ပြည်ပရောက်များထံမှ စစ်ကောင်စီ အခွန်ကောက်ခံမှု ဥပဒေနဲ့မညီညွတ်ကြောင်း NUG အလုပ်သမားဒုဝန်ကြီး ပြောကြား

RFA Burmese
2024.01.22

မေး။ ။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီက ဝင်ငွေခွန်ကောက်ယူဖို့ စစ်ကောင်စီက သက်ဆိုင်ရာ သံရုံးတွေကနေ ထုတ်ပြန်ထားတယ်၊ ဒီအပေါ်မှာ ဝန်ကြီးတို့ သဘောထား သိချင်ပါတယ်။

ဖြေ။ ။ စစ်ကောင်စီက အာဏာသိမ်းပြီးတည်းက ပြည်သူလူထုက နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်တယ်။ ဒီလိုဆန့်ကျင်တဲ့အထဲမှာ သွေးစွန်းငွေပါတယ်။ စစ်အုပ်စုရဲ့ ပိုင်ဆိုင်မှုတွေထဲကို ဝင်ငွေမရောက်အောင် သူတို့ရဲ့ ကုန်စည်တွေကို သပိတ်မှောက် တာကအစလုပ်ပြီး စစ်ကောင်စီကို ဝင်ငွေဖြတ်တောက်ဖို့ ကြိုးစားတယ်။ NUG အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ထိစပ်နေတဲ့ အင်အားစုတွေကလည်း စစ်ကောင်စီကို Sanction လုပ်ဖို့ ကြိုးစားတယ်။ အဲဒီကြိုးစားမှုတွေက တစ်စုံတစ်ရာ အောင်မြင်တယ်လို့ ပြောလို့ရတယ်။ စစ်ကောင်စီက နိုင်ငံခြားဝင်ငွေ တော်တော်လေးကို ခက်ခဲသွားတယ်။ ခက်ခဲသွားတော့ နောက်ဆုံးအဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ဝင်ငွေကနေ နိုင်ငံခြားငွေရရှိဖို့ ကြိုးစားလာတဲ့ အနေအထားလို့ မြင်ပါတယ်။

မေး။ ။ ဒီအခွန်ငွေတွေဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေမှာ စစ်ကောင်စီက လက်နက်အဖြစ် အသုံးပြုမှာဖြစ်လို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အခွန်မဆောင်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းနေကြတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ စစ်ကောင်စီရဲ့ လက်ရှိ လူထုအပေါ် နှိပ်စက်သတ်ဖြတ်မှုတွေဖြစ်တဲ့ လေယာဥ်တွေနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်တာ ဒါတွေအတွက် နိုင်ငံခြားငွေ လိုအပ်တယ်။ အချို့လက်နက်တွေ ပြည်တွင်းမှာ ထုတ်လို့ရတယ်ဆိုပေမယ့် ကုန်ကြမ်းက နိုင်ငံခြားက ဝယ်ရတာပါ။ လေယာဥ်ဆီလိုဟာမျိုးကျတော့ ပြည်တွင်းမှာကို ထုတ်လို့ မရဘူး။ ပြည်ပက ဝယ်ကိုဝယ်ရတယ်။ ဒါကြောင့် နည်းမျိုးစုံ လုပ်လာတာ။ ပြီးခဲ့တဲ့ လပိုင်းကဆိုရင်လည်း နိုင်ငံခြားငွေကို သူတို့ရဲ့ ဗဟိုဘဏ်ကနေပြီးတော့ ထိန်းချုပ်တာ တွေ့ရတယ်။ အခုတော့ ပြန်လွှတ်ပေးပါပြီ။ ပြည်ပက မြန်မာနိုင်ငံသားတွေက စစ်ကောင်စီကို အခွန်ဆောင်မယ်ဆိုရင် ဒီငွေက ကျိန်းသေတယ် ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်တဲ့နေရာမှာပဲ ပြန်သုံးမှာ။ ပိုဝမ်းနည်းစရာကောင်းတာက ပြည်ပကိုထွက် အလုပ်လုပ်တဲ့ လူတော်တော်များများက ကျေးလက်ဒေသတွေက ဖြစ်တယ်။ သူတို့ ပြန်ဆောင်လိုက်တဲ့ အခွန်ငွေက အဲဒီရပ်ရွာတွေကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတဲ့နေရာမှာ ပြန်ပြီးသုံးမှာ တော်တော်လေး ရင်နာစရာကောင်းတယ်။

