NUG နဲ့ PDF တွေပိုမိုစည်းလုံးဖို့လိုအပ်ကြောင်း CDM လေသူရဲ ပြောကြား
2023.03.10
တော်လှန်ရေး အမြန်ဆုံးအပြီးသတ်ဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေနဲ့ NUG အစိုးရအကြား ပိုမိုစည်းလုံးဖို့လိုအပ်နေသလို PDF တွေအနေနဲ့လည်း စစ်တပ်တစ်ခုမှာ မလွဲမသွေရှိရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့ CDM ဗိုလ်ကြီး ဇေသူအောင်က အကြံပြုပါတယ်။ စစ်ကောင်စီလက်အောက်မှာ တိုက်လေယာဉ်မောင်း တာဝန်ထမ်းဆောင်ရာကနေ ပြည်သူ့ဘက်ကို ကူးပြောင်းလာခဲ့တဲ့ ဗိုလ်ကြီးဇေသူအောင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က လွတ်မြောက်နယ်မြေတစ်နေရာမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
---
မေး။ ။ ဗိုလ်ကြီးဇေသူအောင်ခင်ဗျ… ဗိုလ်ကြီးဇေသူအောင်တို့ တပ်မတော်ကနေ ပြည်သူနဲ့ ပေါင်းလာတဲ့ CDM တပ်မတော် အင်အားစုတွေနဲ့ NUG အမျိုးသား ညီညွတ်ရေး အစိုးရအကြား လက်ရှိဆက်ဆံရေး ဘယ်လိုရှိပါသလဲ ခင်ဗျ။
ဖြေ။ ။ အမျိုးသား ညီညွတ်ရေးအစိုးအနေနဲ့ဆိုရင် CDM တပ်မတော်သား အကုန်လုံးနီးပါး သူတို့နဲ့ အဆက်အသွယ် ရှိတဲ့သူတွေ အားလုံးကို ထောက်ပံ့မှုတွေ ဆောင်ရွက်တာရှိတယ်။ ထောက်ပံ့ မှုတွေထဲမှာဆိုရင် တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေပေါ့နော် မိသားစုထဲမှာ နှစ်ယောက်ပါရင် နှစ်ယောက် သုံးယောက်ပါရင် သုံးယောက်ပါသလောက် အဲ့ဒါတွေကို အားလုံးကို ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးတာရှိတယ်။ နောက်ပြီး CDM တပ်မတော်သားတွေဆီက လိုအပ်တဲ့ အကြံဉာဏ်တွေကိုလည်း တောင်းခံတယ်။ ကျွန်တော်တို့ အဲ့လိုမျိုး ဆက်ဆံရေး ရှိပါတယ်။
မေး။ ။ ဗိုလ်ကြီးတို့ တပ်မတော် အင်အားစုတွေက စစ်ရေးအတွေ့အကြုံရှိခဲ့တာဆိုတော့ဗိုလ်ကြီးတို့ အတွေ့အကြုံအရ လက်ရှိမှာ တိုက်ခိုက်ရေး ကာကွယ်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာများ အကြံဉာဏ်ပေးနိုင်မလဲ ခင်ဗျ။
