မုံရွာအခြေစိုက် ဒေါင်းမျိုးဆက် သံချပ်အဖွဲ့
2022.04.12

ဒီကနေ့ဟာ သင်္ကြန်အကြိုနေ့ ဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်ကို တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲကြဖို့ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင်တွေက တိုက်တွန်းထားကြတာပါ။ တစ်ချိန်တည်းမှာပဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်အာဏာဆန့်ကျင်ရေး လူငယ်တွေ၊ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ လူငယ်တွေကလည်း တော်လှန်ရေးကြွေးကြော်သံတွေကို သံချပ်စာသားတွေအဖြစ်ပြောင်းပြီး ပုံစံတစ်မျိုးပြောင်း တော်လှန်နေကြပါတယ်။
အဲ့ဒီထဲက စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် ဒေါင်းမျိုးဆက်သံချပ်အဖွဲ့ရဲ့ သံချပ်ထိုးကွက်တချို့ကို ကောက်နုတ်ဖော်ပြပါမယ်။
သံချပ်အဖွင့်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး နိုင်ငံအာဏာကို သိမ်းယူခဲ့ပေမယ့် အခုအချိန်ထိ တိုင်းပြည်ကို လုံးဝ အုပ်ချုပ်လို့ မရသေးဘူး ဆိုတဲ့ စာသားနဲ့ သံချပ်ကို စဖွင့်ထားပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ကြဖို့လည်း မုံရွာအခြေစိုက် ဒေါင်းမျိုးဆက် သံချပ်အဖွဲ့က တိုက်တွန်းထားပါတယ်။
စစ်ကောင်စီက လေကြောင်းကနေပါ ထိုးစစ်ဆင် တိုက်ခိုက်တာခံနေရတဲ့ အညာဒေသ စစ်ကိုင်း၊ မကွေးဘက်က ဒေသခံပြည်သူတွေရဲ့ ရွပ်ရွပ်ချွံချွံ တွန်းလှန်နေပုံကိုလည်း သံချပ်ထိုးထားပါတယ်။
မုံရွာအခြေစိုက် ဒေါင်းမျိုးဆက် သံချပ်အဖွဲ့ရဲ့ သံချပ်စာသားတွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ပြထားတာတွေ၊ စစ်ကောင်စီကို ပြန်လည်ခုခံဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ ဒေသခံခုခံကာကွယ်ရေးတပ် PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထောက်ခံအားပေးထားတာကိုလည်း ကြားရမှာပါ။ အာဏာသိမ်းတစ်နှစ်ကျော်ချိန်မှာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေ ပြန်လည်စည်ကားစပြုလာနေတာနဲ့ ပတ်သက်လို့လည်း သံချပ်ထိုးရင်း သတိပေးထားပါတယ်။
မုံရွာအခြေစိုက် ဒေါင်းမျိုးဆက် သံချပ်အဖွဲ့ကို ၂ဝ၁၅ ခုနှစ်မှာ မုံရွာက တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပြီး ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာ အလှပြယာဉ်တွေနဲ့ မန္တလေးမြို့အထိ ချီတက် ဖျော်ဖြေခဲ့တာဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာတော့ တောတွင်း တစ်နေရာကနေ သံချပ်စာသားတွေနဲ့ စစ်ကောင်စီကို တော်လှန်နေကြတာပဲ ဖြစ်ပါတယ်။ ဒီနှစ်အတွက် သံချပ်စာသားတွေကိုတော့ ...." ဒီမိုကရေစီ ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး" အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ အဆုံးသတ်ထားပါတယ်။