မာနိုင်ငံက ထွက်ခွာခဲ့ကြပေမယ့် ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီကတော့ ဆက်အလုပ်လုပ်နေဆဲ ဖြစ်ပါတယ်။ အခု ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ စစ်ကောင်စီအတွက် PTTEP ဆီကရတဲ့ ဝင်ငွေတွေကိုရော ဟန့်တားနိုင်ပါ့မလား။

Tom Andrews - အခု ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေကတော့ အဲဒါကို မတားဆီးထားပါဘူး။ ကျွန်တော် ထင်တာကတော့ ဒီလို စစ်ကောင်စီရဲ့ အိတ်ထဲကို ရောက်သွားမယ့် ဝင်ငွေတွေအားလုံးကို သူတို့ဆီကို မပေးတော့ဘဲ Escrow အကောင့်တွေထဲမှာ လွှဲပြောင်းပြီး ထိန်းသိမ်းထားဖို့ အရေးကြီးပါတယ်။ ဒီလို Escrow အကောင့်တွေထဲမှာ ထိန်းသိမ်းထားတဲ့ ဘဏ္ဍာငွေတွေကို မြန်မာပြည်သူတွေက ပိုင်ဆိုင်ပြီး သင့်တော်တဲ့အချိန်မှာ ထုတ်ယူသုံးစွဲနိုင်ဖို့ ဆက်သိမ်းထားတာ အသင့်တော်ဆုံးပဲလို့ ထင်ပါတယ်။ အခု ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေကတော့ MOGE အတွက် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ချမှတ်လိုက်တာပါ။ ဒီပိတ်ဆို့အရေးယူမှုတွေကတော့ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ချမှတ်လိုက်တာလို့ ကျွန်တော် ယူဆပါတယ်။

RFA - လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ အခြား ဘာများပြောချင်ပါသလဲ။

Tom Andrews - အခုအချိန်အထိ မြန်မာနိုင်ငံက ပဋိပက္ခတိုက်ခိုက်မှုတွေမှာ အပြစ်မဲ့ပြည်သူတွေ တိုက်ခိုက် သတ်ဖြတ်ခံနေရတဲ့ သတင်းတွေ ဆက်ပြီး ကြားနေရပါတယ်။ ကျွန်တော် စိတ်ထိခိုက်မိတာက ဒီတိုက်ခိုက်မှုတွေကြောင့်တင် မဟုတ်ပါဘူး။ ကမ္ဘာကြီးက မြန်မာ့အရေးအပေါ်မှာ အာရုံ မရှိတော့တာကြောင့်လည်း ပါပါတယ်။ အခုအချိန်မှာ အရှေ့ အလယ်ပိုင်းပဋိပက္ခနဲ့ ယူကရိန်းကိစ္စတွေကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံကို အာရုံမစိုက်နိုင်တော့ဘဲ ဖြစ်နေပါတယ်။ သေချာပြောနိုင်တာက မြန်မာစစ်ခေါင်းဆောင်တွေဟာ ‘မှို’ တွေလိုပဲ အမှောင်ထဲမှာပဲ ကြီးထွားရှင်သန်နိုင်မယ့်သူတွေပါ။ အခြားနိုင်ငံတကာအရေးကိစ္စတွေကြောင့် ကမ္ဘာကြီးက အာရုံပြောင်းသွားပြီ သူတို့ကို စောင့်ကြည့်မနေတော့ဘူးလို့ ထင်လေလေ မြန်မာပြည်သူတွေကို ဒုက္ခပေးလေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာကြီးအနေနဲ့ မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကို အမြဲမပြတ် အာရုံစိုက်နေဖို့ လိုပါ တယ်။ အခု အမေရိကန်၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်တဲ့အကြောင်း ကြေညာချက်ဟာ မြန်မာ့အရေးကို ကမ္ဘာကြီးက အာရုံစိုက်နေဆဲဆိုတာ ပြသလိုက်တာပဲ ဖြစ်ပါတယ်။ အခု ဒီ ပိတ်ဆို့အရေးယူမှုတွေကြောင့် ရလာတဲ့ အရှိန်အဟုန်နဲ့ ရှေ့ဆက်ပြီး စစ်ကောင်စီက မြန်မာပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လုပ်လို့ရမယ့် နည်းလမ်းတွေမရှိတော့အောင် ဆက်လုပ်ကြရမှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။