ဆင်းရဲကျပ်တည်းသူတွေအတွက် ငါးရာတန်ထမင်းဆိုင်များ
2021.12.08

ပိုက်ဆံ ငါးရာကျပ်တည်းနဲ့ ဗိုက်ဖြည့်လို့ရမယ့် အဝစားထမင်းဆိုင်တွေကို ရန်ကုန်မြို့မှာ ၂ဝ၂၁ ခုနှစ် ဒုတိယပိုင်းမှာ ခပ်စိတ်စိတ် တွေ့လာနေရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဘေးအန္တရာယ်ကျရောက်ခဲ့တဲ့ ဒဏ်ရယ်၊ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးလူမှုရေး ချွတ်ခြုံကျသွားတဲ့ ဒဏ်ရယ်ကြောင့် ထမင်းနပ်မှန်အောင် စားရဖို့အရေး မနည်းရုန်းကန်နေရတဲ့ အခြေခံ လက်လုပ်လက်စားသမားတွေအတွက် ရည်ရွယ်ပြီး ဒီဆိုင်တွေကို ဖွင့်လာကြတာလို့ RFA က စုံစမ်းမေးမြန်းကြည့်တဲ့ ဆိုင်ရှင်တွေက ပြောပါတယ်။
ရန်ကုန် မြောက်ဥက္ကလာပမှာ ဖွင့်ထားတဲ့ ရွှေဘိုသူ ထမင်းဆိုင်မှာဆိုရင် တစ်နေ့ကို လူ (၄ဝဝ) လောက် လာစားကြပါတယ်။ ရပ်ကွက်နေပြည်သူတွေ၊ ဆိုင်ကယ်ကယ်ရီသမားတွေ၊ ပန်းရံလုပ်တဲ့သူတွေ၊ ဆောက်လုပ်ရေးသမားတွေ၊ ပျံကျဈေးသည်တွေ အများဆုံး လာစားနေကြတာပါ။
ငါးရာကျပ်တန် ထမင်းဆိုင်ပိုင်ရှင် ရွှေဘိုသူ ဒေါ်စောယုနွယ်ကတော့ အလုပ်လက်မဲ့ဖြစ်ပြီး သူ့ဆီမှာ အလှူလာခံတဲ့သူတွေ တနေ့တခြား များများလာတာကြောင့် ဒီလိုလူတွေ အဆင်ပြေဖို့အတွက် တန်ဖိုးနည်းထမင်းဆိုင်လေးကို စဖွင့်လိုက်တာလို့ ဆိုပါတယ်။
"အဝစား တစ်ပွဲငါးရာဆိုတာ အပြင်မှာ ဝယ်စားရင် ဘယ်လိုမှမရနိုင်တဲ့ အခြေအနေ၊ လက်ဘက်ရည်တစ်ခွက် ၁၂၀၀ ဖြစ်နေတဲ့အချိန်မှာ ဒီအဝစားထမင်းတစ်ပွဲ ငါးရာဆိုတာ ဘာမှမပြောပလောက်ဘူး။ အခြေခံလူတန်းစားတွေအတွက်ပဲ ရည်ရွယ်ပြီး သတ်မှတ်လိုက်တာ။ ငါးရာနဲ့ ထမင်းတစ်နပ်ငြိမ်းပါစေတော့ ထမင်းရှာစားရတဲ့ တနပ်ကို အပူအပင်ကင်းကင်းနဲ့ စားပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာပါ"
အဲ့ဒီထမင်းအဝစား တစ်ပွဲငါးရာမှာ အသားဟင်း၊ ဟင်းသီးဟင်းရွက်ကြော်၊ ငါးပိရည် တို့စရာနဲ့ စုံစုံလင်လင် ပါပါတယ်။ ပရဟိတ သဘောမျိုး ရောင်းတာဖြစ်ပြီး တချို့ငွေကြေးတက်နိုင်သူတွေကတော့ လာစားရင်း အလှူငွေ ထည့်ဝင်သူတွေလည်း ရှိပါတယ်။
စီးပွားရေးမကောင်း နိုင်ငံရေးမကောင်းတဲ့ကြားမှာ ငါးရာကျပ်တည်းနဲ့ ဗိုက်ဖြည့်ရလို့ ကျေနပ်နေရတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုပါတယ်။
