ကျွန်တော့်ကလေးတွေအပါအဝင် မိသားစုဝင်ခြောက်ယောက်လုံး သေဆုံးသွားတယ်

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.10.11

မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်းတိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့သူတွေထဲ ဦးမရန်ဘောက်လာရဲ့ သားသမီးသုံးယောက်အပါအဝင် မိသားစု တစ်စုလုံးပါသွားပါတယ်။ တောင်ယာစိုက်ဖို့ နေရပ်ပြန်နေတုန်း အဖြစ်ဆိုးနဲ့ ကြုံရတာမို့ သူပြန်လာချိန်မှာ မိသားစုအားလုံးရဲ့ အလောင်းပဲတွေ့ရပါတော့တယ်။ ဒီလိုရက်ရက်စက်စက်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီကို နိုင်ငံတကာကအရေးယူဖို့လည်း သူကတောင်းဆိုပါတယ်။ တစ်မိသားစုလုံးမှာ တစ်ယောက်ပဲကျန်ခဲ့တဲ့ ဦးမရန်ဘောက်လာကို RFA သတင်းထောက် စောဖိုးခွားက ကချင်စကားပြန်ကနေတဆင့် မေးမြန်းထားပါတယ်။

မေး - မနေ့က မုန်လိုင်ခက်စခန်းတိုက်ခိုက်ခံရမှုမှာ ဦးမရန်ဘောက်လာရဲ့ မိသားစုဝင်တွေအားလုံးသေဆုံးသွားရတယ်လို့သိရပါတယ်။ ဘယ်နှယောက် ဆုံးရှုံးသွားလဲ။

ဖြေ - ကျွန်တော် မိသားစုဝင်ခြောက်ယောက်ပါသွားပါတယ်။ ကျွန်တော့်အမေ အသက် ၆ဝ ကျော်၊ ကျွန်တော့်မိန်းမက အသက် ၃ဝ၊ ကျွန်တော့်ကလေး သုံးယောက်ပါသွားတယ်။ ယောကျာ်းလေး ၁၄ နှစ်တစ်ယောက်နဲ့ ရှစ်နှစ်တစ်ယောက်၊ မိန်းကလေး ၁၂ နှစ်တစ်ယောက် ပြီးတော့ ကျွန်တော့်ညီရဲ့ မိန်းမ အသက် ၃ဝ အရွယ် ကျွန်တော့် ခယ်မလည်းပါသွားတယ်။

မေး - ဦးမရန်ဘောက်လာ ကရော အဲဒီနေ့က ဘယ်လိုဖြစ်လို့လွတ်သွားတာလဲ။

ဖြေ - ကျွန်တော်က ဒုက္ခသည်စခန်းကနေ ကျွန်တော်တို့အိမ်ရှိတဲ့ရွာကို ခဏပြန်ပြီး ရွာမှာကျန်ခဲ့တဲ့ စိုက်ခင်းတွေပြန်ကြည့် ပြန်ရှင်းလင်း စားဝတ်နေရေးအတွက် ငွေရှာထွက်တုန်း လွတ်သွားတုန်းမှာ ဒီလိုအဖြစ်ဆိုးကြုံရတာပါပဲ။ ကျွန်တော်ပြန်လာတော့ မိသားစုရဲ့ အလောင်းပဲတွေ့တော့တယ်။

မုန်လိုင်ခက်စခန်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားတဲ့ အသက်သုံးဆယ်အရွယ် မဒိန်တိန်းမျော်ကို တွေ့ရစဉ်။
မုန်လိုင်ခက်စခန်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားတဲ့ အသက်သုံးဆယ်အရွယ် မဒိန်တိန်းမျော်ကို တွေ့ရစဉ်။

မေး - ရုပ်အလောင်းတွေရဲ့ အခြေအနေကို ဦးမရန်ဘောက်လာ တွေ့ရသလောက် ဘယ်လောက်ဆိုးဆိုးရွားရွားဖြစ်နေလဲ ပြန်ပြောပြနိုင်လား။

ဖြေ - ကျွန်တော့်အမေရဲ့ ရုပ်အလောင်းကတော့ ခေါင်းတွေကွဲသွားပြီး လုံးဝရစရာမရှိအောင်ပါပဲ။ အသားဆိုလို့ ဘာမှမမြင်ရတော့ဘူး။ အရိုးတွေပဲကျန်တော့တယ်။ ကျွန်တော့်မိန်းမနဲ့ သားသမီးတွေကတော့ အိမ်အဆောင်ပိပြီး သေသွားတယ်။ ကျွန်တော်တို့ အဆောင်တွေဆိုလည်း အကုန်ပျက်စီးကုန်တယ်။ ဘာမှရစရာမရှိတော့ဘူး။

