ကချင်ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှု တွမ်အင်ဒရူးနဲ့ မေးမြန်းချက်
2023.10.11
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ညက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/KIO) ဌာနချုပ်တည်ရှိတဲ့ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်းတိုက်ခိုက်ခံရပြီး လူအမြောက်အမြား သေဆုံးဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ ထပ်ပြီးသိရဖို့ လိုနေသေးပေမဲ့ ဒါဟာ အပြစ်မဲ့ အရပ်သား ပြည်သူတွေကို တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှု နောက်တစ်ခုသာ ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက RFA နဲ့ သီးသန့်မေးမြန်းရာမှာ ပြောလိုက်ပါတယ်။ ကိုရဲခေါင်မြင့်မောင် ဆက်သွယ်မေးမြန်းထားပါတယ်။
___________
RFA - မစ္စတာ တွမ်အင်ဒရူး ခင်ဗျား။ အောက်တိုဘာလ ၉ ရက်က ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ဘာများ တုံ့ပြန်ပြောချင်ပါသလဲ။
Tom Andrews - သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေအရ အောက်တိုဘာလ ၉ ရက်က ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းမှာ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကလေး ၁၁ ယောက်လောက် အပါအဝင် လူတွေ ဒါဇင်နဲ့ချီပြီး အသက်ဆုံးရှုံးသွားတယ်။ ဒီထက်မက အများကြီးလည်း ဒဏ်ရာရသွားကြတယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အတည်ပြုနိုင်ဖို့ သတင်းအချက်အလက်တွေ ထပ်ပြီးသိရဖို့ ကြိုးစားနေဆဲ ဖြစ်ပေမဲ့ ကျွန်တော် ကြားသိထားသလောက်ကတော့ ဒီဖြစ်ရပ်က အပြစ်မရှိတဲ့ အရပ်သားပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှု နောက်တစ်ခု ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာစစ်တပ်က အရပ်သား ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ ကျယ်ပြန့်တဲ့ စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ စစ်ရေးပဋိပက္ခတွေကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဟာ ရာဇဝတ် ဂိုဏ်းတစ်ခုလို ကျင့်ကြံနေတဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှု ညွှန်ပြနေပါတယ်။
RFA - စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီတိုက်ခိုက်မှုအတွက် သူတို့မှာ တာဝန်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါ့အပြင် ကချင် လွတ်မြောက်ရေးအဖွဲ့ KIA/KIO ရဲ့ လက်နက်တိုက် ပေါက်ကွဲမှုကြောင့် ဖြစ်နိုင်တယ်လို့ပါ ပြန်စွပ်စွဲထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ရော ဘာများ ပြောချင်ပါသလဲ။
Tom Andrews - ဒီလို တိုက်ခိုက်မှုတွေ လုပ်ပြီးတိုင်း သူတို့မှာ တာဝန်မရှိကြောင်း ငြင်းဆိုတာ၊ အကြောင်းပြချက် အမျိုးမျိုးပေးတက်တာ မြန်မာ စစ်ခေါင်းဆောင်တွေ လုပ်နေကျ အပြုအမူဖြစ်ပါတယ်။ အခုကိစ္စမှာလဲ တာဝန်မခံဘဲ အခြားသူတွေကို အပြစ်ပုံချတာလည်း သူတို့လုပ်နေကျ ပုံစံ အတိုင်းပါပဲ။ ကျွန်တော် ပြောနိုင်တာက ဒီတိုက်ခိုက်မှု ဖြစ်ခဲ့တာ သေချာပါတယ်။ အပြစ်မရှိတဲ့ အရပ်သား ပြည်သူတွေ အမြောက်အများ အသက်ဆုံးရှုံးကြ၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရကြတာလည်း သေချာပါတယ်။ ဒီဖြစ်ရပ်အကြောင်း အသေးစိတ် အချက်အလက်တွေ သိရဖို့ လိုနေပါသေးတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်က လုပ်နေကျ ပုံစံအတိုင်း ဖြစ်နေပါတယ်။ အရပ်သားပြည်သူတွေအပေါ် ဆိုးဝါး ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်မယ်၊ ပြီးရင် အကြောင်းပြချက် အမျိုးမျိုးပေးပြီး သူတို့မှာ တာဝန်မရှိကြောင်း ငြင်းဆန်မယ်။ ဒီပုံစံအတိုင်း ထပ်တလဲလဲ ဖြစ်နေတာပါ။ မြန်မာစစ်တပ်က ဒီလို ပုံစံအတိုင်း ဆက်လုပ်နေတာဟာ သူတို့မှာ အပြစ်ရှိကြောင်း သက်သေပြနေသလိုပါပဲ။ ဒီဖြစ်ရပ်ဟာ အပြစ်မဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ် ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။
RFA - အခုအချိန်မှာပေါ့၊ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်တဲ့နေရာမှာ မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ တုံ့ပြန်ဆောင်ရွက်မှုက နှေးလွန်းတယ်လို့ ဝေဖန်ပြောဆိုတာကို လက်ခံနိုင်ပါသလား။
Tom Andrews - ဒီလို ပြောတာ လုံးဝမှန်ကန်ပါတယ်။ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေက နှေးလွန်းနေတယ်ဆိုတာ အမှန်ပါပဲ။ နောက်ပြီး အရေးကြီးရင် ကြီးသလို ထိထိရောက်ရောက် လုပ်သင့်သလောက်လည်း မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒါ့အပြင် မြန်မာ့အရေးအတွက် ဆောင်ရွက်ချက်တွေဟာ အာရုံစူးစိုက်မှုလည်း မရှိသလို၊ လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းမှုလည်း မရှိပါဘူး။ ဒီပြဿနာတွေကို လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အားလုံးသိအောင် တင်ပြသွားဖို့ ရှိပါတယ်။ မြန်မာနိုင်ငံအခြေအနေတွေဟာ ဆိုးပြီးသား အခြေအနေကနေ ပိုဆိုးသထက် ဆိုးလာနေပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက မြန်မာနိုင်ငံ ပြဿနာကို ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ဖို့ ပျက်ကွက်နေပါတယ်။ အခုအချိန်မှာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ နိုင်ငံတကာရဲ့ ပျက်ကွက်မှုတွေကိုပဲ တွေ့မြင်နေရပါတယ်။
RFA - အခု ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်မှုမှာ ထိခိုက်ခံစားခဲ့ရတဲ့ သူတွေရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေကို ဘာများ ပြောချင်ပါသလဲ။
Tom Andrews - ဒီ တိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ အခြား ထိခိုက်ခဲ့တဲ့ ထောင်ပေါင်းများစွာသော ကျား၊ မ၊ ကလေး လူကြီးအားလုံးအတွက် ကျွန်တော် အထူးပဲ စိတ်မကောင်းဖြစ်မိကြောင်း ပြောချင်ပါတယ်။ အခုအချိန်မှာ ခုလိုပြောရတာ အားရစရာတော့ မရှိပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ မြန်မာ့နိုင်ငံအရေးကို တကယ်ပဲ အလေးထား ဂရုစိုက်တဲ့သူတွေလည်း ရှိနေပါသေးတယ်။ မြန်မာပြည်သူတွေကို ကမ္ဘာကြီးက မေ့မထားပါဘူး။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံအတွက် နိုင်ငံတကာရဲ့ ပျက်ကွက်မှုနဲ့ လုံလောက်တဲ့ တုံ့ပြန်မှု မရှိတဲ့ အခြေအနေတွေကို ပြောင်းလဲဖို့ ကြိုးကြိုးစားစား အလုပ်လုပ်နေပါတယ်လို့ ပြောချင်ပါတယ်။