ရှစ်လေးလုံးအရေးတော်ပုံက သတင်းစာတွေ ချင်းမိုင်မြို့မှာပြသ

RFA Burmese
2024.08.08
ရှစ်လေးလုံးအရေးတော်ပုံက သတင်းစာတွေ ချင်းမိုင်မြို့မှာပြသ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်ရက်နေ့က “လူထုခြေရာ” ခေါင်းစဉ်နှင့် ၃၆ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံအထိမ်းအမှတ်အခမ်းအနား ကျင်းပစဉ်။
RFA

“လူထုခြေရာ” ခေါင်းစဉ်နဲ့ ရှစ်လေးလုံးအရေးတော်ပုံအတွင်းက သတင်းစာတွေပြပွဲနဲ့ ၃၆ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံအထိမ်းအမှတ်အခမ်းအနားကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က Golden Land Solidarity Collective မှာ သြဂုတ် ၈ ရက်နေ့က ကျင်းပပါတယ်။

မွန်းတည့် ၁၂ နာရီကနေ ညနေ ၆နာရီအထိ ကျင်းပတာဖြစ်ပြီး ချင်းမိုင်ရောက် တော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားလူငယ်တွေ တက်ရောက်ကြပါတယ်။

ဗမာ့ပြည်တွင်းစစ်ပြတိုက် (Burma Civil War Museum) နဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသားသမဂ္ဂ( Yadanabon University Students’ Union) တို့ ပူးပေါင်းပြီး ကျင်းပတာပါ။

၈၈ အရေးတော်ပုံအတွင်း ကျောင်းသားတွေနဲ့ပြည်သူတွေ ဦးစီးထုတ်ဝေခဲ့တဲ့ သတင်းစာတွေကို ခင်းကျင်းပြသပြီး ဒီသတင်းစာတွေဟာ လူထုလှုပ်ရှားမှု အရှိန်အဟုန်နဲ့ အားကောင်းခဲ့တဲ့ ပြယုဂ်တွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရှစ်လေးလုံးက သတင်းစာတွေကို ပြတိုက်က စုဆောင်းထားတယ်လို့ ဗမာ့ပြည်တွင်းစစ်ပြတိုက်က သုတေသီ ကိုရဲဟိန်းအောင်က ပြောပါတယ်။

“Burma Civil War Museum ကတော့ ၂၀၁၉ မှာ စတဲ့ Idea ပေါ့နော်။ Burma Civil War Museum ဖြစ်လာမယ့် မြန်မာ့ယဉ်ကျေးမှုသုတေသန အသင်း (MCRS) ဆိုတာ ရှိတယ်။ BCM ကတော့ MCRS ရဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ MCRSက အဖွဲ့မထောင်ခင် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက အချက်အလက်တွေ၊ စာအုပ်စာတမ်းတွေ၊ သတင်းစာတွေ၊ document စုဆောင်းတာတွေလုပ်ခဲ့တယ်။ BCM ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ မြေပုံတွေ၊ မှတ်တမ်းတွေ ၊ အသံသွင်းတိတ်ခွေတွေကအစ စုစည်းပါတယ်။ ဒါက စုစည်းမှုတွေထဲက တစ်ကဏ္ဍပေါ့နော်။ သတင်းစာတွေ သီးသန့်စုထားတဲ့ ထဲကမှ ရှစ်လေးလုံး သတင်းစာတွေနဲ့ ပတ်သက်ပြီး ပြသတာဖြစ်ပါတယ်”

ဒီသတင်းစာတွေကနေပြီး ခုနွေဦးတော်လှန်ရေးနဲ့ နှိုင်းယှဉ်ပြီး သင်ခန်းစာယူလေ့လာနိုင်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခမ်းအနားမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုပြီး တော်လှန်ရဲဘော်တွေက အမှတ်တရစကားပြောကြားပါတယ်။ ကဗျာတွေလည်းရွတ်ဆိုပြီး ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်ပါတယ်။


ဆက်နွှယ်သောသတင်းများ

ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွေ နိုင်ငံတစ်ဝန်းပြုလုပ်

အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ ၄၁၀၀ ကျော်ရှိလာကြောင်း AAPP ထုတ်ပြန်

ရှစ်လေးလုံးနှစ်ပတ်လည် အထိမ်းအမှတ်ဆန္ဒပြပွဲ ရန်ကုန်မှာကျင်းပ


အိုးဝေစာစောင်၊ ဗကသများအဖွဲ့ချုပ်နဲ့ လူမျိုးပေါင်းစုံသပိတ်ကော်မတီတို့ကလည်း အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။ ခု နွေဦးတော်လှန်ရေးမှာ နယ်မြေတွေထိန်းချုပ်လာနိုင်တာကို ၈၈ က နောင်တော်တွေ ဝမ်းသာမယ်လို့ ထင်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းခန့်ကျော်လင်းက ဆိုပါတယ်။

