တမူးမြို့မှာ အသက်ပေးသွားတဲ့ ဆယ်တန်းကျောင်းသား မောင်အာကာထက်
2022.10.01

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသားလူငယ် အတော်များများဟာ လက်နက်ကိုင် တော်လှန်ရေးကို သူတို့သဘောဆန္ဒနဲ့သူတို့ ရွေးချယ်ခဲ့ကြပါတယ်။ ဒီလိုရွေးလိုက်တဲ့ အတွက် သူတို့ဘဝမှာ အရင်က စိတ်ကူးခဲ့တဲ့ ရည်မှန်းချက်တွေကို စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် ခဏတာနောက်ချန် ထားခဲ့ကြရပါတယ်။
အများစုကတော့ တော်လှန်ရေးပြီးတဲ့အခါ သူတို့ရဲ့ မူလရည်မှန်းချက်တွေကို အကောင်အဖော်ဖို့ ဆုံးဖြတ်ထားကြပါတယ်။
ဒါပေမဲ့ တချို့က ဒီကာလမှာ အသက်တွေကို တော်လှန်ရေးအတွက် ပေးဆပ်လိုက်ရလို့ သူတို့ ရည်မှန်းချက်ဆီ မရောက်နိုင်ခဲ့တော့တာလည်း ရှိနေပါတယ်။ အဲဒီလို လူငယ်တွေထဲမှာ တမူးမြို့က အသက် ၁၇ နှစ်အရွယ် မောင်အာကာထက်လည်းပါသွားပြီလို့ သူနဲ့တစ်ဖွဲ့တည်းလှုပ်ရှားခဲ့တဲ့ ကိုအောင်ဖြိုးကြွယ်က ပြောပြပါတယ်။
“အာကာထက်က အခုပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က တမူးမြို့ လေးမိုင်ဂိတ် တိုက်ပွဲမှာ ကျဆုံးခဲ့ရတယ်။ လေးမိုင်တိုက်ပွဲဟာ အချိန်အားဖြင့် နှစ်နာရီကြာမြင့်ခဲ့ပြီး ကျနော်တို့ဟာ ဂိတ်ထဲအထိ ဝင်ရောက်စီးနင်းနိုင်စွမ်း ရှိခဲ့သော်လည်း ကျနော်တို့ရဲဘော် အကျအဆုံး ရှိခဲ့တာကြောင့် ကျနော်တို့ ပြန်ဆုတ်ခဲ့ရတယ်။ ဒီလေးမိုင်ဂိတ်တိုက်ပွဲမှာ ကျနော်တို့ မြန်မာကျောင်းသားများ အဖွဲ့က ရဲဘော်အာကာထက်နဲ့ ကလေး ပကဖ က တပ်ရင်းမှူး ဦးမောင်ရယ်၊ ရဲဘော်နှစ်ယောက်ရယ် အသက်ပေးပြီးမှ ဒီလေးမိုင်ဂိတ်ကို တိုက်ပွဲဝင်ခဲ့ရတယ်။”
သားဖြစ်တဲ့သူ တိုက်ပွဲမှာကျသွားပေမယ့် ပေါ်ပေါ်တင်တင် မငိုရဲခဲ့ဘူးလို့ မောင်အာကာထက်ရဲ့ မိခင်က ပြောပါတယ်။
“ကျွန်မသားလေး ဒီလမ်းကို လိုက်တယ်ဆိုကတည်းက တစ်နေ့ကျရင် တိုက်ရင်း ခိုက်ရင်းနဲ့ သေကွဲလည်း ကွဲနိုင်တယ်လို့ ကျွန်မတွေးမိပါတယ်။ ဒါပေမဲ့ တော်လှန်ရေး မအောင်မြင်ခင် လမ်းခုလပ်မှာ ခုလို ကျဆုံးသွားရတာကို မိခင်တစ်ယောက်အနေနဲ့ ဝမ်းနည်းပါတယ်။ အခုကျွန်မဆိုရင် ကိုယ့်အိမ်မှာမနေရပါဘူး။ စစ်ကောင်စီတွေ ရန်ကြောင့်ပါ။ တော်တဲ့သင့်တဲ့ နေရာမှာ နေရပါတယ်။ အိမ်နီးနားချင်းတွေလည်း ရှိတော့ ကျွန်မသားလေးဟာ တိုက်ပွဲမှာ ကျဆုံးသွားတာ သိရပေမယ့် ပေါ်ပေါ်ထင်ထင် မငိုရဲပါဘူးရှင်။”
ငယ်ငယ်ထဲက မိစုံဖစုံမနေခဲ့ရတဲ့ မောင်အာကာထက်ဟာ အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်တဲ့ ကလေးလို့လည်း သူကပြောပြပါတယ်။
