ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ နည်းလမ်းသစ်တွေ လိုအပ်ကြောင်း အမေရိကန်ပြော
2024.08.24
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခံရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ ခုနစ်နှစ်ပြည့်ခဲ့ပါပြီ။ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရဖို့ ကြိုးပမ်းနေတာတွေ ဘာရလဒ်မှ ထွက်မလာသေးပေမဲ့ ကမ္ဘာအရပ်ရပ်က တရားရုံးတွေမှာ ဆက်ကြိုးပမ်းနေကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် (Beth Van Shaack) ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဝါရှင်တန်ဒီစီမြို့တော် နိုင်ငံခြားရေးဌာနမှာ သွားရောက် တွေ့ဆုံမေးမြန်းထားပါတယ်။
RFA: သံအမတ်ကြီး ခင်ဗျား။ အခုလမှာ သန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ ရှင်းလင်းရေး စစ်ဆင်ရေးတွေ လုပ်ခဲ့တာ ခုနစ်နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ ပိုဆိုးလာပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ အိမ်ပြန်နိုင်ဖို့အတွက်လည်း အလှမ်းဝေးနေပါသေးတယ်။ အခုအချိန်မှာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရဖို့ အလားအလာ ဘယ်လိုရှိပါသလဲ။
Beth Van Schaack: အခုလို လာရောက်မေးမြန်းတာ ကျေးဇူးတင်ပါတယ်။ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရဖို့ မျှော်လင့်ချက်မရှိဘူးလို့ ထင်ရပေမဲ့၊ တရားမျှတမှုရဖို့ နောက်ကွယ်က ဘယ်လောက်အထိ ကြိုးပမ်းအားထုတ်ခဲ့ကြသလဲဆိုတာကို ပြောပြချင်ပါတယ်။ အခုအချိန်မှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး တရားရုံး တော်တော်များများမှာ စွဲဆိုထားတဲ့အမှု တော်တော်များများ ရှိနေပါတယ်။ ဒီအမှုတွေက ရိုဟင်ဂျာတွေကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ်အမျိုမျိုးကို Genocide Convention အပါအဝင် နိုင်ငံတကာ ဥပဒေတွေ အောက်မှာ စွဲဆိုထားတာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC က ဆောင်ရွက်နေတဲ့ အမှုမှာ ဖမ်းဝရမ်း ထုတ်တာမျိုး မလုပ်နိုင်သေးပေမဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။
အာဖရိက အနောက်ပိုင်းက ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ စွဲဆိုထားတဲ့ အမှုကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သည်ဟိတ်မြို့က ICJ တရားရုံးကို ရိုဟင်ဂျာအချို့ကိုယ်တိုင် တက်ရောက်ပြီး ထွက်ဆိုခဲ့ကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း သူတို့နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူတို့က ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေက မြန်မာစစ်တပ်ရဲ့ ရှင်းလင်းရေး စစ်ဆင်ရေးကနေ လွတ်မြောက်လာတဲ့ ကိုယ်တွေ့ ဖြစ်ရပ်တွေနဲ့ နောက်ပိုင်း ကော့ဆက်ဘဇား ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတာ ဘယ်လောက်ခက်ခဲသလဲဆိုတဲ့ အတွေ့အကြုံတွေကို နိုင်ငံတကာ တရားသူကြီးတွေရှေ့မှာ ပြောပြခွင့်ရတာ အားရဖို့ ကောင်းတဲ့အကြောင်း ပြောပြခဲ့ကြပါတယ်။