"တစ်နေကုန်လုံး ဒီဟာလေး တစ်ဗူးငါးရာဆိုတော့ စားပျော်တာပေါ့၊ ကျမတို့ သားအမိနှစ်ယောက်ဆိုရင် တစ်ထောင်ပဲကျတယ်၊ စီးပွားရေးလည်း မကောင်း လုပ်ကိုင်ရှာစားရတာလည်း မကောင်းဘူး၊ ဈေးတွေကလည်းကြီး၊ နိုင်ငံရေးလည်းမကောင်းတော့ တစ်နေ့လုပ်မှ တစ်နေ့စားနေရတယ်၊ မလုပ်ရင်မစားရဘူး၊ အခုလို ငါးရာတန်လေးတွေရောင်းတော့ စားရတာ အဆင်ပြေတာပေါ့"

အခုကာလမှာ ထမင်းတစ်နပ်ကို အိမ်မှာချက်စားမယ်ဆိုရင် ၂၀၀၀ လောက် အနည်းဆုံးကုန်တာကြောင့် ဒီလိုငါးရာတန်ဆိုင်လေးတွေမှာ ဝယ်စားလိုက်တာက ပိုအဆင်ပြေတယ်လို့ ပြောကြပါတယ်။
မြောက်ဒဂုံက NTR ဇလုံထမင်းဆိုင်မှာလည်း ငါးရာကျပ်နဲ့ အဝစားထမင်းတွေရောင်းနေပါတယ်။ NTR ဇလုံထမင်းဆိုင်ပိုင်ရှင် ဦးနေသူရိန်ကလည်း ထမင်းတစ်နပ်တောင် မနပ်မှန်တဲ့သူတွေ တော်တော်များများ တွေ့လာရတာကြောင့် အခုလို ဆိုင်ဖွင့်လိုက်တာလို့ ဆိုပါတယ်။
"လူက ဗိုက်ဆာရင် ထမင်းငတ်လာရင် မလုပ်ရဲတာ မရှိဘူး။ အကုန်လုပ်ရဲတယ်။ မလုပ်ရဲတာ ဘာမှမရှိဘူး၊ အဲ့ဒီကြတော့ ဒီအချိန်မှာ အရမ်းလိုအပ်နေပြီဆိုပြီး စားရေးကတော့ ရေရှည်လိုအပ်တာမို့၊ ဒီလိုငါးရာနဲ့ဆိုရင်တော့ ရေရှည်လုပ်နိုင်မယ်ဆိုပြီး လုပ်ဖြစ်တာပါ"
NTR ဇလုံထမင်းဆိုင်မှာလည်း တစ်နေ့ကို လူလေးရာလောက် လာစားပါတယ်။ အဲ့ဒီထဲမှာ အမှိုက်ကောက်သမား ဒေါ်အငယ်မကတော့ ငါးရာတန်ထမင်းစားရဖို့ ရောက်တဲ့နေရာကနေ အပြေးပြန်လာပြီး နေ့လည်စာလာစားလေ့ရှိပါတယ်။ အာဏာသိမ်းပြီးနောက် အမှိုက်ကောက်တဲ့ အလုပ်တောင် ကောင်းကောင်းမလုပ်ရတော့တာမို့ ဒီ ၅၀၀ တန်ထမင်းလေးကို အားကိုးနေရတယ်လို့ ဆိုပါတယ်။
"အရင်က မနက်အစော လေးနာရီလောက်ထကောက်တယ်၊ အခုဆို (မာရှယ်လောရှိတာကြောင့်) ခြောက်နာရီလောက်မှ ထကောက်ရတယ်၊ ခြောက်နာရီတောင်အဆင်မပြေဘူး။ အရင်တုန်းက (အမှိုက်ကောက်) လှမ်းသမားလည်းသိပ်မရှိဘူး၊ အခုလူတွေက အလုပ်မရှိတော့ အမှိုက်ကောက်လှည်းသမားတွေ များလာတယ်၊ သိပ်အဆင်မပြေဘူး။ အမှိုက်ကောက်ရင်းရောက်တဲ့နေရာကနေ ပြန်ပြေးလာရတာ ညောင်းတာပေါ့၊ စားဖို့အတွက်ကတော့ ရှာရတာပဲ၊ ဒီကို ဘယ်နေရာပဲရောက်ရောက် စားဖို့ ပြန် ပြေးလာရတာပဲ"

