စစ်ကောင်စီရွေးကောက်ပွဲကို NLD ဘယ်လိုဆန့်ကျင်မလဲ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.01.25

ဒီမိုကရေစီနည်းကျကျ ကျင်းပနိုင်တဲ့ ပါတီစုံရွေးကောက်ပွဲမပေါ်ပေါက်ခင်အထိ NLD ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ ကိုင်စွဲထားမှာဖြစ်ပြီး စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်သွားဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီအစည်းအဝေးတွေမှာ ဆုံးဖြတ်ထားတယ်လို့ NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ စမ်းချောင်းမြို့နယ် NLD ပါတီဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။

စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲကို NLD အနေနဲ့ အနုနည်းနဲ့ဆန့်ကျင်မှာဖြစ်ပြီး ပြည်သူလူထုပါဝင်ရေးအတွက် ကမ်ပိန်းတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သူကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ ၂၀၂၃ ဇန်နဝါရီလ ၅ ရက်နေ့အထိ NLD ပါတီက နောက်ဆုံးကောက်ယူထားတဲ့ စာရင်းအရ မတရားဖမ်းဆီးခဲ့တဲ့ပြည်သူ ၁၂၆၇၀ ရှိပြီး အဲ့ဒီအထဲမှာ ပြန်လွတ်လာသူ ၃၇၅၈ ဦးရှိတယ်လို့ ဦးဘိုဘိုဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရဆဲ လူဦးရေ ၈၉၀၀ ကျော်မှာ အရပ်သား ၇၆၈၀ ဦးနဲ့ NLD ပါတီဝင် ၁၂၃၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ပါတီဝင် ၁၂၃၀ ထဲမှာ ဖမ်းဆီးခံ NLD လွှတ်တော်ကိုယ်စားလှယ် ၈၀ ခန့်ပါဝင်ပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ လက်ရှိဇန်နဝါရီလတွေအတွင်း NLD ပါတီဝင်တွေကို ဖမ်းဆီးမှုတွေတိုးလာတယ်လို့ သူကပြောပါတယ်။ NLD က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်တဲ့ စာရင်းနဲ့ တွက်ချက်ကြည့်တဲ့အခါ နှစ်လအတွင်း ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင် ၆၁ ဦးထပ်တိုးလာပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ပြီး ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်။ ရွေးကောက်ပွဲကို ကန့်ကွက်မယ်လို့ ကြေညာထားတဲ့ NLD ဘက်ကကောဘယ်လိုပြင်ဆင်မှုတွေရှိနေပါသလဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်းမြို့နယ် NLD ပါတီဒုတိယဥက္ကဋ္ဌလည်းဖြစ် ရန်ကုန်တိုင်းဒလမြို့နယ်ရဲ့ NLD လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဘိုဘိုဦးကို “RFA နှင့်စကားပြောခြင်း” အစီအစဉ်ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။