စစ်ကောင်စီကို တော်လှန်နေတဲ့ ထန်းသမားမိသားစု

ခင်မိုးညို
2022.11.03
စစ်ကောင်စီကို တော်လှန်နေတဲ့ ထန်းသမားမိသားစု စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ထန်းတက်သမားတစ်ဦး။
Photo: RFA

စစ်ကောင်စီက အပြင်းထန်ဆုံးချေမှုန်းနေတဲ့စစ်ကိုင်းတိုင်းမှာ သူတို့ကိုရရာလက်နက်နဲ့ ခုခံတိုက်ခိုက်နေတဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နေရာအနှံ့ရှိနေသလို ဒေသခံတောင်သူလယ်သမားတွေ ထန်းသမားတွေကလည်း လူကြီး၊ လူငယ်၊ ကျားမ မခွဲဘဲ နီးစပ်ရာအဖွဲ့တွေနဲ့ ပူးပေါင်းနေကြပါတယ်။

အဲဒီလိုလူတွေထဲမှာ ဒီပဲယင်းမြို့နယ်ထဲက မိသားစုတစ်စုကတော့ သားသမီး ကိုးယောက်ရှိတဲ့အထဲမှာ သမီးမိန်းကလေး နှစ်ယောက်ကလွဲလို့ သားယောက်ျားလေး ခုနစ်ယောက်စလုံး PDF စစ်သည်တော်တွေအနေနဲ့ လက်နက်ကိုင်ခုခံတော်လှန်နေကြပါတယ်။

“ဆန်ပြုတ်ပဲ ကျိုသောက်ရသောက်ရ ဖြစ်သလိုစားမယ်ဆိုပြီး အားပေးတာပါ"

သူတို့မိသားစုဟာ စစ်အာဏာမသိမ်းခင်က တောင်သူထန်းတက်အလုပ်နဲ့ပဲ မျိုးရိုးစဉ်ဆက်အသက်မွေးကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ ဘာကြောင့် စစ်ကောင်စီကို ခုခံတော်လှန်ဖို့ ဆုံးဖြတ်ခဲ့ရတာလဲဆိုတော့ ပြီးခဲ့တဲ့စစ်အစိုးရခေတ်တွေမှာ အဖိနှိပ်ခံရတာတွေ၊ အဓမ္မလုပ်အားပေးခိုင်းခံရတာတွေ ရှိခဲ့တဲ့အတွက် နောက်နောင် ဒီစနစ်မရှိအောင် ပါဝင်နေတာလို့ အသက် ၇ဝ အရွယ်ရောက်နေပြီဖြစ်တဲ့ ညီအစ်ကိုခုနစ်ယောက်ရဲ့အဖေအိုက ပြောပြပါတယ်။

“သားသမီးကိုးယောက်ရှိတယ်။ ယောကျ်ားလေး ခုနစ်ယောက်၊ မိန်းကလေး နှစ်ယောက်ပါတာပေါ့ ဗျာ။ ယောကျ်ားလေး ပါသမျှကို မင်းတို့ ဒီလိုမှမလုပ်ရင် ဟိုတုန်းက တို့ဖိနှိပ်ခံခဲ့ရတာ။ မင်းတို့က အငယ်လေးရှိတုန်းက တို့တတွေ လုပ်ကိုင်စားသောက်ရတာ၊ လုပ်အားပေးဆိုလည်း လိုက်ရတာပဲ။ ဟိုခေါ်လည်း လိုက်ရတာပဲ။ အိမ်မှာ မရှိ၊ရှိရှိ စားရရ၊မစားရရ လုပ်အားပေးဆိုလိုက်လုပ်ရတာပဲ။ စစ်ဖိနပ်အောက်ရောက်ရင် ဒီအတိုင်းပဲသွားမှာ၊ ဒီစနစ်ကြီးပဲသွားမှာ၊ အဲဒီတော့ မင်းတို့လုပ်သာလုပ်ကြ မင်းတို့ လုပ်မှသာလျှင် နောင်သူနောင်သားအတွက်ကောင်းမှာ၊ ငါသာ အသက်ကြီးလို့။ အသက်မကြီးလို့ရှိရင် အခုတော့ သေနတ်တော့ ကိုင်နိုင်သေးတယ်။ မျက်စိကတော့ နည်းနည်းနာတယ်။ ဖြစ်နိုင်သေးတယ်။ သေနတ်ရတဲ့အချိန်ကျရင် ငါလည်းပြောမရဘူး။ ထလိုက်ချင်လိုက်မှာပဲ”

PDF တပ်ခွဲမှူး ကိုမဲကြီးလို့ ခံယူထားတဲ့ သူ့သားတစ်ယောက်ကလည်း သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ရော၊ NUG ကြောင့်ပါ လက်နက်ကိုင်တာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ဖျက်သိမ်းဖို့ အတွက်အခုလိုပါဝင်နေတာလို့ ပြောပါတယ်။

