၁၉ လမ်းညများဟာ ကျွန်မတို့မိသားစုဘဝနဲ့ အနာဂတ်ပါ

RFA Burmese
2023.09.01
၁၉ လမ်းညများဟာ ကျွန်မတို့မိသားစုဘဝနဲ့ အနာဂတ်ပါ ရန်ကုန်မြို့ လသာမြို့နယ်၊ ၁၉ လမ်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
RFA

အခုမြင်နေရတဲ့ မြင်ကွင်းကတော့ ရန်ကုန်တိုင်း၊ လသာမြို့နယ်က နာမည်ကျော် ၁၉ လမ်း ညစျေး ဖြစ်ပါတယ်။  လမ်းထဲက စားသောက်ဆိုင်တွေကို ပြည်တွင်းကလူတွေရော၊ နိုင်ငံခြား ကမ္ဘာလှည့်ခရီးသွားတွေပါ တကူးတကသွားကြတဲ့နေရာတစ်ခုပါ။

အခုတော့ ကိုဗစ်ကပ်ရောဂါကာလ ကန့်သတ်ချက်ထုတ်ထားတဲ့အချိန်ကနေ ကပ်ရောဂါပြီးသွားပေမယ့် ပြည်တွင်းနိုင်ငံရေးကြောင့်ပါ မြန်မာပြည်ကို ကမ္ဘာလှည့် ခရီးသွားတွေမရောက်တော့သလို၊ ၁၉ လမ်း ညစျေးကိုလည်း နိုင်ငံခြားသားတွေ ရောက်မလာတော့ဘူးလို့ စားသောက်ဆိုင်တွေက ပြောပါတယ်။

ဒါပေမဲ့ ပြည်တွင်းပရိသတ်ရှိနေသေးတဲ့ ၁၉ လမ်းထဲက စားသောက်ဆိုင်ကြီးတွေကို အမှီပြုပြီး စျေးရောင်းဖို့ရောက်လာကြတဲ့ ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေကတော့ ပိုများလာပါတယ်။

"၁၉ လမ်းဟာ ကျွန်မတို့ရဲ့ဘဝ၊ ကျွန်မတို့ရဲ့ အနာဂတ်၊ ကျွန်မ တို့ရဲ့ အိမ်အထိပါ ဖြစ်သွားတာ"

၁၉ လမ်းထဲမှာ အနှစ်-နှစ်ဆယ်ကျော် သုံးဆယ်နီးပါးလောက် စျေးရောင်းနေတဲ့မိသားစုထဲ က ဆိတ်ပဲနဲ့ ကြက်ဂွေးတောက်ဟင်းရည်ရောင်းတဲ့ မကုလားမကတော့ ၁၉ လမ်းဟာ သူတို့မိသားစု အားလုံးရဲ့ ဘဝနဲ့ အနာဂတ် ဖြစ်တယ်လို့ ပြောပါတယ်။

"၁၉ လမ်းနဲ့ပတ်သက်မှုကတော့ အစ်ကိုလက်ထက်ကတည်းက ပတ်သက်ခဲ့တာ၊ အစ်ကိုက အဲဒီမှာ ငယ်ငယ်ကတည်းက စျေးရောင်းခဲ့တာ၊ အနှစ် နှစ်ဆယ်ကျော် ၃၀ အထိ၊ သုံးဆယ့်လေးနှစ်မှာ ဆုံးသွားတာ၊ အဲဒီ ၁၉ လမ်းထဲကမထွက်ဘူး၊ အဲနောက်ပိုင်း ကိုယ်တွေအလှည့်ရောက်သွားတယ်၊ အမေနဲ့ရောင်းတာ၊ ဆိတ်ပဲ၊ ကြက်ဂွေးတောက် ရောင်းတာ ကိုးနှစ်ကျော်သွားပြီ၊ အခု တူတွေ၊ တူမ တွေပါရောင်းနေပြီ၊ ပြောင်းဖူး မြေပဲ လက်ဖက်သုပ်၊ မိသားစု သုံးစုလုံးက ဒီ ၁၉ လမ်းထဲမှာပဲ စျေးရောင်းစားကြတာ အခုမှ မဟုတ်ဘူး၊ ကြာလှပြီ၊ ၁၉ လမ်းဟာ ကျွန်မတို့ရဲ့ဘဝ၊ ကျွန်မတို့ရဲ့ အနာဂတ်၊ ကျွန်မ တို့ရဲ့ အိမ်အထိပါ ဖြစ်သွားတာ"

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ အလုပ်လက်မဲ့တွေ များလာ သလို အွန်လိုင်းပေါ်မှာ စျေးရောင်းတဲ့သူတွေ၊ အွန်လိုင်းပေါ်က မှာစားတဲ့သူတွေ လည်း များလာပါတယ်။  ဒီကာလမှာ အခြေခံစားသောက်ကုန်ရော ပစ္စည်းမျိုးစုံပါ စျေးနှုန်း တွေ တက်နေပါတယ်။

ဒါပေမဲ့ မကုလားမကတော့ စားသုံးသူတွေ အဆင်ပြေအောင် သူတို့အစားအသောက်ကို အာဏာမသိမ်းခင်က ရောင်းခဲ့တဲ့စျေးနှုန်းနဲ့ပဲ ရောင်းနေသေးတယ်လို့ ပြောပါတယ်။

"ပဲစျေးက စရောင်းတုန်းက ၂၀၀၀၊  ၂၀၀၀ ကနေ အာဏာသိမ်းပြီးသွားတဲ့နောက်ပိုင်း ၆၂၀၀ ဖြစ်လာတယ်၊ မီးသွေးဆိုရင် ၅၀၀၀ ကနေ ၈၅၀၀၊ ၉၀၀၀ ဖြစ်လာတယ်၊ ဆိတ်သားဆိုလို့ရှိရင် ကိုယ်စရောင်းတုန်းက ၃၅၀၀၊ အကြောစျေးပဲရှိသေးတယ်၊ တစ်သောင်းစျေးရှိနေပြီ၊ အဲလိုကနေ ရောင်းလာတာ အခုအချိန်အထိ ၁၅၀၀ စျေးပဲပေါ့နော်၊ အာဏာမသိမ်းခင်ကလည်း ၁၅၀၀၊ အခုလည်း ၁၅၀၀ ပဲရောင်းတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဆီမှာ လာစားသုံးတဲ့သူတွေအတွက် ကိုယ့်ဖောက်သည်တွေ အဆင်ပြေအောင် စားသုံးတဲ့သူတွေ အဆင်ပြေအောင်၊ တန်လည်း တန်ရအောင်၊ စျေးနှုန်းကလည်း သင့်ရမယ်ဆိုတဲ့သဘောမျိုးနဲ့ ၁၅၀၀ နဲ့ ရောင်းတယ်၊ စျေးလည်း မတက်ဘူး၊ အခုအချိန်အထိ"

ဒီ ၁၉ လမ်းထဲမှာ တွန်းလှည်းနဲ့ စျေးရောင်းကြတဲ့သူ ၁၀ ယောက်လောက်ရှိပါတယ်။ မကုလားမတို့ မိသားစုကတော့ တွန်းလှည်းသုံးစီးနဲ့ စျေးရောင်းနေကြတာပါ။

သူ့ရဲ့ တူနဲ့ တူမက ပြောင်းဖူး မြေပဲ လက်ဖက်အစုံသုပ်ရောင်းပါတယ်။ သူတို့ကတော့ အရင်က မြေပဲ လက်ဖက်သုပ် တစ်ပွဲကို ငါးရာကျပ်နဲ့ ရောင်းနိုင်ခဲ့ပေမယ့် အာဏာသိမ်း ပြီးတဲ့နောက်ပိုင်း ကုန်စျေးနှုန်းတွေ အဆမတန်တက်နေတာကြောင့် အခုတော့ ၁၀၀၀ ကျပ်နဲ့ ရောင်းနေရတယ်လို့ ကိုလင်းလင်းက ပြောပါတယ်။

ရန်ကုန်မြို့ လသာမြို့နယ်၊ ၁၉ လမ်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ လသာမြို့နယ်၊ ၁၉ လမ်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဘာပဲဖြစ်ဖြစ် သူတို့မိသားစုရပ်တည်နိုင်အောင် အခုလိုရောင်းခွင့်ပေးထားတဲ့ ၁၉ လမ်း ထဲက စားသောက်ဆိုင် ကြီးတွေကို ကျေးဇူးတင်တယ်လို့ ကိုလင်းလင်းက ပြောပါတယ်။

"ကျွန်တော်တို့ရောင်းတာ အနှစ် နှစ်ဆယ်လောက်ရှိပါပြီ၊ ကျွန်တော်တို့ဆရာ ရောင်းတာ တော့ ၁၅ နှစ် လောက်ရှိတယ်၊ ကျွန်တော်တို့ ဆက်ရောင်းတာ ငါးနှစ်လောက်ပဲရှိပါသေး တယ်၊ ဘာဖြစ်လို့ ကျေးဇူးတင် စကားပြောရလဲဆိုတော့ ဒီဆိုင်တွေမှာ ပြင်ပအစားစာ တွေ ယူဆောင်လာလို့ရတယ်၊ တချို့ဆိုင်တွေမှာက ပြင်ပအစားစာတွေ ယူဆောင်လာလို့ မရပါဘူး၊ ကျွန်တော်တို့မိသားစု အားလုံး ရပ်တည်နေနိုင်တာက ဒီစားသောက်ဆိုင်တွေ ရဲ့ ကျေးဇူးတွေကြောင့်ပါ ပါတယ်ခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့သာ ခွင့်မပြုဘူး ဆိုလို့ရှိရင် ကျွန်တော်တို့မှာ ရောင်းချခွင့်မရှိဘူး၊ ကျွန်တော်တို့မိသားစုလည်း မရပ်တည် နိုင်ပါဘူး ခင်ဗျ"