“၈၈မှာ ကြုံတွေခဲ့ရတဲ့ အာဏာရှင်နဲ့ ၂၀၂၁မှာ ကြုံတွေရတဲ့ အာဏာရှင် တူကောင်းတူလိမ့်မယ်။ ဒါပေမဲ့ သူတို့က တုံ့ပြန်တဲ့ နည်းနာတွေ ကွဲတယ်။ ၂၀၂၁ မှာဆို ပိုရက်စက်ကြမ်းကြုတ်တဲ့ နည်းစနစ်တွေကို ကျင့်သုံးခဲ့ရတယ်။ ၂၀၂၁ မှာ လူထုတိုက်ပွဲအပြင် လက်နက်ကိုင်တိုက်ပွဲတွေကို ပိုကျယ်ပြန့်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ လက်ရှိမှာလည်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေ နေရာပေါင်းစုံမှာ တော်လှန်ပြီး ထိန်းချုပ်နိုင်တဲ့အထိ အခြေအနေကိုရောက်ရှိလာတယ်။ ဒါကို ၈၈က နောင်တော်တွေသိရင် ဝမ်းသာမယ်လို့ ထင်တယ်။ တိုက်ပွဲတွေ၊ လူထူလှုပ်ရှားမှုတွေ လုပ်ရတဲ့အချိန်မှာ ၈၈ က ရဲဘော်တွေရဲ့ နည်းစနစ်တွေကို များစွာ အသုံးပြုခဲ့တဲ့အတွက် ရဲဘော်တွေရဲ့ ဖောက်ထွက်ခဲ့တဲ့ စဉ်းစားမှုတွေကို ကျေးဇူးတင်တယ်။ ၂၁ မှာ ဒါကို ပေါင်းစပ်ပြီး စစ်အာဏာရှင်ကို ဖြိုလှဲနိုင်လိမ့်မယ်လို့ ယုံကြည်တယ်”

မွန်းတည့် ၁၂ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပတဲ့ အခမ်းအနားကို ချင်းမိုင်ရောက် တော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားလူငယ်တွေ တက်ရောက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်ရက်နေ့က “လူထုခြေရာ” ခေါင်းစဉ်နှင့် ၃၆ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံအထိမ်းအမှတ်အခမ်းအနား ကျင်းပစဉ်။ (Photo : RFA)
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်ရက်နေ့က “လူထုခြေရာ” ခေါင်းစဉ်နှင့် ၃၆ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံအထိမ်းအမှတ်အခမ်းအနား ကျင်းပစဉ်။ (Photo : RFA)

ဒီပွဲကနေ ခေတ်အဆက်ဆက် သတင်းမီဒီယာတွေက လူထုအသံတွေကို ဘယ်လိုထုတ်ဖော်ခဲ့လဲဆိုတာ သိနိုင်တယ်လို့ ချင်းမိုင်တက္ကသိုလ်က မြန်မာကျောင်းသားတစ်ယောက်က ရှုမြင် ပါတယ်။

“ကျွန်တော်တို့မှီတဲ့ တိုက်ပွဲနဲ့ မမှီတဲ့ တိုက်ပွဲကြားမှာ ဘာတွေ ကွာခြားနေလဲ။ လူသားအခွင့်အရေး၊ နိုင်ငံရေးစံနှုန်းတွေ ဘယ်လောက်ထိ တိုးတက်ပြောင်းလဲလာလဲဆိုတာ သိနိုင်တယ်။ ဒါတွေကနေတစ်ဆင့် ခေတ်အဆက်ဆက်မှာ ပြည်သူတွေက ဘယ်လောက်ထိ တာဝန်ကျေခဲ့သလဲ။ သတင်းမီဒီယာတွေကရော ဘယ်လောက်ထိ တာဝန်ကျေခဲ့သလဲ။ ကျွန်တော်တို့ အသံတွေကို ဘယ်လို ထုတ်ဖော်ခဲ့ကြသလဲဆိုတာကို သိနိုင်တယ်”

ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ မြန်မာ့တော်လှန်ရေးသမိုင်းမှာ လူတန်းစားအလွှာပေါင်းစုံပါဝင်ခဲ့တဲ့ အထင်ကရ လူထုအရေးတော်ပုံ လှုပ်ရှားမှုကြီးတစ်ခုဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် ဒီလိုအချိန်မှာ ကျောင်းသားတွေနဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် သွေးချောင်းစီး တိုက်ပွဲဝင်ခဲ့ကြသလို ဒီနေ့ ၃၆ နှစ်တိုင်တဲ့နေ့မှာလည်း မျိုးဆက်သစ် ကျောင်းသားပြည်သူတစ်ရပ်လုံးဟာ တူညီရဲ့ရည်မှန်းချက်တွေနဲ့ ဆက်လက် တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။