ဖြေ။ ။ NUG အစိုးရအနေနဲ့ဆိုရင် တော်လှန်ရေးတပ်ဖွဲ့ PDF တွေ၊ Local PDF တွေ၊ ပကဖတွေ နောက်ပြီး EAO တွေ ဒါတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပိုပြီးလိုအပ်တယ်လို့ ကျွန်တော်အနေနဲ့ မြင်တယ်။ ကျွန်တော်တို့ Local မှာ ရှိနေတဲ့ PDF ခေါင်းဆောင်တွေကိုယ်တိုင် တပ်ဖွဲ့တွေ တည်ထောင်လာကြတယ်။ သူတို့တည်ထောင်လာကြပြီး စကစ ကိုတော်လှန်လာကြတယ်။ သူတို့ ဘာပဲဖြစ်နေဖြစ်နေ စကစ ကိုတော်လှန်တယ်ဆိုကတည်းက အကုန်လုံးက စစ်အာဏာရှင် ကျရှုံးရေးကို ဦးတည်နေတယ်လို့ ယူဆလို့ရတယ်။ အဲ့အတွက် NUG အစိုးရရဲ့ အောက်ကို မဝင်သေးတဲ့သူပဲဖြစ်ဖြစ် ဝင်ပြီးတဲ့သူပဲဖြစ်ဖြစ် NUG အစိုးရအနေနဲ့ အကုန်လုံးကို တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် အကုန်လုံးကို သူ့ရဲ့ ချိတ်ဆက်ပြီး command အောက်ကို ရောက်လာအောင် ဒါမှမဟုတ်လည်း ပူးပေါင်းဆောင်ရွက်နိုင်အောင် အကုန်လုံးကို ချိတ်ဆက်ပြောဆိုမှုတွေ စည်းရုံးသိမ်းသွင်းမှုတွေ ပိုမိုပြီးတော့ တိုးမြင့်ဆောင်ရွက်သင့်တယ်လို့ ယူဆတယ်။ Local PDF တွေ အနေနဲ့လည်း စကစ ကိုတိုက်တဲ့အခါမှာ စစ်တပ်က တိုက်တဲ့အတိုင်းပဲ မဟာဗျုဟာတွေ၊ ဒါတွေနဲ့ ချိန်ဆပြီးတော့မှ ပူးတွဲဆောင်ရွက်သင့်တယ်လို့ ယူဆတယ်။ အဲ့လို တိုက်ခိုက်နိုင်ဖို့အတွက်လည်း NUG ၊ MOD အနေနဲ့လည်း Local PDF တွေ ပကဖ အဖွဲ့အားလုံးကို ဆက်သွယ်ပြီး Command ရရှိနိုင်မယ့် နည်းဗျုဟာကို စည်းရုံးရေး နည်းဗျုဟာကော Local PDF တွေ ပကဖ တွေ သူတို့တွေရဲ့ စစ်ရေးစွမ်းရည်တွေ တိုးတက်လာဖို့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်။
မေး။ ။ Local PDF တွေနဲ့ NUG အစိုးရကြား ဆက်ဆံရေးမှာ လစ်ဟာမှုတွေ ရှိတယ်ဆိုပြီးတော့ ပြောကြ ဆိုကြတာရှိတယ်။ ပိုပြီးတော့ ပီပီပြင်ပြင်ဖြစ်ဖို့ဆို ဦးဆောင်မှု၊ တာဝန်ခွဲဝေပုံ ဘယ်လို အကြံဉာဏ်ပေးနိုင်လဲ။
ဖြေ။ ။ Local PDF တွေရဲ့ ဖွဲ့စည်းပုံအရ သူတို့ဟာ အာဏာရှင်ကို သူတို့ကိုယ်ပိုင်တော်လှန်ကြတယ်။ တော်လှန်ကြပြီးတော့ တချို့တွေဆိုရင် ကိုယ်ပိုင်ပိုက်ဆံတွေနဲ့ ဝယ်တာတွေရှိတယ်၊ အလှူငွေနဲ့ ဝယ်တာတွေလည်းရှိတယ်။ သူတို့မှာလည်း သူတို့ ခေါင်းဆောင်မှုနဲ့ သူတို့ ရှိကြတယ်။ ရှိကြတဲ့အချိန်မှာ NUG အနေနဲ့ ဆက်ဆံတဲ့အချိန်မှာ သေချာ သတိထားပြီး ဆက်ဆံဖို့ သင့်တယ်။ ကိုယ့်ရဲ့ Command အောက်ကို ရောက်ရှိဖို့အတွက်ဆိုရင် သူတို့တွေနဲ့ တချို့ ကိစ္စတွေမှာ သေချာဆွေးနွေးဖို့လိုအပ်တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဆွေးနွေးမှု မရှိဘဲနဲ့ ကိုယ့်ရဲ့ အောက်ကို ဝင်ရမယ်ဆိုတာမျိုးကတော့ ခက်လိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယူဆပါတယ်။ Change of Command အရသွားပြီဆိုရင် ဗျုဟာအရ ကစားရတာရှိတယ်။ ဗျုဟာအရ ကစားတဲ့အချိန်မှာ စစ်ကောင်စီကို တိုက်ချင်တဲ့ နေရာတွေအားလုံးကို စွတ်တိုက်လို့မရဘူး။ ဗျုဟာအရ တိုက်သင့်တဲ့နေရာ မတိုက်သင့်တဲ့နေရာ တချို့နေရာတွေမှာ ကာသင့်တဲ့နေရာ ဒါမျိုးတွေကို ဆောင်ရွက်ရတာဖြစ်တယ်။ Over all ကြည့်ပြီးဆောင်ရွက်ရတာဖြစ်တယ်။ အဲ့လိုဆောင်ရွက်ရတဲ့အခါမှာ Local PDF တွေအနေနဲ့ တချို့အရာတွေဟာ သူတို့ဖြစ်စေချင်တဲ့အတိုင်းဖြစ်မှာ မဟုတ်ဖူး။ အဲ့ဒါကို နားလည်ပေးဖို့ လိုအပ်တယ်။ ဒီပေါ်မှာ လိုက်နာဆောင်ရွက်ပြီးတော့မှ အဓိက လိုအပ်တာက စကစ ရဲ့ စစ်အာဏာရှင် ပြုတ်ကျသွားဖို့ လိုအပ်တာဖြစ်တယ်။ အဲ့ဒါကိုနားလည်ပြီးတော့မှ COC နဲ့သွားပြီးတော့မှ ပိုမိုပူးပေါင်းဆောင်ရွက်မှုရှိဖို့ လိုအပ်တယ်။
မေး။ ။ လက်ရှိလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ NUG နဲ့ PDF တွေကြားဖြစ်ဖြစ်၊ တော်လှန်ရေးအင်အားစုတွေကြား ပြဿနာတွေတင်ပြနေတာတွေ ဗိုလ်ကြီး ဘယ်လိုမြင်လဲ။
ဖြေ။ ။ အဓိကတော့ တော်လှန်ရေးအင်အားစုတွေနဲ့ကော MOD အနေနဲ့ကော အဲ့ကိစ္စကို သေချာ စဉ်းစားသင့်တယ်။ သေချာစဉ်းစားသင့်တယ်ဆိုတာ တော်လှန်ရေး အင်အားစု တွေအနေနဲ့ကလည်း လက်နက်ကိုင်လမ်းစဉ်ကို ဆောင်ရွက်နေတယ်။ စကစ မှာ ဆိုရင်ရှိတယ် ကိုယ့်ရဲ့စခန်း၊ ကိုယ့်ရဲ့နေရာ၊ ကိုယ့်ရဲ့ အင်အား၊ ကိုယ့်ရဲ့ ပြဿနာတွေကို ရန်သူကို ပေးသိလို့မရဘူး။ ရန်သူက သိနေပြီ ဆိုရင် ရန်သူမှာက လက်နက်အင်အား၊ လူအင်အား၊ စိတ်ဓာတ်၊ ခံယူချက်၊ သူ့ရဲ့ဆက်သွယ်ရေး ဒါတွေအကုန်လုံးကို ကျွန်တော်တို့က လေ့လာသုံးသပ်ပြီး တိုက်ကြတာဖြစ်တယ်။ အဲ့လိုလေ့သာသုံးသပ်ပြီးတိုက်ကြတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့အခြေအနေတွေကို ရန်သူသိအောင် Public မှာတင်တာ Public မှာပြောတာ ဒါတွေကိုတော့ အတတ်နိုင်ဆုံး ရှောင်ရှားသင့်တယ်။
