ဧပြီ ၉ ရက် ပဲခူးမြို့ သတ်ဖြတ်မှုအကြောင်း ဝါရှင်တန်ပို့စ် သတင်းစာနဲ့ မေးမြန်းချက်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021.09.09

ဝါရှင်တန်ပို့စ် သတင်းစာဟာ ပြီးခဲ့တဲ့ ဧပြီလ ၉ရက်နေ့က ပဲခူးမြို့မှာ စစ်တပ်က အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားသူတွေ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ကို အရပ်သားပြည်သူတွေရိုက်ကူးထားတဲ့ ဗွီဒီယိုနဲ့ဓာတ်ပုံတွေကို လေ့လာပြီး၊ စစ်တပ်ရဲ့လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes against humanity မြောက်တယ်လို့ သုံးသပ်ထားတဲ့ အထူးသတင်း ဆောင်းပါး တစ်စောင်ကို ဖော်ပြခဲ့ပါတယ်။ ဒီဝါရှင်တန်ပို့စ်ရဲ့ အထူးသတင်းဆောင်းပါးကို ဖန်တီးရေးသားခဲ့တဲ့အကြောင်းကို ဝါရှင်တန်ပို့စ်သတင်းစာ အရှေ့တောင်အာရှ ဗျူရိုရဲ့ အကြီးအကဲ ရှီဘာနီ မက်ဟ်တာနီ ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA - ဝါရှင်တန်ပို့စ် သတင်းစာဟာ ဧပြီလ ၉ရက်နေ့က ပဲခူးမြို့မှာ စစ်တပ်က အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားသူတွေ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ကို အရပ်သားပြည်သူတွေရိုက်ကူးထားတဲ့ ဗွီဒီယိုနဲ့ ဓာတ်ပုံပေါင်း ၁၅၀၀၀ ကို ခွဲခြမ်း စိတ်ဖြာလေ့လာပြီး၊ စစ်တပ်ရဲ့ လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes against humanity မြောက်တယ်လို့ သုံးသပ်ထားပါတယ်။ စစ်တပ်က ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေကို မျက်မြင်ကြုံခဲ့သူတွေကို ဆက်သွယ်မေးမြန်းတာနဲ့ ဓာတ်ပုံ၊ ဗွီဒီယိုတွေကို geotag နည်းပညာနဲ့ တည်နေရာကို ရှာဖွေတာ တွေပြုလုပ်ခဲ့သလို၊ ဆန္ဒပြ ပြည်သူတွေကို နှိမ်နှင်းရာမှာ ပါဝင်ခဲ့တဲ့ ခြေမြန်တပ်မတွေက တပ်သားတွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ TikTok ဗီဒီယိုပေါင်း ၂၀၀၀၀ နီးပါးကိုလည်း လေ့လာခဲ့တယ်လို့ သိရပါတယ်။ ဝါရှင်တန်ပို့စ်ရဲ့ ဆောင်းပါးထဲမှာ ဧပြီလ ၉ရက်နေ့က ပဲခူးမြို့မှာ ဖြစ်ပွားတဲ့ စစ်တပ်က သတ်ဖြတ်မှုတွေအကြောင်းကို အဓိကထားပြီး လေ့လာသုံးသပ်ထားတာ ဘာကြောင့်ပါလဲ။

“ မြန်မာနိုင်ငံမှာ စစ်တပ်က ဆန္ဒပြ ပြည်သူတွေကို အင်အားသုံး နှိမ်နှင်းမှုတွေ တစ်နေ့ထက်တနေ့ ပိုဆိုးလာတာကြောင့်၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ဖြိုခွင်းဖို့ စစ်တပ်က သုံးနေတဲ့ နည်းဗျူဟာတွေကို လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအတွက် ပထမဆုံး AAPP နဲ့ အခြား လူ့အခွင့်အရေး အဖွဲ့တွေက ကောက်ယူထားတဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် သေဆုံးဒဏ်ရာရသူ စာရင်းတွေကို လေ့လာပါတယ်။ ဒီအထဲမှာ ဧပြီလ ၉ ရက်နေ့ က ထူးခြားနေပါတယ်။ အဲဒီနေ့က သေဆုံးသူ အရေအတွက် တော်တော် မြင့်မားနေပြီး၊ အားလုံးက ပဲခူးမြို့တစ်မြို့တည်းက ဖြစ်နေတာကြောင့်ပါ။ မတ်လ ၂၇ရက်နေ့ တပ်မတော်နေ့မှာ အလားတူ အသေအပျောက်များပေမယ့် ဒေသပေါင်းစုံမှာ ဖြစ်ခဲ့တာပါ။ ဒါကြောင့်မို့ ကျွန်မတို့ ဧပြီလ ၉ရက်နေ့က ပဲခူးမြို့မှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ စတင်ပြီး လေ့လာစုံစမ်းခဲ့တာဖြစ်ပါတယ်။ ”

