ခင်ဦးမြို့နယ်က အိုးအိမ်ဆုံးရှုံးသွားသူတွေရဲ့ ပြောစကား

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2022.03.20
ခင်ဦးမြို့နယ်က အိုးအိမ်ဆုံးရှုံးသွားသူတွေရဲ့ ပြောစကား မီးရှို့ဖျက်ဆီးခံရအပြီး ၂ဝ၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့က မြင်တွေ့ရသော စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းက မီးလောင်ပြင်တစ်ခု။
Photo: Citizen Journalsit

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က ရွာ ခုနစ်ရွာမှာ မတ်လ ၃ ရက်နေ့ကနေ မတ်လ ၁၇ ရက်နေ့အထိ နှစ်ပတ်အတွင်း နေအိမ်အလုံး ၃၂၇ လုံး မီးရှို့ခံရလို့ ဒေသခံ ၂၅ဝဝ လောက် အိုးမဲ့အိမ်မဲ့ဖြစ်နေကြတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ ဒီဒုက္ခသည်တွေဟာ သစ်ပင်အောက်တွေနဲ့ လယ်ကွင်းတွေမှာ နေထိုင်ကြရပါတယ်။

ရွာကနေ စထွက်ပြေးရချိန်က မြေကြီးပေါ်မှာ ပလတ်စတစ်မိုးကာစ ခင်းပြီး အိပ်ခဲ့ရတယ်လို့ နေအိမ် မီးလောင်ပျက်စီးသွားတဲ့ ရွာခံတစ်ဦးက ပြောပါတယ်။

"ပြင်ကြီးဖြစ်သွားပြီ။ ဘာမှမရှိတော့ဘူး။ သရက်ပင်ကြို သရက်ပင်ကြား သရက်ပင်အောက်ကလေးတွေ နေကြရတာ။ မိုးကာလေးတွေ ခင်းပြီးတော့ အခုဆိုဒီမယ် တဖြည်းဖြည်းချင်း သယ်ထားတဲ့ ဟာလေးတွေ ဟိုရက်ပိုင်းကဆိုရင် မြေကြီးတွေပေါ် အိပ်ရတာ မိုးကာခင်းပြီးတော့ ဆိုင်ကယ်နဲ့မို့ လွတ်လာတာ။ ဟိုလိုဆိုမလွတ်ဘူး အဲ့ဒါကို လူသုံးယောက် လိုက်ပြီး ပစ်တာ။ ငါ သူတို့လက်တွင်းတော့ အသေမခံဘူး သားရေ။ ပြေးရင်းလွှားရင်းနဲ့ သေချင်သေပါစေ ဆိုပြီးတော့ အလွတ်ရုန်းလာတာ။ သူ့ခန္ဓာကိုယ်ကြီးလည်း ဘာမှမကောင်းဘူး"

အခုချိန်မှာ ဘယ်နေရာထွက်ပြေးပြေး မလုံခြုံဘူးလို့ သူက ဆက်ပြောပါတယ်။

"တစ်ခါတစ်လေကျတော့လည်း ကိုယ့်ဘဝကိုယ် သေသွားတာ အေးတာပဲ တို့အိုးအိမ်တွေမှ ဘာမှာမှ မရှိတော့တာလို့ အောက်မေ့မိတယ်။ ကြောက်လည် းမကြောက်တော့ဘူး။ သူတို့ဒီနားအထိ မလုံခြုံလို့ ဘယ်ပြေးမှာတုန်း။ ဘယ်နေရာမှ မလုံခြုံတော့ဘူး။ တို့အဖို့က ဘယ်တော့မှ ဘယ်နေရမှလည်း မလုံခြုံတော့ဘူး။ ကာကွယ်ပေးမယ့်သူလည်း မရှိတော့ဘူး ကိုယ့်လာကယ်တော့မှပဲ ဒီကဖြင့်တော့ လာကယ်တော့မှာပဲနဲ့ ... တကယ်တမ်းကျတော့ ဘယ်ဟာမှ ရောက်မလာဘူး။ ကိုယ်ပဲ မျက်ရည်စက်လက်နဲ့ ထမင်းမှန်းလည်း မသိ ဟင်းမှန်းလည်း မသိ ထမင်း ဘယ်ဆီနေမှန်းလည်း မသိဘူး။ ဟင်း ဘယ်ဆီနေမှန်းလည်း မသိဘူး ကိုယ့်သားသမီးလေးတွေ စုံစုံလင်လင်နဲ့ ကိုယ့်ယောကျ်ားဘာမှ မဖြစ်ခဲ့တာကို အစ်မက ဝမ်းသာတာ"

