မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တိုက်ပွဲ နှစ်ဦး သေဆုံး၊ ၃၆ ဦး ဖမ်းဆီးခံရ
2023.01.18
ဇန်နဝါရီလ ၁၈ ရက်နေ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်နမိတ်မျဉ်းက ဒုက္ခသည်စခန်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ RSOက အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA အဖွဲ့ဝင်တွေကို ဝင်ရောက်စီးနင်းရာကနေ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုအတွင်း RSO အဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး RSO ဘက်ကလည်း ARSA အဖွဲ့ကလို့ယူဆသူ ၃၆ ဦးကို ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်အစိုးရထံ လွှဲပြောင်းပေးခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ရိုဟင်ဂျာအရေး အကြံပေး ဦးအောင်ကျော်မိုးကပြောပါတယ်။
ဒုက္ခသည်တွေရဲ့ပြောဆိုချက်အရ ဖမ်းဆီးခံရသူတွေဟာ ARSA အဖွဲ့ဝင်တွေမဟုတ်ဘဲ စခန်းအတွင်း နေထိုင်တဲ့ ဒုက္ခသည်တွေသာဖြစ်လို့ စိစစ်ပြီး ပြန်လွှတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရထံ တောင်းဆိုတယ်လို့ သူကပြောပါတယ်။
တိုက်ပွဲကြောင့် လူဦးရေတစ်သောင်းခွဲလောက်ရှိတဲ့ ဒုက္ခသည်စခန်းမီးလောင်ခဲ့ပြီး လူဦးရေနှစ်ထောင်လောက်က မြန်မာပြည်ထဲ ထွက်ပြေးသလို ရာဂဏန်းက ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ခိုလှုံတာတွေရှိခဲ့တယ်လို့ ဦးအောင်ကျော်မိုးကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ရိုဟင်ဂျာအရေး အကြံပေးဦးအောင်ကျော်မိုးကို “RFA နှင့်စကားပြောခြင်းအစီအစဉ်” ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။