နောက်ပြီး အခြားနိုင်ငံတွေမှာလည်း ကမ္ဘာလွှမ်းခြုံ တရားစီရင်ခွင့် Universal jurisdiction သဘောအရ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးမှုတွေကို သီးခြားစီ လုပ်နေကြတာလည်း ရှိပါတယ်။ အာဂျင်တီးနား နိုင်ငံက အမှုက အထင်ရှားဆုံး ဖြစ်ပါတယ်။ Universal jurisdiction သဘောအရ ကမ္ဘာ့ ဘယ်နိုင်ငံမှာမဆို အမှုဖွင့်ပြီး တရားစွဲဆိုခွင့် ရှိပါတယ်။ အခုအချိန်အထိတော့ ဘယ်တရားရုံးကမှ အမိန့်ချတာ၊ စီရင်ချက်ချတာတွေ မရှိသေးပေမဲ့ ကမ္ဘာအရပ်ရပ်က တရားရုံးတွေမှာ အလုပ်ဆက်လုပ်နေကြတယ်လို့ ပြောချင်ပါတယ်။
RFA: မကြာခင်ကပဲ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး ICC ကနေပြီးတော့၊ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို နိုင်ငံတကာအဆင့် ဖမ်းဝရမ်း ထုတ်လိုက်တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဆိုးရွားပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှုတွေ ဆက်ဖြစ်နေပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဆောင်ရွက်ဖို့ အလားတူ မြန်ဆန်တဲ့ ဆောင်ရွက်မှုမျိုး မတွေ့ရသေးပါဘူး။ ရိုဟင်ဂျာ အရေးနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းအတွက် အခြား ကမ္ဘာ့အရေးကိစ္စတွေလိုပဲ ထိရောက်တဲ့ စူးစိုက်ဆောင်ရွက်မှုတွေ ရှိလာဖို့ ဘာတွေလိုမယ်ထင်ပါသလဲ။
Beth Van Schaack: ဟုတ်ပါတယ်။ ဒီအမှုအတွက် တရားရေးအရာရှိတွေက တော်တော်လေး ကြိုးစားနေကြတယ်လို့ သိထားပါတယ်။ မြန်မာနိုင်ငံနဲ့ မတူတဲ့ အခြေအနေတစ်ခုက ယူကရိန်းမှာက စစ်ရာဇဝတ်မှုနဲ့ အခြား သတ်ဖြတ်မှုတွေ ဖြစ်နေတဲ့နေရာတွေကို တရားရေးအရာရှိတွေ ကိုယ်တိုင်သွားရောက်လို့ ရနေပါတယ်။
သူတို့က ယူကရိန်းမှာ အခြေစိုက်စခန်းတစ်ခု ဖွင့်ထားပြီးတော့ စုံစမ်းစစ်ဆေးသူတွေကို အခင်းဖြစ်တဲ့နေရာတွေကို ချက်ချင်း စေလွှတ်ပြီး စုံစမ်းစစ်ဆေးနိုင်ပါတယ်။ မြန်မာနိုင်ငံက ဒေသတွေကို ICC နဲ့ အခြား စုံစမ်းစစ်ဆေးသူတွေ မသွားရောက်နိုင်သေးပါဘူး။ ဒါကြောင့် သူတို့က မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ အခြေစိုက်ပြီး အလုပ်လုပ်နေရပါတယ်။ နောက်ပြီး ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းတွေဆီကို သွားလို့ရတဲ့အတွက် အဲဒီစခန်းတွေကို အကြိမ်ကြိမ် သွားရောက်ပြီး သတ်ဖြတ်မှုတွေကနေ လွတ်မြောက်လာတဲ့သူတွေကို တွေ့ဆုံမေးမြန်းတာတွေ လုပ်ကြပါတယ်။ ဒါကြောင့် တရားမျှတမှုရဖို့ ဆောင်ရွက်မှုတွေ ဆက်သွားနေပါတယ်။ သိပ်မကြာခင်မှာလဲ ICC ရဲ့ ဆောင်ရွက်ချက်တွေကို တွေ့ရဖို့ ရှိတယ်လို့ ထင်ပါတယ်။