ခင်ဦးမြို့နယ်အတွင်း ဒါန်းကုန်းရွာမှာ အိမ် ၄၃ လုံး၊ မှန်တော ၃၈ လုံး၊ ကျွန်းလည်မှာ ၂ လုံး၊ သက်ပေမှာ ၁၃ လုံး၊ တမုတ်ရွာမှာ ၉၃ အိမ်၊ ကုလားလူးမှာ ၇၅ အိမ်နဲ့ ရှားလွင်ရွာမှာ ၆၃ အိမ် မီးရှို့ဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

နေအိမ်အပါအဝင် ရှိသမျှပစ္စည်းတွေ အကုန်လုံး မီးရှို့ခံလိုက်ရတဲ့အထဲ ပါသွားပြီး အသက်လုပြေးခဲ့ရတဲ့ အကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

"အိမ်က နွားတစ်ကောင်က အခုလှုပ်ကို မလှုပ်ဘူး။ မီးလောင်တာလေ မီး ...မီး နွားတဲထဲ ချည်ထားတာ။ အန်တီက ဘာတတ်နိုင်မှာတုန်း။ အန်တီကလည်း မသိုးမသန်ဆိုတော့ မနည်းရောက်အောင် ပြေးလာတာဆိုတော့ သေနတ်တွေက အတင်းပဲ တဖွားဖွားနဲ့ နေတာ။ ဟိုညောင်ပင်ကြီးနား ကပ်နေရတာ။ သေနတ်ဒိုးဒိုင်းဒိုးဒိုင်း ပစ်တော့ ဘာမှမရှိတော့ဘူး။ ကန်တော့ပါရဲ့ ငါ့တူရယ် ဘော်လီကို မရှိတော့ဘူး"

ထွက်ပြေးရသူတွေထဲမှာ မီးဖွားပြီးခါစ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့သက်ကြီး ရွယ်အိုတွေ ပါဝင်ပြီး စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အခြေအနေကို အခုလိုပြောပါတယ်။

“ကျနော်တို့ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေနဲ့ ဒီလိုအပ်ချက်တွေကို နည်းလမ်းနှစ်မျိုးနဲ့ အတတ်နိုင်ဆုံး ကူညီနေတာ ဖြစ်ပါတယ်။ ပထမနည်းလမ်းကတော့ ဒေသခံပြည်သူတွေနဲ့ သက်ဆိုင်ရာ NUG ရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး နေ့စဉ်ထောက်ပံ့နေတာ ဖြစ်တယ်။ နောက်တစ်နည်းကတော့ အလှူရှင်တွေကို ဘယ်ကတော့ လိုအပ်ချက်တွေ ရှိနေတယ် ဆိုတာကို မြေပြင်သတင်းအရ ပြောပြပြီးတော့ အလှူရှင်တွေ ကိုယ်တိုင်ကနေ တိုက်ရိုက်ချိတ်ဆက် ပံ့ပိုးတဲ့နည်းပါပဲ။ စစ်ကိုင်းတိုင်းကတော့ ထောက်ပံ့မှု အများဆုံး ရောက်ရှိနေတဲ့ တိုင်းတစ်တိုင်း ဖြစ်တယ်။ အခုနှစ်ဆန်းပိုင်းက စပြီးတော့ သိန်း ၁၆၀၀ ကျော် လူသားချင်းစာနာမှု အကူအညီ ပေးအပ်ပြီး ဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း ပေးအပ်နေတယ်”

စစ်ရေးနောက်ဆက်တွဲ အကျိုးဆက်တွေကို သုတေသနပြုနေတဲ့ Data For Myanmar က ပြုစုထားတဲ့ စာရင်းတွေအရ ၂ဝ၂၁ ခုနှစ် မေလကနေ ၂ဝ၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ နေအိမ် ၇၂၄၈ လုံးရှိပြီး စစ်တိုင်းတိုင်းက ၄၄၂၆ လုံးနဲ့ အများဆုံးဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နေအိမ်မီးရှို့တာတွေဟာ စစ်ကောင်စီက လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

မတ်လ ၁၄ ရက်နေ့အထိ ကုလသမဂ္ဂရဲ့လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့စာရင်းတွေမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ တစ်နိုင်ငံလုံးမှာ လူဦးရေ ငါးသိန်း နှစ်သောင်းနီးပါး စစ်ဘေးရှောင်နေရပြီး အဲဒီထဲမှာ စစ်ကိုင်း၊ မကွေးနဲ့ ချင်းတို့မှာ နှစ်သိန်းခုနစ်သောင်းကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
စစ်ဘေးကြောင့် ရန်ကုန်ကိုရောက်လာတဲ့ ငပလီကောက်ညှင်းထုပ်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။