တွန်းလှည်းနဲ့ ရောင်းတဲ့သူတွေရဲ့မိသားစု ဘဝရှေ့ရေးကိုငဲ့ပြီး ဆိုင်ရှေ့မှာရောင်းချခွင့်၊ မှာယူစား သောက်ခွင့်ပေးထားတာလို့ ဝင်းစားသောက်ဆိုင်က ကိုကျော်ဆွေလင်းက ပြောပါတယ်။

"ဆိုင်ရှေ့မှာ သူတို့လာရောင်းတဲ့အတွက်လည်း ပြဿနာတော့ ဘာမှမရှိပါဘူး၊ ဆိုင်ရှေ့မှာ လာရောင်း တယ်၊ ဆိတ်ပဲ၊ ကြက်ဂွေးတောက်၊ လက်ဖက်ပေါ့၊ ဒါတွေကို ဆိုင်မှာ စားသုံးခွင့်ပြုထားတယ်၊ ရောင်းလို့လည်းရပါတယ်၊ သူတို့ကို ဘာမှမလုပ်ဘူး၊ သူတို့ရဲ့ စားဝတ်နေရေးအရပေါ့၊ သူတို့ရဲ့ နောက်မှာ မှီခိုနေတဲ့မိသားစုတွေရှိတယ်၊ ဒါတွေကို စာနာထောက်ထား ပြီးတော့၊ ဒါကလည်း ကျွန်တော်တို့ တစ်ဆိုင်တည်းမှ မဟုတ်ပါဘူး၊ ၁၉ လမ်းထဲဆိုင်တွေအားလုံးကလည်း ခွင့်ပြုထားပါတယ်"

မကုလားမတို့ မိသားစုအားလုံးက ၁၉ လမ်း အောက်ဘလောက်မှာ တိုက်ခန်းစုငှားပြီး နေကြပါတယ်။ မနက်ပိုင်း ဆို စျေးဝယ်၊ နေ့လယ်မှာ ချက်ပြုတ်ပြီး ညနေပိုင်းမှာတော့ ၁၉ လမ်း ညစျေးမှာ ရောင်းကြပါ တယ်။ ဟင်းပွဲ ငါးဆယ်ကျော် ၆၀ လောက် ရောင်းရရင် အမြတ်တစ်သောင်း ကျော်လောက်ရပေမယ့် ဟင်းပွဲကျန်တဲ့နေ့မျိုးဆို ရှုံးတာတွေလည်း ကြုံရတယ်လို့ မကုလားမက ပြောပါတယ်။

"မမြတ်ဘူးပြောရင်လည်းလိမ်ရာကြမှာစိုးလို့ တစ်ပွဲချင်းစီတော့မမြတ်ဘူး၊ အမြတ်က တွက်လို့ မရဘူး၊ ရောင်းတဲ့ ပွဲ ၅၀ - ၆၀ ဝန်းကျင်ကုန်လို့ရှိရင်တော့ ကိုယ့်အတွက် တစ်သောင်းခွဲ၊ တစ်သောင်းခွဲ ကျော်ကျော်လေးတော့ မြတ်တယ်၊ ဒါပေမဲ့ တစ်ခါတလေ ပစ္စည်းလက်ကျန်ဖြစ်သွားလို့ ရှိရင်တော့ ကိုယ့်အရင်းထဲက ပြန်စိုက်ရတာပေါ့နော်၊ ရှုံးတာတောင် ရှုံးသေးတယ်၊ အဲလိုတွေတော့ရှိတယ်"

၁၉ လမ်း (တရုတ်တန်း) ဟာ နေ့လယ်ပိုင်းကနေ ည ၁၀ နာရီ ၁၁ နာရီအထိ စည်ကားပြီး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့ တွေကတော့ တခြားရက်တွေထက် ပိုပြီး စည်ကားတတ် ပါတယ်။ 

နိုင်ငံရေးအခြေအနေကောင်းခဲ့တဲ့အချိန်က ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစားလာ ကြတဲ့ ၁၉ လမ်း စားသောက်ဆိုင်တန်းကို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် လည်း လာပြီး စားသောက် သွားဖူးပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။