အာဏာသိမ်းပြီးနောက် ကရင်မှာလေကြောင်းတိုက်ခိုက်မှု အကြိမ် ၈ဝထက်မနည်းဖြစ်ခဲ့
2023.01.17
ကရင်ပြည်နယ်မှာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ နှစ်ကုန်အထိ ထိခိုက်ဆုံးရှုံးမှုဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်ခံရမှု ၇၂ ကြိမ် ရှိခဲ့ပြီး ၂၀၂၃ ဇန်နဝါရီလဆန်းပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှု ၁၂ ကြိမ်ရှိနေပြီလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။
ကရင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်အရေအတွက်က လေးသိန်းဝန်းကျင်ရှိနေပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ တိုးလာနိုင်ခြေရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးက ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ ပြည်ပကိုရောက်နေတဲ့ မြန်မာနိုင်ငံသား စစ်ဘေးဒုက္ခသည် တစ်သန်းရှစ်သောင်းကျော်ရှိနေပြီး ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာနေထိုင်ရတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းခွဲအထိ ရှိနေတယ်လို့ ဆိုပါတယ်။
အာဏာမသိမ်းခင်ကကော အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေရှိနေတဲ့ ကရင်ပြည်နယ်က ဒေသခံ ကရင်စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေကို သိရအောင် ကူညီဆောင်ရွက်ပေးနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောခွင့်ရှိသူ ကိုစောနန္ဒဆူးကို “RFA နှင့်စကားပြောခြင်းအစီအစဉ်”ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။