ကုလသမဂ္ဂကနေလည်း မြန်မာနိုင်ငံ တစ်ခုတည်းအတွက် လေ့လာစုံစမ်းမဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM ကို ဖွဲ့စည်းထားပါတယ်။ သူတို့ရဲ့ တစ်ဖွဲ့က ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခံရတဲ့ ကိစ္စတွေအတွက် စုံစမ်းစစ်ဆေးနေပြီး၊ ဒုတိယအဖွဲ့က ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖြစ်လာတဲ့ ရာဇဝတ်မှုတွေကို လေ့လာမှတ်တမ်းတင်နေပါတယ်။ ဒါကြောင့် IIMM ကနေလည်း သက်သေအထောက်အထားအမျိုးမျိုးကို စုဆောင်းမှတ်တမ်းတင်နေပြီးတော့ ကမ္ဘာအရပ်ရပ်က တရားစွဲဆိုမဲ့သူတွေ၊ စုံစမ်းစစ်ဆေးသူတွေ အားလုံးကို မျှဝေသွားမှာ ဖြစ်ပါတယ်။
RFA: ရိုဟင်ဂျာအရေးနဲ့ ပက်သက်လို့ နိုင်ငံတကာရဲ့ တုံ့ပြန် ဆောင်ရွက်မှုတွေ မအောင်မြင်ပဲ ဖြစ်နေတယ်လို့ ထင်ပါသလား။
Beth Van Schaack: မအောင်မြင်ဘူးလို့တော့ ကျွန်မ မထင်ပါဘူး။ ဒါပေမဲ့ အလွန်ခက်ခဲတဲ့ အခြေအနေ ကြုံနေရတာတော့ အမှန်ပါပဲ။ အမေရိကန်နိုင်ငံဟာ ရိုဟင်ဂျာတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးဖို့၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် လက်ခံထားတဲ့ နိုင်ငံတွေကို ဒေါ်လာ သန်းပေါင်းများစွာ ပေးအပ်ခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဆက်ဖြစ်နေပြီး၊ စစ်ကောင်စီက ထိန်းချုပ်နိုင်တဲ့ နယ်မြေ နည်းသထက် နည်းလာနေတယ်။ အာဏာရှိတဲ့ လက်နက်ကိုင် အဖွဲ့တော်တော်များများလည်း ပေါ်ထွက်လာနေပါတယ်။ ဒီအဖွဲ့တွေကြားမှာ ဒီမိုကရေစီ နည်းလမ်းကျပြီး အားလုံး ပါဝင်တဲ့ မြန်မာနိုင်ငံကို ဘယ်လို ပြန်လည်ထူထောင်ကြမလဲဆိုတာ ဆွေးနွေးနေဆဲ အဆင့်ပဲ ရှိပါတယ်။ ဒီလို အခြေအနေတွေကြောင့်၊ ကျွန်မတို့ အများကြီး လုပ်မပေးနိုင်ပါဘူး။ နိုင်ငံနယ်နမိတ် အပြင်ဘက်ကနေ လုပ်လို့ရသလောက်ပဲ လုပ်ပေးနိုင်ပါတယ်။ အခုတက်လာတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရသစ်ကတော့ ကော့ဆက်ဘဇားက ဒုက္ခသည် စခန်းတွေမှာ လူသားချင်း စာနာမှု အကူအညီတွေ ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် ပေးဖို့ ခွင့်ပြုမယ်လို့ မျှော်လင့်ရပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် အကူအညီပေးဖို့အတွက်ကလည်း၊ သူတို့အတွက် လုံခြုံ စိတ်ချရပြီး ကိုယ်တိုင် ဆန္ဒအလျှောက် ပြန်လာကြတဲ့ အချိန်၊ သူတို့တွေ အစဉ်အဆက် နေထိုင်လာတဲ့ ဒေသတွေကို ပြန်ပြီး ဘဝ ပြန်စနိုင်ဖို့ ရေရှည် အကျိုးဖြစ်ထွန်းစေမဲ့ အစီအစဉ်တွေ ရှိလာတဲ့အချိန် ရောက်လာမှာ ဖြစ်နိုင်ပါလိမ့်မယ်။
RFA: အခုအချိန်မှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ နဲ့ တစ်ဘက်နိုင်ငံကို ဒုက္ခသည် အဖြစ် ထွက်ပြေးရတာတွေ တကြော့ပြန်ပြီး ဖြစ်လာနေပါတယ်။ အခု ဖြစ်နေတဲ့ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု မြောက်တယ်လို့ သတ်မှတ်နိုင်ပါသလား။