မေး - အဲဒီနေရာက ဒုက္ခသည်စခန်းနေရာလား၊ လူတွေဘယ်လောက်လောက်နေကြလဲ။

မေး - အဲဒီနေရာက စစ်စခန်းတွေနဲ့ တွဲနေတာမဟုတ်ဘူး။ ဒုက္ခသည်စခန်းအိမ်ခြေ ၂ဝဝ ကျော်ရှိတယ်။ ဒီနေရာ အရင်ကတည်းက ရွာအဖြစ်ရှိနေတာပါ၊ NGOs အဖွဲ့တွေက ဒုက္ခသည်စခန်းအဖြစ် နေရာချပေးထားလို့ ကျွန်တော်တို့ လာနေတာ၊ သူတို့ (စစ်ကောင်စီ)ဘက်ကတော့ ဒါကို ဘယ်လိုမြင်လဲမသိ၊ ကျွန်တော်ပြည်သူတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ ဒီနေရာကို ဘယ်လိုမှ ပစ်စရာအကြောင်းမရှိဘူး။

မုန်လိုင်ခက်စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားသည့် အသက် ၁၂ နှစ်အရွယ် မရန်လုမိုင်ကို တွေ့ရစဉ်။
မုန်လိုင်ခက်စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားသည့် အသက် ၁၂ နှစ်အရွယ် မရန်လုမိုင်ကို တွေ့ရစဉ်။

မေး - ဦးမရန်ဘောက်လာတို့ မိသားစု အဲဒီစခန်းမှာနေတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ - ၂ဝ၁၁ ခုနှစ် တိုက်ပွဲတွေဖြစ်ပြီးတော့ ကျွန်တော်တို့ မဂါ့ရန်စစ်ဘေးဒုက္ခသည်စခန်းကိုသွားနေရတယ်။ ၂ဝ၁၄ မှာ အဲဒီကတစ်ဆင့် ကျွန်တော်တို့ ဝေကျိုင်လိုင်ဇာ ဒုက္ခသည်စခန်းဘက်ပြေးလာရတယ်။ အဲဒီနေရာကတော့ လိုင်ဇာကနေဆို တစ်မိုင်လောက်ဝေးတယ်။ အဲဒီကနေတဆင့် အခု မုန်လိုင်ခက်ဒုက္ခသည်စခန်းပြောင်းလာနေတာ ခြောက်နှစ် ခုနစ်နှစ်လောက်ရှိပြီ။ မုန်လိုင်ခက်မှာ ၂ဝ၁၆ ကတည်းကနေနေတာ။

မေး - ဦးမရန်ဘောက်လာအနေနဲ့ ဒီဒုက္ခသည်စခန်းတိုက်ခိုက်မှုကို ဘယ်သူ့ လက်ချက်လို့ မြင်လဲ။

ဖြေ - ဒါကစစ်ကောင်စီလက်ချက်ပဲ၊ ကမ္ဘာ့စစ်တွေမှာသုံးတဲ့ လေယာဉ် ဗုံးအမျိုးအစားလောက်ရှိတယ်။ ဗုံးတစ်လုံးချသံပဲကြားလိုက်ရတယ်။ ဖြစ်တဲ့နေရာနဲ့ တစ်မိုင်အတွင်းမှာရှိတဲ့ လူတွေမသေရင်တောင် အိမ်တွေ အကုန်ပျက်စီးသွားတယ်။ NGOs တွေ ဆောက်ပေးတဲ့ အိမ်တွေရော၊ ဒေသခံတွေ ခက်ခက်ခဲခဲ ဆောက်ထားတဲ့အိမ်တွေရော အခုဆို သံတိုင် အုတ်မြစ်တွေပဲကျန်တယ်။ ဒီဟာက ကမ္ဘာစစ်တွေမှာသုံးတဲ့ ဗုံးအမျိုးအစားလို့ပဲ နားလည်တယ်။ မြန်မာပြည်မှာတစ်ခါမှ မသုံးဖူးတဲ့ ဗုံးအမျိုးအစား၊ တစ်ခါတည်းချလိုက်တာကို ဒီလောက် ကျင်းအနက်ကြီးဖြစ်သွားတယ်။

မုန်လိုင်ခက်စခန်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားသည့် အသက် ရှစ်နှစ်အရွယ် မရန်နော်လီကို တွေ့ရစဉ်။
မုန်လိုင်ခက်စခန်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားသည့် အသက် ရှစ်နှစ်အရွယ် မရန်နော်လီကို တွေ့ရစဉ်။

မေး - စစ်ကောင်စီကတော့ သူတို့လက်ချက် မဟုတ်ဘူးလို့ပြောတယ်။ ဒါနဲ့ပတ်သက်လို့ ဘာပြောချင်လဲ။

