ရှေးဟောင်းလှေ ပုံစံငယ်တွေ ဖန်တီးတဲ့ မင်းကွန်းရွာသား
2023.08.20
ဧရာ၀တီမြစ်ကမ်းနားမှာ မြင်ရခဲတဲ့ အရင်ခေတ်ကာလက ရှေးဟောင်းဒီဇိုင်းနဲ့လှေတွေ တန်းစီ ရပ်ထားတဲ့ ဓာတ်ပုံကို မြင်ရတာအံ့ဩစရာပါ။ ဒီအချိန်မျက်မှောက်ခေတ်မှာ ဒီလိုလှေတွေ သုံးစွဲနေဆဲပဲလားဆိုတာ တွေးစရာပါ။
အသေအချာကြည့်မိမှ အဲဒါတကယ့်လှေတွေ မဟုတ်ပါဘူး။ အလှဆင်ဖို့၊ အမှတ်တရထားဖို့ကောင်းတဲ့ ရှေးဟောင်းလှေပုံတူလေးတွေကို ရေစပ်မှာချထားပြီး ဓာတ်ပုံရိုက်ထားတာပါ။ အဲဒီလှေတွေကို မင်းကွန်းတောင်ရွာက ဦးအောင်သန်းက ဖန်တီးထားတာပါ။ ငယ်စဉ်က မြင်တွေ့ဖူးခဲ့တဲ့ ဧရာ၀တီမြစ်ထဲမှာ အသုံးပြုခဲ့ကြတဲ့ လှေပုံစံတွေအတိုင်း ကြိုးစားဖန်တီးထားတာလို့ သူက ပြောပါတယ်။
“ကျွန်တော်က ပညာရှင်ကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။ ကျွန်တော်က ငယ်ငယ်ကတည်းက ဧရာ၀တီမြစ်ထဲ နေခဲ့ရတဲ့အခါကျတော့ ကျွန်တော်ငယ်ငယ်က ဒီလိုလှေကြီးတွေ ရှိတယ်။ ဒီလိုဆိုရင် မျက်လုံးထဲမှာ မှန်းပြီးတော့ ဒီနေရာ ဒါပါတယ်ဆိုလိုက်လုပ်တဲ့သဘောပါ။ ဘာကိုဘယ်လို ခေါ်တယ်ဆိုတာကို မသိပေမယ့် ဒါတွေပါတယ်ဆိုတာ မျက်လုံးထဲမြင်တာပေါ့ဗျာ။ ရှေ့မှာ ဒီလိုဟာတွေပါတယ်။ ဒါဆို လှေသူကြီးပဲ့တဲ့စင်။ ဒီအပေါ်ကနေ ဒီလိုထိန်းပြီး လှည့်တာ။ ပဲ့သူကြီးက ဒီကကိုင်လှည့်တာ။ ဒီလိုလှည့်တာ။ သွားချင်တဲ့ဘက်။ ဒီဟာ ခမုတ်စင်ခေါ်တယ်ပေါ့။ ကန်တော့ပွဲတွေ ဘာတွေတင်တယ်။ အဲဒီအပေါ်”
ရှေးတုန်းက ဧရာ၀တီမြစ်ထဲမှာ လက်ရာမြောက်စွာ သစ်သားနဲ့တည်ဆောက်ထားတဲ့ လှေတွေဟာ မြစ်တလျှောက် အစုန်အဆန် ရွက်လွှင့်ခဲ့ပါတယ်။ ကုန်စည်သယ်ဆောင်တာတွေ၊ ခရီးသွားလာတာ တွေအတွက် လှေတွေကိုပဲအားကိုးအားထားပြုခဲ့ကြရတာပါ။
လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကစပြီး ရွက်တိုင်ပါတဲ့ အညာလှေကြီးတွေ ဧရာ၀တီမြစ်ထဲမှာ မမြင်ရတော့တာလို့ ဦးအောင်သန်းက ပြောပါတယ်။
“ကျွန်တော် အသက် ၅၄ နှစ်ရှိပြီ။ ကျွန်တော်တို့ အသက် ဆယ့်ငါးနှစ်ဆယ်လောက်ကစပြီး ဒါတွေ တဖြည်းဖြည်းရှားလာတယ်။ ကလေးဘဝက ဒါကြီးတွေမြင်ခဲ့ဖူးတာလေ။ ဆယ့်ငါး နှစ်ဆယ်လောက်က စပြီး တစ်စီးစ နှစ်စီးစတွေ့၊ တဖြည်းဖြည်းနဲ့ အခုပျောက်သလောက်ဖြစ်သွားပြီ။ မမြင်ဖူးတော့ဘူး”