မေး။ ။ NUG လက်အောက်ခံ PDF ပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာကိုယ် ဒေသအလိုက်ဖွဲ့ထားတဲ့ PDF ပဲဖြစ်ဖြစ် သက်တမ်းက နှစ်နှစ်အောက်မှာပဲရှိတယ်။ ဗိုလ်ကြီးတပ်မတော်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့ အရာရှိတစ်ဦးအနေနဲ့ တပ်မတော်အတွင်းမှာကော စည်းကမ်းလိုက်နာမှုအပိုင်းကို ယှဉ်ပြီးပြောမယ်ဆိုရင် PDF တွေကို ဘာများအကြံဉာဏ်ပေးနိုင်မလဲ ခင်ဗျ။
ဖြေ။ ။ PDF တွေအနေနဲ့ကတော့ စည်းကမ်းပိုင်းမှာ ပိုပြီးတော့မှလိုအပ်လာတယ်။ ဘာကြောင့်လိုအပ်လဲလို့ ထင်တာလဲဆိုရင် စစ်တပ်မှာ ဆိုရင်တော့ တိုက်ပွဲ ဧရိယာပေါ့နော်။ တိုက်ပွဲ ဧရိယာထဲမှာ ရှိပြီဆိုရင် ကျွန်တော်တို့က အမိန့်နာခံမှုကို အဓိကထားပြီး အမိန့်နဲ့ ဒီလူတွေအားလုံးကို ချုပ်ထားတယ်။ ဥပမာ ဆေးလိပ်သောက်တယ်။ ညဘက် ကင်းစောင့်လို့ ဆေးလိပ်သောက်တယ်ဆိုရင်တောင်မှ မီးကို အဝေးကြီးကနေ မြင်ရတယ်။ ဆေးလိပ်သောက်တာကို တားမြစ်တယ်။ ညဘက် ဆေးလိပ်သောက်ရင် မီးကို အဝေးကြီးကနေ မြင်ရတယ်။ အဲ့အတွက် တားမြစ်တယ်။ နောက်တစ်ခုရှိတာက ကျွန်တော်တို့ နောက်မှာရှိတဲ့ တောင်တွေ ဘာတွေ ဓာတ်ပုံတွေ ရိုက်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့က အဲ့ဓာတ်ပုံကို တင်လိုက်တယ်ဆိုရင် အဲ့ဒေသကို သွားဖူးတဲ့ လူဆိုရင် ဒါက ဘာတောင်လဲဆိုရင် ဒီလူက ဘယ်နားလေးမှာ ရှိလဲဆိုရင် ကျွန်တော်တို့က အကြမ်းဖျဉ်း ခန့်မှန်းနိုင်တယ်။ နောက်ပြီး ညဘက်ပိုင်းတွေမှ သီချင်းဆိုတာ၊ အော်တာဟစ်တာ လုပ်ပြီဆိုရင် စကစ အနေနဲ့ အချက်အလက်တွေ အများကြီး ရသွားနိုင်တယ်။ ဆိုရှယ်မီဒီယာပေါ်တင်တာအပြင် ညဘက် မီးပုံတွေ ဘာတွေ ဖိုပြီဆိုရင် အဝေးကြီး အဝေးကြီးက မြင်ရတယ်။ ကျွန်တော်တို့ ဆေးလိပ်သောက်တာတောင် အဝေးကြီးက မြင်ရတယ်ဆိုရင် မီးပုံဖိုပြီဆိုရင် ပြောဖွယ်ရာမရှိဘူး။ အဲ့တာတွေကို သေချာလိုက်နာဖို့လိုတယ်။ ဘာကြောင့်လဲဆိုရင် စကစ ကိုတိုက်တဲ့အချိန်မှာ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်၊ အချိန်မရွေး လေယာဉ်နဲ့ လာနိုင်တယ်၊ အချိန်မရွေး စစ်ကြောင်းတွေ ထိုးလာနိုင်တယ် အဲ့တာကို အမြဲတမ်း နိုးကြားနေဖို့ လိုပါတယ်။