မေး။ ။ တကယ်လို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ အခွန်မဆောင်ရင် ပတ်စ်ပို့သက်တမ်း တိုးမရ၊ သူတို့ ရောက်နေတဲ့နိုင်ငံမှာ နေထိုင်ခွင့်တွေ အခက်အခဲ ရှိနိုင်တယ်ဆိုတော့ ဒီလို အခွန်မဆောင်ဖို့ တိုက်တွန်းချက်တွေက အလုပ်သမားတွေ အတွက် လွယ်ကူပါ့မလား။

ဖြေ။ ။ စစ်ကောင်စီကတော့ အခွန်မဆောင်ရင် ပတ်စပို့စ် ဖျက်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ပတ်စပို့စ်ဖျက်သိမ်းမယ်ဆိုရင် အဲဒီနိုင်ငံမှာ နေထိုင်ဖို့၊ အလုပ်လုပ်ကိုင်ဖို့ အခက်ခဲတွေဖြစ်နိုင်တယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေကို ညှိနှိုင်းထားတာတွေရှိတယ်။ အဲဒီနိုင်ငံတွေရဲ့ ပေါ်လစီအရ နွေဦးတော်လှန်ရေးစတည်းက မြန်မာနိုင်ငံသားတွေကို အခွင့်အရေးပေးထားတာတွေရှိတယ်။ အခုလိုမျိုး အခြေအနေ မျိုးမှာလည်း မြန်မာနိုင်ငံသားတွေ စစ်ကောင်စီကို အခွန်မဆောင်လို့ ပတ်စပို့စ် ပယ်ဖျက်တာမျိုးလုပ်မယ်ဆိုရင် သက်ဆိုင်ရာ နိုင်ငံမှာ ဆက်လက်ပြီး နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့် ပေးဖို့အတွက်ကို ညှိနှိုင်းထားတာရှိပါတယ်။ အခွန်ကိစ္စ မတိုင်ခင်တုန်းကလည်း ဒီလိုမျိုး ပတ်စပို့စ် ဖျက်သိမ်းခံရတာမျိုးရှိတယ်။ ပတ်စပို့စ်သက်တမ်းကုန်ပြီး ပြည်တွင်းပြန်မရတာမျိုး၊ ပြန်ရင်အဖမ်းခံရမှာမျိုး ဒီလိုကိစ္စမျိုးမှာ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ကျွန်တော်တို့ နိုင်ငံသားတွေကို အကာအကွယ်ပေးတဲ့ နမူနာတွေလည်းရှိပါတယ်။ ဒါကြောင့် အခုကိစ္စကိုလည်း NUG ကနေပြီးတော့ နိုင်ငံအသီးသီးနဲ့ ညှိနှိုင်းထားတာရှိပါတယ်။ အခက်အခဲတော့ရှိတယ်။ ဒါပေမဲ့ ဒီအခက်အခဲကို ကျော်လွှားနိုင်တဲ့ နည်းလမ်းလည်းရှိတယ်။ ရွေးချယ်မှု လုပ်ရမှာပါ။ ရင်ဆိုင်ရမယ့် အခက်အခဲကို ရင်ဆိုင်ပြီး ကိုယ့်အိမ်ကိုယ် ဗုံးကြဲမယ့်လမ်းကို ရှောင်မလား။ အခက်အခဲကို ရင်မဆိုင်ဘဲနဲ့ ကိုယ့်အိမ်ကိုယ် ဗုံးကြဲမယ့် စစ်ကောင်စီကို အခွန်ပေးတဲ့လမ်းကို ရွေးမလားဆိုတာ တစ်ဦးချင်းဆုံးဖြတ်ရမယ့် ကိစ္စလို့မြင်ပါတယ်။

မေး။ ။ အမျိုးသားညီညွတ်ရေးစိုးရအနေနဲ့ စစ်ကောင်စီ အခွန်ကောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ လုပ်ဆောင်ဖို့ရော ရှိမလား။