Beth Van Schaack: ဒါက ပြောဖို့ ခက်ပါတယ်။ အခုအချိန်မှာ သတင်းအချက်အလက်တွေ သိရဖို့ ခက်ခဲနေပါသေးတယ်။ ဒီအဖြစ်အပျက်တွေက လက်ရှိ လောလောလတ်လတ် ဖြစ်နေတာဖြစ်တဲ့အတွက် အချက်အလက်တွေ အားလုံးကို အတည်ပြုဖို့ ခက်ခဲနေပါသေးတယ်။ ကျွန်မတို့ သိထားတာက သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တယ်။ စစ်ရေးတိုက်ခိုက်မှုတွေ တိုးလာတာနဲ့အမျှ အရပ်သားပြည်သူတွေ ထိခိုက်မှုရှိခဲ့ပါတယ်။ လူမျိုးစု အမျိုးမျိုး ပါဝင်တဲ့ အရပ်သား ပြည်သူတွေ ထိခိုက်ခံစားခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးကို အမြန်ဆုံး အပစ်ရပ် သဘောတူညီချက်ရအောင် ကြိုးပမ်းကြဖို့ ကျွန်မတို့ တိုက်တွန်းခဲ့ပါတယ်။ ကျွန်မတို့ မျှော်လင့်ထားတာက မြန်မာနိုင်ငံမှာ တဖြည်းဖြည်း ငြိမ်းချမ်းရေးရပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ စစ်ကောင်စီက အာဏာမစွန့်ချင်တဲ့အတွက် ဒီလို မဖြစ်သေးဘဲ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ သက်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်နေတာ ဖြစ်ပါတယ်။
RFA: အခုဆိုရင် မြန်မာစစ်တပ်ဟာ စစ်မြေပြင်မှာ ဆက်တိုက်ရှုံးနိမ့်ပြီး မြို့ရွာတွေ တစ်ခုပြီးတစ်ခု လက်လွှတ်နေရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက နယ်မြေတွေ တစ်ခုပြီးတစ်ခု တိုးပြီး ထိန်းချုပ်လာနေပါတယ်။ ဒီလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဘယ်လို သတင်းစကားပါးချင်ပါသလဲ။
Beth Van Schaack: တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သူတို့ဟာ တပ်မတော်လို မဟုတ်ကြောင်း ပြသဖို့လိုတယ်လို့ ပြောချင်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ သမိုင်းတစ်လျှောက်ကို ပြန်ကြည့်ရင် သူတို့ တပ်သားတွေရောက်တဲ့နေရာတိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တာ တွေ့နိုင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံတကာရဲ့ အမြင်မှာ တရားဝင်ဖြစ်မှု ရှိစေချင်ရင် စစ်မြေပြင်ဆိုင်ရာ ဥပဒေတွေကို တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ သူတို့ဟာ မြန်မာ့တပ်မတော်လို မဟုတ်ဘူးဆိုတာ မြန်မာပြည်သူတွေကို ပြသဖို့လိုပါတယ်။ ကျွန်မ ပေးချင်တဲ့ သတင်းစကားက ဒါပါပဲ။ တရားဝင်ဖြစ်မှု ရချင်ရင် နိုင်ငံတကာ ဥပဒေတွေနဲ့အညီ အလုပ်လုပ်နိုင်ကြောင်း ပြပါလို့ ပြောချင်ပါတယ်။ အရပ်သားပြည်သူတွေကို လေးစားမှုနဲ့ ဂုဏ်သိက္ခညာ ရှိရှိ ဆက်ဆံပါ။ မြန်မာ့တပ်မတော်ရဲ့ တပ်သားတွေ အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူအာလုံးကို လူသားဆန်စွာ ပြုမူဆက်ဆံပါ။ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ နည်းလမ်းကျ အနာဂတ်ဖြစ်လာအောင် ကြိုးစားပါလို့ ပြောချင်ပါတယ်။