“ကျွန်တော့်နာမည် ကိုမဲကြီးပါ။ ယင်းမာပင်ခရိုင်၊ တပ်ရင်း (၁၆) တပ်ခွဲ ( ၃ ) တာဝန်ခံပေါ့။ ကျွန်တော် တော်လှန်ရေးထဲမရောက်ခင်တုန်းက တောင်သူလည်း လုပ်တယ်။ ထန်းလည်း တက်တယ်။ သမာအာဇီဝကျပြီး ရိုးသားတဲ့အလုပ်ဆို ကျွန်တော်အကုန်လုပ်တယ်။ အခုလို ကျွန်တော်တို့ လက်နက်ကိုင်တယ်ဆိုတာလည်း NUG က လက်နက်ကိုင်ခိုင်းတာလည်း မဟုတ်ဘူး။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ခိုင်းတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ နှစ်ပေါင်းများစွာခံလာခဲ့ရတဲ့ ခံစားချက်တွေက အရင်လူတွေ မလုပ်ခဲ့လို့ ကျွန်တော်တို့လည်း ဆက်မလုပ်ဘူးဆိုရင် သားစဉ်မြေးဆက် ဒီလိုတောက်လျှောက်သွားတော့မှာ။ ကျွန်တော်တို့ သားသမီးမြေးတွေလက်ထက်မှာ ကျွန်တော့်ကို မဲကြီးတို့လက်ထက်မှာ လုပ်ခဲ့ကြလို့ အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့တယ်ဆိုတဲ့ ဂုဏ်ယူရတဲ့ ဝေါဟာရကို ရအောင် အကောင်အထည်ဖော်မယ်”

ကိုမဲကြီးဟာ လူခြောက်ယောက်၊ ငွေတစ်သောင်းရှစ်ထောင်နဲ့ သူ့ရပ်ရွာကာကွယ်ရေးကို စခဲ့တယ်လို့ ပြောပြပါတယ်။

“စခန်းစထောင်မယ်လုပ်တော့ ကျွန်တော်အပါအဝင် ရဲဘော်ခြောက်ယောက်။ ပိုက်ဆံတစ်သောင်း ရှစ်ထောင်နဲ့ တောထဲမှာစခန်းဆောက်ပြီး ထန်းလက်တဲနဲ့ နှစ်ပါးသွားခဲ့ရတာ။ အဲဒီကမှ တူမီးလေးတွေ တစ်ဆင့်တစ်ဆင့်လုပ်လာရတာ။ တူမီးလေးတွေ ဆယ်လက်၊ ဆယ့်ငါးလက်လောက်ရလာတော့ ကျွန်တော်သင်တန်းဖွင့်မယ်ဆိုပြီး ကျွန်တော်နေတဲ့ စခန်းနားတစ်ကြောမှာ သင်တန်းလေးလုပ်ပေးတယ်။ ပထမအသုတ်မှာ ရွာလေးရွာကလူ ၆၀ လောက် ကျွန်တော်သင်တန်းပေးခဲ့တယ်။ သင်တန်းပြီးတော့ တချို့က သူတို့ကျေးရွာမှာ ကာကွယ်ရေးအနေနဲ့နေမယ်။ အများစုကတော့ တော်လှန်ရေးပြီးမှ အိမ်ပြန်မယ်ဆိုတဲ့သူတွေ များတယ်။ အခုအချိန်မှာ ပြည့်စုံမှုတော့မရှိသေးဘူး။ ကျွန်တော်တို့ ပြောက်ကျားစနစ်နဲ့ လုပ်တယ်။ ကျွန်တော်တို့ မိုင်းအားကိုးတယ်။”

ကိုမဲကြီးတို့ရဲ့ အမေကလည်း အလုပ်လုပ်ပြီး ရတဲ့ဝင်ငွေရဲ့တစ်ဝက်ကို မိသားစုထမင်းဖိုး၊ ကျန်တဲ့ တစ်ဝက်ကို သူ့သားတွေရဲ့တော်လှန်ရေးအတွက် ပံ့ပိုးနေတယ်လို့ပြောပြပါတယ်။