ဖြေ။ ။ စစ်ကောင်စီက နိုင်ငံခြားငွေရဖို့ လုပ်ထားတာ နှစ်ခုရှိပါတယ်။ တစ်ခုကတော့ မိသားစုလွှဲပို့ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို သူတို့ သတ်မှတ်ထားတဲ့ နည်းကနေလွှဲရမယ်ဆိုပြီး အရင်ဆုံးကြေညာတယ်။ ဒါပြီးတော့မှ အခွန်ကို ထပ်ကြေညာတယ်။ မိသားစုလွှဲပို့ငွေပေါ် ကောက်ခံမယ့် ကြေညာချက်ထုတ်တုန်းကလည်း အလုပ်သမား မိသားစုလွှဲပို့ငွေရဲ့ ကြေညာချက်ထုတ်ခဲ့တယ်။ ဒါဟာ ဥပဒေနဲ့ မညီဘူး။ အလုပ်သမားတွေအနေနဲ့ ဒါကို ပေးစရာမလိုဘူး။ အလုပ်သမားရဲ့ သဘောတူညီချက်မပါဘဲ ငွေထဲကနေ ဖြတ်တောက် ခွင့်မရှိဘူး။ ဒါကို သူတို့ နိုင်ငံအသီးသီးရဲ့ ဥပဒေတွေမှာ အကာအကွယ်ပေးထားတယ်။ ဒီကိစ္စကို ဝန်ကြီးဌာနက ကြေညာချက်ထုတ် နှိုးဆော်ထားတာရှိသလို သက်ဆိုင်တဲ့ နိုင်ငံအသီးသီးမှာလည်း ဒါကိုမလုပ်ဖို့ ပြောထားတာရှိတယ်။ ဒုတိယတစ်ဆင့် အခွန်နဲ့ပတ်သက်ရင်တော့ ပထမကြေညာထားတာ ၂ ရာခိုင်နှုန်းရယ်လို့ မဟုတ်ဘူး။ တကယ်ကောက်တဲ့အခါမှာ အခွန်ထမ်းပြည်သူရဲ့ ရွေးချယ်ခွင့်မဟုတ်ဘဲ သူတို့ရဲ့ သတ်မှတ်ချက် ဖြစ်သွားတယ်။ ဒါနိုင်ငံသားအခွင့်အရေးကို စပြီးချိုးဖောက်တာပဲ။ အခွန်မဆောင်ရင် ပတ်စပို့စ် ဖျက်သိမ်းမယ်ဆိုတာကျ ခြိမ်းခြောက်တာဖြစ်သွားပြီ။ ဒီကိစ္စတွေကို ဝန်ကြီးဌာနတွင်း ၊အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ဝန်ကြီးဌာန အချင်းချင်းကြား၊ နိုင်ငံတကာရောက်နေတဲ့ အဖွဲ့အစည်းတွေကြား၊ ပြည်တွင်းမှာရှိနေတဲ့ သပိတ်အင်အားစုတွေကြား အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်ပြီးတော့ ဖြစ်နိုင်မယ့် အချက်အလက်တွေကို ကောက်ယူရပါတယ်။ ကောက်ယူပြီးတော့မှ ဘယ်နိုင်ငံတွေ ကိုတော့ ဘယ်လို ချဥ်းကပ်ပြီး ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ ဆုံးဖြတ်ပြီး တစ်ဆင့်ချင်း ဆောင်ရွက်နေတာရှိပါတယ်။

မေး။ ။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် NUG က ဘယ်လိုကူညီဆောင်ရွက်မှု တွေ ရှိနေပါလဲ။

ဖြေ။ ။ ဝန်ကြီဌာနမှာ ပြည်ပ ရွှေ့ပြောင်းအလုပ်သမားရေးရာဦးစီးဌာန ဖွဲ့ထားတာရှိတယ်။ ဒီဌာနကနေပြီး တိုင်ကြားယန္တရားအဖြစ် ဖေ့စ်ဘွတ်ခ်ပေ့ချ်နဲ့ တယ်လီဂရမ် လုပ်ထား တယ်။ ပြည်တွင်း၊ ပြည်ပမှာရှိနေတဲ့ အလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ အလုပ်သမား ရေးရာ နစ်နာချက်တွေကို လာတိုင်လို့ရတယ်။ ပြည်တွင်းက အမှုကိစ္စတွေကို သက်ဆိုင်ရာ အလုပ်သမား သမဂ္ဂတွေနဲ့ ညှိနှိုင်းပြီး ဖြေရှင်းပေးရတာမျိုးရှိတယ်။ ပြည်ပမှာရောက်နေတဲ့ အလုပ်သမားအရေးတွေလည်း ဖြေရှင်းဆောင်ရွက်ပေးရပါတယ်။ အများစုကတော့ ထိုင်းပါ။ ထိုင်းနိုင်ငံမှာရှိနေတဲ့ အလုပ်သမားအများစုကိုတော့ ဒီမှာရှိနေတဲ့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေနဲ့ ပူပေါင်းပြီး သူတို့ရဲ့ နစ်နာမှုတွေကို ဖြေရှင်းပေးနေပါတယ်။

မေး။ ။ အခုလိုမျိုး အချိန်ပေးပြီး RFA မှာ ဖြေကြားပေးတဲ့အတွက် ကျေးဇူးများကြီး တင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ ကျွန်တော်တို့ အလုပ်သမားဝန်ကြီးဋ္ဌာနကလည်း RFA ကို ကျေးဇူးများကြီး တင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။