“ ကလေးအရွယ်ကတည်းက မိစုံဖစုံမနေခဲ့ရဘူး။ ဒါပေမဲ့ သူကအဖေမရှိလို့ အားငယ်တာ ဝမ်းနည်းတာ မရှိဘူး။ သူရည်မှန်းထားတဲ့ အရာတွေကို မဖြစ်မနေလုပ်တာ သူငယ်ငယ်ကလေးတည်းက။ ကျွန်မတို့ နွေဦးတော်လှန်ရေးကြီးဖြစ်လာတော့လည်း သားလေးက ဆယ်တန်းမှာ တက်နေတုံး။ သူ့မှာလဲ ရည်ရွယ်ချက်တစ်ခုရှိတယ်။ အဲဒါကဘာလဲဆိုတော့ သူအင်ဂျင်နီယာ ဖြစ်ချင်တယ်ပေါ့နော်။ အဲဒါ အမြဲတမ်း ပြောတယ်။”
သူဟာ ဉာဏ်ရည်ထက်မြက်တဲ့ လူငယ်တယောက်ဖြစ်တယ်လို့ ကိုအောင်ဖြိုးကြွယ်က ဆိုပါတယ်။
“အာကာထက်ဟာ တော်တဲ့တတ်တဲ့ကလေးဖြစ်လို့ ပညာရေးပိုင်းကို လိုက်မယ်ဆိုရင် အင်မတန် ထူးထူးချွန်ချွန်ဖြစ်မယ့်ကလေးမျိုး။ ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ ယုတ်မာမှုတွေ အာဏာရူးသွပ်မှုတွေကြောင့် သူ့အနေနဲ့ တော်လှန်ရေးထဲမှာ ပါဝင်ခဲ့ရတယ်။ စွန့်လွှတ်မှုတွေက အတိုင်းထက်အလွန်များစွာ ရှိခဲ့တယ်။”
မောင်အာကာထက်ကို သူ့သူငယ်ချင်းတွေက အခမ်းအနားနဲ့ ဂူသွင်းသင်္ဂြိုလ်ပေးခဲ့ပါတယ်။ သူ့မိခင်ကတော့ သားတစ်ယောက် ဆုံးရှုံးလိုက်ရပေမယ့် တခြားလူငယ်တွေလည်း ပေးဆပ်နေကြလို့၊ သူ့သားအတွက် ဂုဏ်ယူနေပါတယ်။
“တွေးကြည့်တဲ့အခါမှာ ငါ့သားလေးရော၊ ငါ့သားလေးနဲ့ ရွယ်တူတွေရော၊ ငါ့သားထက် ကြီးတဲ့သူ၊ ငယ်တဲ့သူတွေရော၊ ဒီလူတွေဟာ တိုင်းပြည်ကို စစ်ကျွန်ဘဝက လွတ်မြောက်အောင် တိုက်ပွဲဝင်ပေးရင်း သူတို့ အသက်ကလေးတွေကို ငယ်ငယ် ရွယ်ရွယ်နဲ့ စတေးသွားရတာ။ ဒါကြောင့် ဒီကလေးတွေရဲ့ သေခြင်းဟာ အင်မတန်မှ မြင့်မြတ်တဲ့သေခြင်းဖြစ်တယ်။ ယုံကြည်ချက်အရ တိုက်ပွဲဝင်ရင်း ကြွေလွင့်ခဲ့ရတာ ဖြစ်တယ်။ ဒါဟာ ဂုဏ်ယူစရာတစ်ခုလို့ ကျွန်မတွေးနိုင်ပါတယ်။”
ကိုအာကာထက်နဲ့ တစ်ဖွဲ့တည်းလှုပ်ရှားခဲ့တဲ့ ကိုအောင်ဖြိုးကြွယ်က၊ သူ့တပ်က ရဲဘော်တစ်ယောက် ကျဆုံးခဲ့ရတဲ့အတွက် သူအသက်ရှိနေမျှ ဆက်ပြီး တော်လှန်သွားမယ်လို့ ပြောပါတယ်။
“ကျနော်တို့ အသက်မသေမချင်း ဆက်လက်တော်လှန်သွားမယ်ဆိုတာ ကျဆုံးသွားတဲ့ ရဲဘော်နဲ့ မြန်မာတစ်နိုင်ငံလုံးက မိဘပြည်သူတွေကို အသိပေးချင်ပါတယ်။ မိဘပြည်သူ တစ်ရပ်လုံးအနေနဲ့လည်း ကျနော်တို့ ဒီလိုကျဆုံးမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ တော်လှန်နေတဲ့ လူငယ်တွေကို ညိုညင်သွားတာတွေ၊ တချို့တစ်လေရဲ့လွဲမှားတဲ့ လုပ်ဆောင်ချက်တွေကြောင့် PDF တွေအပေါ်မှာ စိတ်ခုတာတွေ မဖြစ်ဘဲနဲ့ ကျနော်တို့ PDF တွေအကုန်လုံးကို ထောက်ခံအားပေးကြဖို့ နဲ့ မကောင်းတာရှိလည်း မိဘသဖွယ် ပြင်ဆင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။”