မေး။ ။ စကစ ဘက်က လက်ရှိတော်လှန်ရေးမှာ ဘယ်လိုဟာမျိုးတွေ သူတို့ဘက်က စဉ်းစားတွေခေါ်နေလဲ၊ လုပ်ကိုင်နေမယ်ဆိုတာ တပ်မတော် အရာရှိတစ်ယောက်အနေနဲ့ ဘယ်လိုပြောနိုင်မလဲ။
ဖြေ။ ။ အဲ့ဒါနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ဥပမာ တစ်ခုအနေနဲ့ ပြောမယ်။ နွေဦးတော်လှန်ရေးကို စတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်တာ ချောင်းမြောင်းပစ်ခတ်တာတွေမှာ စကစရဲ့ တပ်တွေဟာ အများကြီးကျတယ်။ အများကြီး အများကြီးကျတယ်။ နေရတိုင်းမှာဖြစ်တယ်၊ ကျတယ်။ ဆုံးရှုံးမှုတွေ စကစ အများကြီးခံရတယ်။ အဲ့တာတွေပြီးတဲ့နောက်မှာ စကစ အနေနဲ့ နောက်ပိုင်းတွေမှာ အဲ့ဒါတွေကို ပြန်ပြင်လာတယ်။ ဘယ်လိုပြင်လဲဆိုရင် စကစ က တပ်တွေမှာ ရှိတဲ့လုပ်ထုံးလုပ်နည်း တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုရင် စခန်းတစ်ခုမှာ လူလေးယောက် ရှိတယ် ဆိုပါစို့ဗျာ.. လူလေးယောက်ရှိတဲ့ ကင်းစခန်းတစ်ခုကို ဝင်တိုက်လိုက်လို့ လေးယောက်စလုံး သေသွားလို့ရှိရင် ဒါမှမဟုတ် သုံးယောက်သေပြီး တစ်ယောက် လွတ်လာတယ် ဆိုလို့ရှိရင် သူ့ရဲ့ ခေါင်းဆောင်ကို တခါတည်း တန်းပြီးတော့မှ အရေးယူတယ်။ အရေးမယူခင်မှာ ဘာလုပ်လဲဆိုရင် စုံခုံဖွဲ့တယ်။ စုံခုံဖွဲ့ပြီးရင် အဲ့တာနဲ့ ပတ်သက်တဲ့ လူအားလုံးကို မင်းက အဲ့အချိန်မှာ ဘာလုပ်တာလဲ၊ ဘယ်အချိန်မှာ ဘာလုပ်နေတာလဲ အကုန်လုံးကို မေးတာ။ မေးပြီးတဲ့အချိန်မှာ သုံးသပ်ချက်ထွက်တယ်။ ဒီလေး ယောက်ဟာ ဘာလုပ်နေလို့ ဒီလိုဖြစ်သွားတယ်၊ ဘာလုပ် လုပ်မို့လို့ ဒီလိုကျဆုံးသွားတယ်၊ အဲ့ဒါကို ခေါင်းဆောင်က ဘယ်လို အမိန့်ပေးထားလို့ ဒါမှမဟုတ် မကြီးကြပ်လို့ ဒီလိုဖြစ်တယ်။ အဲ့အတွက် ခေါင်းဆောင်တွေမှာ အပြစ်ရှိတယ်။ ဒီလူက ဘာအပြစ်ဒဏ်ခံရမယ်ဆိုပြီး အဲ့ဒါမျိုးအထိပါ လုပ်တယ်။ အဲလို လုပ်ပြီးသွားလို့ရှိရင် အဲ့အမှားတွေ အားလုံးကိုလည်း တပ်တွေအားလုံးကို