အခုဆို ရွှေဘိုသူနဲ့ NRT ဇလုံထမင်းဆိုင်တို့လို ငါးရာကျပ်နဲ့ ရောင်းတဲ့ ထမင်းဆိုင် ရန်ကုန်မှာ ၁၀ ဆိုင်ထက်မနည်းရှိလာနေပြီလို့ ဆိုပါတယ်။ မန္တလေးအပါအဝင် နယ်မြို့လေးတချို့မှာလည်း စပြီးဖွင့်လာနေကြပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ကုန်ဈေးနှုန်းတွေက နှစ်ဆလောက်တက်ပြီး ရတဲ့ဝင်ငွေက အရင်ကထက် ၂ ဆလောက်လျှော့ကြသွားတာမို့ အိမ်မှာ ချက်မစားဘဲ ဒီလို တန်ဖိုးနည်းထမင်းဆိုင်တွေမှာပဲ လာဝယ်စားတဲ့သူတွေ များလာတယ်လို့ အိမ်ရှင်မတွေကပြောကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သူအာဏာသိမ်းလိုက်ပြီးနောက် ကုန်ဈေးနှုန်းတွေ တက်လာနေတာကို လက်ခံထားပြီး ဒီကုန်ဈေးနှုန်း တက်နေတာတွေကို လျှော့ချအောင်လုပ်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က စစ်ကောင်စီအစည်းအဝေ အတွင်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။

မြောက်ဒဂုံမြို့နယ်က ကုန်ခြောက်ရောင်းတဲ့ မဝင်းလဲ့ရည်ကတော့ ကုန်ဈေးနှုန်းကြီးလာတာကြောင့် ရတဲ့ဝင်ငွေကို စုဖို့ မပြောနဲ့ စားရသောက်ရဖို့တောင် အနိုင်နိုင်ပဲလို့ ဆိုပါတယ်။
"စားဖို့နေတိုင်းရှာနေရတယ်။ တစ်ရက်မရှာရင် တစ်ရက်မရဘူးပဲ၊ အရင်ကဆို ဈေးရောင်းလို့ရတဲ့ အမြတ်က စုလို့ ဆောင်းလို့ရတယ်၊ အိမ်ပြင်လို့ရတယ်၊ အကုန်လုပ်လို့ရတယ်၊ အခုက ကုန်ဈေးနှုန်းကြီးသွားလို့ တစ်နေ့ရှာမှ တစ်နေ့စားလို့ရတယ်၊ ရပ်ကွက်ထဲမှာ အလုပ်မရှိလို့ မစားရတဲ့သူတွေ ရှိတယ်၊ အကြွေးထူနေတဲ့သူတွေ တစ်ပုံကြီး"
အခုလာမယ့် ၂၀၂၂ ခုနှစ်ထဲမှာ မြန်မာ့လူဦးရေရဲ့ ထက်ဝက်လောက်ဟာ ဆင်းရဲမွဲတေမှုအောက်ကို ရောက်သွားနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်က အိမ်ထောင်စုပေါင်း ၁၂ဝဝ ကို မေးမြန်းစစ်တမ်းကောက်ပြီး ဒီဒီဇင်ဘာလ အစောပိုင်းမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမလုပ်ခင် အရင်ကအခြေအနေတွေကို ပြန်ရောက်သွားပြီး လူလတ်တန်းစား ပျောက်ကွယ်သွားမယ့် အခြေအနေရှိနေတယ်လို့ ပြောထားပါတယ်။
RFA က စကားပြောခဲ့တဲ့ ပြည်သူတွေကတော့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ တစ်နေ့ထက်တစ်နေ့ စားဝတ်နေရေး ပိုပို ကျပ်တည်းတာ ကြုံတွေ့လာနေတယ်လို့ ပြောကြပါတယ် ။