သူကလက်သမားပညာကို တတ်ကျွမ်းထားတဲ့အတွက် သူ့စိတ်ထဲမှာ စွဲထင်နေတဲ့ တိမ်ကောသွားတဲ့ အညာလှေတွေကို ပြန်ပြီး ပုံဖော်ဖန်တီးနိုင်တာ ဖြစ်ပါတယ်။ စလုပ်ခါစကတော့ အခက်အခဲတွေ ကြုံတွေ့ရတယ်လို့ ပြောပါတယ်။
“အသက်ဆယ့်ခုနှစ်နှစ်လောက်ထဲက လက်သမား လုပ်လာတာ။ လက်သမားတတ်ထားတော့ ဒါလေး သွားလုပ်ဖြစ်တာ။ အစလုပ်တဲ့အချိန်တုန်းကတော့ ငါဘယ်လိုလုပ်ရမလဲ။ ဒါတွေက သံနဲ့ရိုက်ရင်လည်း ကွဲမှာ။ နောက်ကျတော့မှ သံနဲ့မရိုက်တဲ့နည်းပေါ့။ ကော်နဲ့ ကပ်ပြီးသုံးလိုက်တော့တာ။ သံတစ်ချောင်းမှ မသုံးတဲ့နည်းပေါ့။ ဘာအခက်အခဲဖြစ်လဲဆိုတော့ စလုပ်တုန်းကတော့ ပုံသိပ်မကျဘူး။ နောက် အမြီးလေးတွေ တိုတာတို့ ဘာတို့ပေါ့ဗျာ။ အော် ပြန်ရှည်ရင်လှမယ်ဆိုပြီး လုပ်တဲ့ပေါ်ကနေ ပညာရလာတယ်ပေါ့ဗျာ”
ခေတ်ဟောင်းလှေပုံစံတူတွေကို ဖန်တီးခဲ့တဲ့ ငါးနှစ်အတွင်း အစင်းရေပေါင်းများစွာ ထုတ်လုပ်ခဲ့ပြီး ဦးအောင်သန်းရဲ့လက်ရာတွေကို နှစ်သက်သူတွေက ဝယ်ယူစုဆောင်းကြပါတယ်။
“လုပ်တာက ငါးနှစ်လောက် ရှိပြီ။ အစီးရေလည်း တစ်ရာကျော်လောက် ရှိပြီ။ တစ်ယောက်တည်း ဝယ်တာကိုက ပန်းချီဆရာကြီးဦးမာလာဆိုရင် ခုနှစ်စီးလောက် ဝယ်ဖူးတယ်။ နောက်ထပ် ဟိုတယ်တွေက ဝယ်တယ်။ ပန်းချီဆရာတွေလည်း ဝယ်တယ်။ ပန်းချီဆရာတွေက အနုပညာ မြတ်နိုးတာဆိုတော့။ ကျွန်တော်က နှစ်သိန်း ပျမ်းမျှနှုန်းပေါ့။ ဒီထက်ကြီးသွားတာ အနုစိတ်သွားတာဆို နှစ်သိန်းအထက်ပေါ့။ အဲဒီလို ရောင်းတယ်”
လှေပုံစံငယ်လေးတွေကို လုပ်နေရတာက ဦးအောင်သန်းအတွက် ပျော်စရာပါ။ လူတွေမှာ စိတ်မရွှင်ပြတာတွေ ကြုံလာခဲ့ရင် ဝါသနာပါတာ တစ်ခုခုကိုစွဲစွဲမြဲမြဲ လုပ်ကြည့်ဖို့ကိုလည်း သူက အကြံပြုပါတယ်။ ဦးအောင်သန်းဟာ မင်းကွန်းမှာ နေထိုင်ရင်း သူ့အမြင်အာရုံမှာ စွဲကျန်ရစ်ခဲတဲ့ မြန်မာ့လှေတွေကို ပြန်လည်ကြိုးစားပုံဖော်နေရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်။
“ဘာမှ မလုပ်ဘဲ စိတ်ဓာတ်ကျနေသူတွေကို ပြောချင်တာကတော့ ကိုယ်ဝါသနာပါတာတစ်ခုခု စမ်းပြီး လုပ်ကြည့်ပါ။ အဲဒီအပေါ်မှာ ပျော်ရွှင်သွားပါလိမ့်မယ်။ ပျော်ရွှင်စရာတစ်ခုခုကို တွေ့ရှိလာပါလိမ့်မယ်။ ဒီဟာလေးလုပ်နေရတာ စိတ်ငြိမ်ပြီး ပျော်တယ်လေ။ ဘယ်မှလည်း မသွားဖြစ်တော့ဘူး။ ဟန်ကျနေတာ ပျော်နေတာ”