“သားသမီး ကိုးယောက်ရှိတာ။ သား ခြောက်ယောက်နဲ့ မြေးအပါအဝင် ခုနစ်ယောက် တော်လှန်ရေးထဲမှာလုပ်နေတာ။ မရှိရှိတာ၊ နှစ်ထောင်ဝင်တယ်ဆိုရင် တစ်ထောင်ကို တော်လှန်ရေးထဲ ထောက်ပံ့တယ်။ ကျန်တစ်ထောင်ကို ဖြစ်အောင်စားတယ်။ ဆန်ပြုတ်ပဲ ကျိုသောက်ရသောက်ရ ဖြစ်သလိုစားမယ်ဆိုပြီး အားပေးတာပါ။ အဲဒီလိုအားပေးတဲ့အတွက် သူတို့က ကျွန်မတို့အိမ်ကော၊ တိရိစ္ဆာန်တွေကော မီးရှို့တာပါ။ ဒါပေမဲ့ ကျွန်မတို့က စိတ်ဓာတ်ကျမသွားဘူး။ ကျွန်မတို့ အသက်မသေမချင်း အားပေးနေမှာပါ။ ကျုပ်သားသမီးမှမဟုတ်ဘူး၊ တစ်နိုင်ငံလုံး တော်လှန်ရေးတိုက်နေတဲ့သူတွေကို ကျုပ်သားသမီးတွေလိုပဲ နိုင်ပါစေလို့ မေတ္တာပို့ ဘုရားဆုတောင်းနေတာပါ။ ဘယ်သူကမွေးမွေး တော်လှန်ရေးသမားတွေကို ကျုပ်သားသမီးတွေရယ်လို့ သတ်မှတ်ထားပါတယ်။ တော်လှန်ရေးကြီး ပြီးမြောက်အောင်မြင်သွားအောင် မင်းတို့ လုပ်ရမယ်။ ငါ့ကိုနောက်ဆံတင်းမနေနဲ့။ ကိုယ့်ဝမ်းကိုယ် လုပ်ကိုင်စားသောက်နိုင်တယ်။ မငတ်ဘူး။ ထမင်းမစားနိုင်တောင် ဆန်ပြုတ်ကတော့ ကျိုသောက်နိုင်တယ်ပေါ့။ လုပ်ရမယ့်ဟာသာ လုပ်ကြ။ ငါအားပေးတယ် လုပ်ကြ။ အဲဒီလိုခိုင်းလိုက်တယ်။”

SDW-001.jpg
ယင်းမာပင်ခရိုင်၊ တပ်ရင်း (၁၆) တပ်ခွဲ ( ၃ ) တာဝန်ခံ PDF တပ်ခွဲမှူး ကိုမဲကြီး။ (Photo: RFA)

ကိုမဲကြီးတို့ မိဘတွေဟာ သူတို့ရဲ့နေအိမ်နဲ့ ကျွဲနွားတိရိစ္ဆာန်တွေကို စစ်တပ်က မီးရှို့လို့ ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့စိတ်ဓာတ်မကျဘဲ တော်လှန်ရေးအောင်မြင်တဲ့အချိန်ကျရင် ကလေးတွေအားလုံး ပညာကောင်းကောင်းသင်နိုင်ဖို့ မျှော်လင့်တယ်လို့ပြောပြပါတယ်။

“ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သံတမန်ရေးရာဆွေးနွေးပြီးလို့ အာဏာပြန်ပေးတာမျိုး၊ မင်းအောင်လှိုင်ကအဖမ်းခံရတာမျိုးလုပ်လဲ ကျွန်တော်တို့ကတော့ ဦးတည်ထွက်လာကတည်းက ထန်းလှီး ဓားခါးထိုးပြီး တောထဲကိုထွက်လာခဲ့ကြတာ။ စစ်အာဏာရှင်ကို အပင်ခုတ်ပစ်ရုံနဲ့မကျေနပ်ဘူး။ အမြစ်ပါ လှန်ပြီးမှ။ ရှင်းရှင်းပြောရရင် စစ်အာဏာရှင်အသိုက်အဝန်းတစ်ခုလုံးသေပြီးပြီ၊ ကျဆုံးပြီးပြီဆိုမှ အိမ်ပြန်မှာ။ တော်လှန်ရေးပြီးရင်တော့ ကျွန်တော်တို့က အရင်လိုပဲ ထွန်အငှားရှင်းလိုက်မယ်။ ထန်းတက်မယ်၊ ငုတ်တူးလိုက်မယ်၊ ပေါင်းရှင်းမယ်၊ အဲဒါပဲ။ ကျွန်တော်တို့ အရင်ကလုပ်ခဲ့တဲ့ အဲဒီလိုကျပန်းအလုပ်ပဲ စိတ်ဝင်စားတယ်။ မျှော်လင့်ချက်က တစ်ခုပဲရှိတာ။ ကျွန်တော့်သား ကျွန်တော့သမီး အဲဒီလိုအရွယ်၊ ကလေးသူငယ်တွေအားလုံး လွတ်လွတ်လပ်လပ်နဲ့ စစ်မှန်တဲ့ပညာရေး သင်ကြားရရင် ကျွန်တော်ကျေနပ်တယ်ဗျာ။ အဲဒါ ကျွန်တော်တို့ မျှော်လင့်ချက်ပဲ”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။