စုံခုံ အတွဲလိုက်ကြီးကို တပ်တွေအားလုံးကို ဖြန့်တယ်။ တပ်တွေအားလုံးက အဲစုံခုံတွဲကို ရပြီဆိုရင် ဒီလို ဒီလိုဖြစ်ထားတယ်။ မင်းတို့ကောင်တွေ ဒီလိုထပ်ဖြစ်မယ်ဆိုရင် ဒီ့ထက်ပိုနာတဲ့ အရေးယူမှုတွေ လုပ်မယ်ဆိုပြီးလုပ်ကြတယ်။ အဲ့လိုလုပ်တဲ့အခြေအနေက တဖြည်းတဖြည်း ဘာဖြစ်လာလဲဆိုရင်နောက်ပိုင်းတွေမှာဆိုရင် Local မှာရှိတဲ့ PDF တွေကော၊ စစ်ကောင်စီနဲ့တိုက်နေတဲ့ ပကဖ ပဲဖြစ်ဖြစ်၊ ပအဖပဲဖြစ်ဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးလည်း သတိထားမိလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။ စကစ ကတဖြည်းဖြည်းနဲ့ ပိုပြီးတော့မှ လုံခြုံရေးပိုင်းဆိုင်ရာကိုလည်း တင်းကျပ်လာတယ်၊ စစ်ကြောင်းတွေ ဘာတွေ ထွက်ပြီဆိုရင်လည်း အရင်ကလို ပေါ့ပေါ့ဆဆ မဟုတ်ဘဲနဲ့ သူတို့အနေနဲ့ ခြုံခိုတိုက်ခိုက်ရနိုင်တယ်၊ မိုင်းတိုက်ခိုက်ခံရနိုင်တယ် ဆိုတဲ့ concept ကို ယူပြီးတော့မှ သူတို့တွေ စစ်ကြောင်းထိုးတဲ့ ပုံစံတွေပြောင်းလာတယ်။ နောက်ပြီးတော့ ရွာတစ်ရွာကို ဝင်မယ်ဆိုလို့ရှိရင်လည်း အဝင်ပြပြီးတော့မှ အထွက်ကို မတွေ့ရဘူး။ နောက်ပြီးလို့ရှိရင် ညဘက်ပိုင်းတွေမှာ ထွက်သွားတယ်၊ ထွက်ပြီးတော့မှ စစ်ကြောင်းတွေ ပျောက်သွားတာတွေ ဒါတွေကိုလည်း PDF တပ်ဖွဲ့တွေနဲ့ တွေ့နေရမှာဖြစ်ပါတယ်။ ဒါဟာ ဘာလဲဆိုရင် စကစ အနေနဲ့ အဲ့လိုမျိုး ဖြစ်စဉ်တွေကနေပြီးတော့မှ သုံးသပ်ချက်တွေ ထုတ်ပြီးတော့မှ အဲ့တာတွေအားလုံးကို တဖြည်းဖြည်းနဲ့ ပြုပြင်ပြီးတော့မှ သူတို့အနေနဲ့ ဆောင်ရွက်လာတယ်။ ကျွန်တော်တို့ PDF တပ်ဖွဲ့တွေအနေနဲ့လည်း လက်ရှိဖြစ်ပျက်နေတဲ့ ကိစ္စတွေအားလုံးကို အခုလိုပဲ စုံခုံဖွဲ့နိုင်ဖို့ မလွယ်ပေမယ့် ကျွန်တော်တို့ အချင်းချင်း ပြန်လည် သုံးသပ်ပါ။ ကိုယ့်ရဲ့ တိုက်ပွဲတိုက် နည်းစနစ်တွေကို ပြန်လည်သုံးသပ်ပါ။ အဲ့အပေါ်မှာ ရိုးရိုးသားသားနဲ့ ရှင်းရှင်းလင်းလင်း ကိုယ်မှားရင် မှားတယ်၊ မှန်ရင်မှန်တယ် ဘာတွေလိုအပ်နေတယ် ဒါတွေကို သုံးသပ်ပြီးတော့မှ ကိုယ့်ရဲ့ တိုက်နည်းစနစ်တွေ ဗျုဟာတွေကို Up Grade မြင့်ပါလို့ ဒီနေရာကနေ အကြံပြု ဆွေးနွေးလိုပါတယ်။