RFA: ကျွန်တော်နဲ့ စကားပြောခဲ့တဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေဟာလည်း ဒုက္ခသည်စခန်းတွေထဲမှာ နေနေရပြီး၊ အရမ်းကို ဆင်းရဲဒုက္ခရောက်နေကြတယ်လို့ ပြောပါတယ်။ ဒါကြောင့် နိုင်ငံတကာက အကူအညီတွေ ပေးတဲ့နေရာမှာ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့သူတွေအတွက်ပါ ပေးအပ်ဖို့ ဖြစ်နိုင်မလား သိချင်တဲ့အကြောင်း ပြောပါတယ်။
Beth Van Schaack: မြန်မာနိုင်ငံအတွင်းမှာ အလွန်ကြီးမားတဲ့ လိုအပ်ချက်တွေက နေရာတိုင်းမှာ ရှိနေပါတယ်။ ကျွန်မတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကိုပဲ ကောင်းကောင်းသွားရောက်လို့ ရပါတယ်။ အဲဒီအတွက်လည်း အရင် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ မြန်မာနိုင်ငံထဲကို သွားရောက်ပြီး အကူအညီတွေပေးဖို့အတွက်ကတော့ စိန်ခေါ်မှုတွေက ပိုကြီးမားပါတယ်။ မြန်မာနိုင်ငံထဲကို သွားလို့ မရသလို၊ အကူအညီတွေ ပို့ဆောင်မဲ့ နယ်စပ်ဂိတ်ပေါက်တွေဆီကိုလည်း သွားလို့မရပါဘူး။ ဒါကြောင့် အလုပ်လုပ်ဖို့ ပိုခက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေအတွက် အခြေအနေဆိုးရွားနေတယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ အကူအညီပေးနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
RFA: လာမဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီးမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာရင်၊ အမေရိကန်အစိုးရရဲ့ ရိုဟင်ဂျာတွေအပေါ် အားပေးထောက်ခံမှုနဲ့ လူသားချင်း စာနာမှုအကူအညီတွေ ပေးအပ်မှု အပေါ် ထိခိုက်မှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာများ ပြောနိုင်ပါသလဲ။
Beth Van Schaack: ကျွန်မ ပြောနိုင်တာကတော့ ရိုဟင်ဂျာတွေနဲ့ လူမျိုး၊ ဘာသာမရွေး မြန်မာပြည်သူအားလုံးရဲ့ မျှော်မှန်းချက်တွေကို အားပေးထောက်ခံမှုက အမေရိကန်နိုင်ငံရဲ့ အဓိက ပါတီ နှစ်ခုလုံးရဲ့ ထောက်ခံမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့နဲ့ သတ်ဖြတ်မှုတွေ ကြုံခဲ့ရတဲ့ ရိုဟင်ဂျာတွေကိုယ်စား တရားမျှတမှုရဖို့ ဆောင်ရွက်နေသူတွေကို အားပေးကူညီဖို့ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ မူဝါဒကို ရီပတ်ဗလစ်ကန်နဲ့ ဒီမိုကရက်ပါတီ နှစ်ခုလုံးက သဘောတူထားတာဖြစ်ပါတယ်။ နောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်း အမှန်တကယ် အားလုံးပါဝင်ပြီး လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်တဲ့ အုပ်စုအားလုံးကို စုစည်းပြီး ရှေ့ဆက်သွားဖို့ ဦးဆောင်ဦးရွက်ပြုနိုင်လိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ အားပေးထောက်ခံမှုရှိနေပါတယ်။