RFA - ဘယ်လို အကြောင်းတွေကြောင့် မြန်မာ စစ်တပ်က ပဲခူးမြို့မှာ ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေဟာ Crimes against military ဖြစ်မြောက်တယ်လို့ သုံးသပ်ထားတာပါလဲ။

မြန်မာပြည်သူတွေဆီက ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေ၊ သတင်းသမားတွေဆီကို အထောက်အထားတွေ ပေးပို့နေခဲ့ပါတယ်။ ကျွန်မတို့ဆီကိုလည်း ပေးပို့ထားတဲ့ အထောက်အထားတွေ တော်တော်များများရှိပါတယ်။ အဲဒီအထဲက ပဲခူးမြို့နဲ့ ဆိုင်တဲ့ ဓါတ်ပုံ၊ ဗွီဒီယိုတွေ့ကို စပြီး လေ့လာဆန်းစစ်ပါတယ်။ Geotag နည်းပညာကို သုံးပြီး၊ ဒီဓာတ်ပုံ၊ ဗွီဒီယိုတွေဟာ မြန်မာနိုင်ငံမှာ၊ ပဲခူးမြို့မှာ တကယ်ရိုက်ကူးထားတာ ဟုတ်မဟုတ် စစ်ဆေးပါတယ်။ နောက်ပြီး အဲဒီဒေသမှာ တပ်တွေရဲ့ ရွှေ့ပြောင်းသွားလာမှုတွေကိုလည်း ခြေရာခံပါတယ်။ အတည်ပြုနိုင်တဲ့ အထောက်အထားတွေကို မြေပုံမှာ ချကြည့်ပါတယ်။ ပဲခူးမြို့မှာဆိုရင် ရှင်စောပုလမ်းနဲ့ အဓိက လမ်းမကြီးတွေ တလျှောက်မှာ ဆန္ဒပြသူတွေက အတားအဆီးတွေ အခိုင်အမာ ကာရံပြီး စခန်းချနေခဲ့ပါတယ်။ မြန်မာ စစ်တပ်က တပ်မတွေဟာ မြို့ထဲကို ဝင်မလာခင်ကတည်းက ဒီဆန္ဒပြစခန်းတွေရဲ့ တည်နေရာတွေကို အတိအကျသိထားပုံရပါတယ်။ ဧပြီလ ၉ရက်နေ့မှာ မနက် ငါးနာရီလောက် တည်းက ပဲခူးမှာ အင်တာနက်နဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်လိုက်ပါတယ်။ အဲဒီနောက် တပ်မတွေဟာ ဆန္ဒပြစခန်းတွေ ရှိတဲ့နေရာတွေကို လေးဘက်လေးတန်ကနေ ဝင်လာပါတယ်။ အဲဒီနောက် ဆန္ဒပြသူတွေကို ပြေးပေါက်မရှိအောင် ချောင်ပိတ်ပြီး သေစေလောက်တဲ့ လက်နက်တွေ နဲ့ ပစ်ခတ်ချေမှုန်းခဲ့ပါတယ်။ ကျွန်မတို့ ရထားတဲ့ အထောက်အထားတွေကို မြန်မာနိုင်ငံအရေး လေ့လာနေတဲ့ ပညာရှင်တွေ ကျွမ်းကျင်သူတွေကို ပြသပါတယ်။ အဲဒီအခါမှာ မြန်မာ့ တပ်မတော်ဟာ ပဲခူးမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes against humanity ကျူးလွန်ခဲ့တာ ထင်ရှားတယ်လို့ ကျွန်မတို့ ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။ Crimes against humanity မြောက်တယ်လို့ ပြောနိုင်တဲ့ အကြောင်းကတော့ ဒီသတ်ဖြတ်မှုတွေကို စနစ်တကျနဲ့ ကြိုတင်ပြင်ဆင်ပြီး ဆောင်ရွက်ခဲ့တဲ့ အထောက်အထားကြောင့်ပါ။ ဒီသတ်ဖြတ်မှုတွေဟာ ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ ကြိုးစားရင်း လက်လွန်သွားတာမျိုး မဟုတ်ပါဘူး။ ဆန္ဒပြသူတွေကို စနစ်တကျပစ်မှတ်ထားပြီး kill zones လို့ခေါ်တဲ့ သတ်ကွင်းတွေထဲမှာ ချောင်ပိတ်ပြီး ချေမှုန်းခဲ့တာမျိုးဖြစ်ပါတယ်။ ဒါဟာ မြန်မာ့တပ်မတော်က စစ်မြေပြင်မှာ လက်နက်ကိုင်သောင်းကျန်းသူတွေကို ချေမှုန်းရာမှာ သုံးတဲ့နည်းဗျူဟာတွေ ကို သုံးသွားတာဖြစ်ပါတယ်။ ဒီလို နည်းဗျူဟာတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ လုံးဝမသုံးသင့်ကြောင်းလည်း ကျွန်မတို့ရဲ့ ကျွမ်းကျင်သူ အားလုံးက တညီတညွတ်တည်း ကောက်ချက်ချကြပါတယ်။