ဖြေ - စစ်ကောင်စီက ဒါပြည်သူတွေကို လိမ်တာပဲ၊ ဒါသူတို့ လာလုပ်တာ၊ လေယာဉ်က KIA လည်းမသုံးဘူး။ လေယာဉ်က စစ်ကောင်စီမှာပဲရှိတာ၊ ဒါစစ်ကောင်စီလက်ချက်ပဲ၊ KIA က လေယာဉ်နဲ့ဗုံးကြဲရအောင် လက်နက်ဒီလောက်ကြီးကြီးမားမားလည်းမရှိဘူး။ လေယာဉ်လည်းမရှိဘူး။ အချိန်ကလည်း ညသန်းခေါင်မှာဖြစ်သွားတာ၊ လာချတဲ့နေရာမှာလည်း ဘတ်ဖိုးကားကြီးတစ်ကုပ်စာလောက် နက်သွားတယ်။ စစ်ကောင်စီက ဘယ်လိုပဲလိမ်လိမ် ဒါစစ်ကောင်စီလက်ချက်ပဲဆိုတာ ကလေးကအစသိတယ်။

မေး - ဦးမရန်ဘောက်လာ က အဲဒီနေရာမှာမရှိဘဲ ဘာလို့ လေယာဉ်နဲ့ လာပစ်တာလို့ ပြောနိုင်တာလဲ။

ဖြေ - ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျွန်တော့်မိသားစုဝင်တွေကို သွားမေးဖို့ဆိုတာ မိသားစုလည်း တစ်ယောက်မှ မရှိတော့ဘူး။ ရွာမှာကျန်ခဲ့တဲ့သူတွေ အသက်ရှင်ကျန်သူတွေပြောတာက ညကြီးအချိန်မတော် အိပ်မောကျနေတဲ့အချိန် လေယာဉ်သံကြားလိုက်တယ်။ ပြီးတော့ ဗုံးပေါက်သံအကျယ်ကြီး တစ်သံပဲကြားပြီး မြေငလျင်လှုပ်သလိုပဲဖြစ်သွားတယ်။ အဲဒီဖြစ်တော့ ဘယ်သူ ဘာဖြစ်ကြလဲဆိုတာ ဘာမှမသိတော့ဘူး။ ဗုံးကတော်တော်အင်အားပြင်းတော့ အခု အသက်မသေဘဲကျန်နေသူတွေကလည်း ရူးကြောင်ကြောင်တွေဖြစ်နေတယ်။

မေး - မိသားစုဝင်တွေအားလုံးဆုံးရှုံးလိုက်ရတဲ့သူတစ်ယောက်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာကို ဘာပြောချင်လဲ။

ဖြေ - ကျွန်တော့်မိသားစုတွေလည်း တစ်ယောက်မှမရှိတော့ဘူး။ ကျွန်တော်တစ်ယောက်တည်း ဘဝရှေ့ဆက်ဘယ်လိုလျှောက်မလဲဆိုတာ ပြောတောင်မပြောပြတတ်တော့ဘူး။ အပြစ်တင်မယ်ဆိုရင်တော့ အပြစ်တင်လို့ဆုံးမှာမဟုတ်ဘူး။ သူ(စစ်ကောင်စီ) အုပ်ချုပ်နေတာကို အခုချက်ချင်းပြောင်းလဲစေချင်တယ်။ အခုချက်ချင်းဖြုတ်သိမ်းပေးဖို့ (နိုင်ငံတကာကို) တောင်းဆိုချင်တယ်။ ဒီစစ်ကောင်စီက ဒီတိုင်းပြည်ကို မအုပ်ချုပ်နိုင်ရင် မအုပ်ချုပ်နဲ့တော့၊  မအုပ်ချုပ်ရင် ကောင်းမယ်လို့ အဲ့ဒီလိုပဲမြင်တယ်။

မုန်လိုင်ခက်စခန်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားသည့် အသက် ၁၄ နှစ်အရွယ် မရန်ဇော်မွန်းကို တွေ့ရစဉ်။
မုန်လိုင်ခက်စခန်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားသည့် အသက် ၁၄ နှစ်အရွယ် မရန်ဇော်မွန်းကို တွေ့ရစဉ်။

မေး - ဦးမရန်ဘောက်လာ နောက်ထပ်ဘာများပြောချင်သေးလဲ။

ဖြေ - အခုလောလောဆယ် ကျွန်တော်အရမ်းခံစားနေရလို့ ခင်ဗျားကိုဖြေတာ ပြည့်စုံချင်မှပြည့်စုံလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက လက်ရှိစစ်ကောင်စီ အုပ်ချုပ်နေတာကို တစ်မိနစ် တစ်စက္ကန့်တောင်မခံချင်တော့ဘူး။ ဒါကိုအမြန်ဆုံးပြောင်းစေချင်တာပဲ သိတော့တယ်။

မုန်လိုင်ခက် ဒုက္ခသည်စခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်ကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပေမဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာကတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုလို့ ပြောဆိုထားကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကလေး ၁၁ ဦးအပါအဝင် ဒုက္ခသည် ၂၉ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။