RFA - နောက်တစ်ခုက ဒီ သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့တဲ့ တပ်မတွေက တပ်သားတွေတင်ထားတဲ့ Tik Tok ဗွီဒီယိုတွေကို ဝါရှင်တန်ပို့စ်က လေ့လာခဲ့တဲ့အကြောင်းလည်း ပြောပြပါဦး။ ဒီ တပ်သားတွေက ဒီ TikTok ဗွီဒီယိုတွေကို အများမြင်အောင် တင်ထားတာကရော ဘာကြောင့်လို့ ထင်ပါသလဲ။

နောက်တစ်ခုကတော့ ဒီသတ်ဖြတ်မှုတွေမှာ ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့ တပ်သားတွေရဲ့ စိတ်နေစိတ်ထားကို ကျွန်မတို့ Tik Tok က ရတဲ့ ဗွီဒီယိုတွေကို လေ့လာမှုကနေဖော်ထုတ်နိုင်ခဲ့တာပါ။ မြန်မာစစ်တပ်နဲ့ တပ်သားတွေဟာ သူတို့ ဘာတွေ လုပ်နေတယ်၊ ဘယ်လို ထင်တယ်ဆိုတာတွေကို လူသိရှင်ကြား ထုတ်ပြောလေ့မရှိပါဘူး။ ဒါပေမယ့် အဲဒီကာလအတွင်း ပေါ်ထွက်လာတဲ့ Tik Tok ဗွီဒီယိုတွေမှာတော့ တပ်သားတွေက သူတို့ ဘယ်တပ်မက ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာ အတိအလင်းထုတ်ပြောထားပြီး၊ သူတို့ဟာ ဆန္ဒပြသူတွေနဲ့ NLD ပါတီဝင်တွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အပြောအဆိုတွေ လုပ်ထားပါတယ်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် ရှင်းလင်းရေး စစ်ဆင်ရေးလုပ်ခဲ့စဉ်ကလည်း အလားတူ ပြောဆိုထားတဲ့ ဗွီဒီယိုတွေ ဖေ့စ်ဘွတ်ပေါ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ အခုအချိန်မှာ ဖေ့စ်ဘွတ်ကနေ Tik Tok ကို ပြောင်းသွားတာပဲ ရှိပါတယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီလို ဗွီဒီယိုတွေ တမင် လွှင့်တင်ခဲ့တာလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဒီ ဗွီဒီယိုတွေ တင်တဲ့ တပ်သားတွေဟာ သူတို့လုပ်နေတာ မှန်တယ်လို့ ယူဆကြပြီး၊ အရေးယူ အပြစ်ပေးခံရမှာကိုလည်း လုံးဝ အကြောက်အရွံ့မရှိတာတွေ့နိုင်ပါတယ်။ ကျွန်မတို့ လေ့လာဆန်းစစ်မှုကနေ အဓိက တွေ့ရှိချက်တစ်ခုကတော့ ဒီတပ်သားတွေဟာ အရေးယူခံရမှာကို ကြောက်ရွံ့စရာ မလိုတဲ့အတွက် သူတို့ လုပ်ရပ်တွေကို တကမ္ဘာလုံးက သိအောင် ပြသနေတာ ဖြစ်တယ်ဆိုတာပါပဲ။

RFA - ဆန္ဒပြသူတွေကို သေစေလောက်တဲ့ လက်နက်တွေ သုံးပြီးဖြိုခွင်းခဲ့တယ်ဆိုတော့ ဘယ်လို လက်နက်တွေလဲ။

အဲဒီနေ့က တပ်သားတွေဟာ သာမန်ရိုင်ဖယ်တွေထက် ပိုပြီး အင်အားပြင်းတဲ့ rifle grenade တွေကို အများဆုံး သုံးခဲ့တာတွေ့ရပါတယ်။ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ အစပိုင်းမှာ ဆန္ဒပြသူတွေ ချထားတဲ့ အတားဆီးတွေကို ရိုင်ဖယ်သေနတ်တွေနဲ့ ပစ်ခတ်ပြီး ဖြိုချဖို့ ကြိုစားပါတယ်။ တော်တော်ကြာတဲ့အထိ ဒီအတားအဆီးတွေကို ဖြိုချလို့ မရတဲ့အခါမှာ၊ နောက်ပိုင်းမှာ rifle grenade တွေ RPG လောင်ချာတွေ ကို စပြီး အသုံးပြုခဲ့ပါတယ်။ ဒါကြောင့်မို့လည်း အသေအပျောက်အလွန်များခဲ့တာလို့ သုံးသပ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။