ပုံတွေကိုခြေထောက်နဲ့ဆွဲတဲ့ ပန်းချီဆရာ ကိုတင့်
2023.09.07

စုတ်တံကိုခြေချောင်းတွေကြားမှာညှပ်ပြီး စက္ကူတစ်ချပ်ပေါ်မှာပုံဆွဲနေတဲ့သူကတော့ ပန်းချီဆရာ ကိုတင့်ပါ။
သူဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်က ပအိုဝ်းတိုင်းရင်းသားဖြစ်ပြီး မွေးကတည်းက ပိုလီယိုရောဂါကြောင့် လက်နှစ်ဖက်လုံး မသန်ခဲ့တဲ့သူပါ။ ဒါကြောင့် သူ့ကိုယ်သူလည်း ပန်းချီဆရာ တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။
အခုအသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ကိုတင့်မှာ မွေးချင်း လေးယောက်ရှိပြီး သူက အကြီးဆုံးသားဖြစ်ပါတယ်။ သူ ၉ နှစ်သားအရွယ်မှာ အဖေကွယ်လွန်သွားတဲ့အတွက် တောင်ကြီးမြို့က မိဘမဲ့ကျောင်းကို ရောက်ခဲ့ရတယ်လို့ သူ့ငယ်ဘဝကို ပြောပြပါတယ်။
"ညီအကိုမောင်နှမ လေးယောက်ဆိုတော့ အလုပ်အကိုင်ကလည်းအဆင်မပြေဘူး၊ အဲလို အဆင်မပြေတော့ တောင်ကြီးက ဒုက္ခိတမိဘမဲ့ဂေဟာကျောင်းကို ပို့လိုက်တယ်။ အဲဒီကိုပို့လိုက်လို့ အဲမှာနေခဲ့တာပါ"
အဲဒီမိဘမဲ့ကျောင်းမှာ ၁၅ နှစ်လောက်နေခဲ့ပြီးမှ ၁၉၉၂ ခုနှစ်မှာတော့ သူ့ဘဝအလှည့် အပြောင်းဖြစ်ဖို့ ဖန်လာပါတော့တယ်။ အဲဒီအချိန်က ရန်ကုန်မှာတာဝန်ကျနေတဲ့ ဖိလစ်ပိုင်သံအမတ်ကြီးက ကိုတင့်တို့ ရှိတဲ့ကျောင်းကိုရောက်လာပြီး ပုံလေးတွေဆွဲနေတဲ့ ကိုတင့်ကို ပန်းချီဝါသနာပါမှန်းသိသွားပါတော့တယ်။ ဒါနဲ့ သူ့ကို မြေတောင်မြှောက်ပေးဖို့ သံအမတ်ကြီးက ရန်ကုန်ကိုခေါ်လာပြီး ပန်းချီဆရာ ဦးမြင့်လွင်ဆီမှာ အပ်ပေးခဲ့ပါတယ်။
"အဲဒီပို့ပေးတော့ ဆရာဦးမြင့်လွင်က ကျွန်တော့်ကိုသင်ပေးတာ။ ခဲပန်းချီတွေ၊ ရေဆေးပန်းချီတွေ၊ နောက် ဆီဆေးပန်းချီတွေ သင်ပေးတယ်။ တစ်ပတ်ကို နှစ်ရက် သင်ပေးတယ်၊ ကျန်တဲ့ အချိန်တွေက ကိုယ့်ဘာသာ အိမ်မှာလေ့ကျင့်ယူရတာပေါ့"
ရန်ကုန်မှာ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းမရှိတဲ့ ကိုတင့်အတွက် ပန်းချီပညာ သင်ယူနေတဲ့ သုံးနှစ်လုံးလုံး နေထိုင်စားသောက်ဖို့ကို ဖိလစ်ပိုင်သံအမတ်ကြီးနဲ့ ပန်းချီဆရာ ဦးမြင့်လွင်တို့က တာဝန်ယူ ထောက်ပံ့ပေးခဲ့ကြတာပါ။
အဲဒီနောက်ပိုင်းမှာတော့ ကွမ်းကြိုက်တဲ့ ကိုတင့်ဟာ ကွမ်းယာဆိုင်က မအေးအေးနိုင်နဲ့ မေတ္တာသက်ဝင်ခဲ့ပါတယ်။ မအေးအေးနိုင်ကတော့ ကိုတင့်ကို သနားလို့ မေတ္တာရှိသွားတာကနေ ခက်ခက်ခဲခဲနဲ့ နှစ်ယောက်တစ်ဘဝကို ထူထောင်ခဲ့တာလို့ ပြောပါတယ်။
"တစ်ယောက်နဲ့တစ်ယောက် အဲဒီလိုမျိုးပေါ့။ ကျွေးရင်း၊ မွေးရင်းကနေမှ မေတ္တာတရားတွေရှိသွားတာပေါ့ သူ့ကို။ ကိုယ်လည်းစျေးရောင်းတုန်းက၊ စျေးရောင်းရင်း သူ့ကိုကျွေးရင်းကနေ သနားလို့ မေတ္တာတွေရှိသွားတာပေါ့။ အစစအရာရာတော့ ခက်ခဲ့တာပေါ့ကွယ်။ ခက်ခက်ခဲခဲနဲ့ပဲ နေထိုင်ခဲ့ကြရတာပါပဲ"
အခုတော့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကြူစမ်းရပ်ကွက်မှာ သားသမီးတွေ ဆောက်ပေးထားတဲ့ အိမ်မှာ မိသားစု ခြောက်ယောက်လုံး အတူတူနေထိုင်ကြပါတယ်။ မိသားစုစားဝတ်နေရေးအတွက် ကိုတင့်က ပန်းချီဆွဲပြီး သူ့ဇနီးက အိမ်ဆိုင်လေး ဖွင့်ထားပါတယ်။ ကိုတင့်ဟာ သူနေတဲ့ မင်္ဂလာဒုံကနေ ရန်ကုန်မြို့ထဲကို တစ်နာရီခွဲကြာ ဘတ်စ်ကားစီးပြီး ၃၅ လမ်းနဲ့ ၃၆ လမ်းအကြား၊ မဟာဗန္ဓုလလမ်းပေါ်က ပလက်ဖောင်းပေါ်မှာ ရှုခင်းပန်းချီတွေနဲ့ အပ်ထည်ပုံတွေ ဆွဲပါတယ်။
"တစ်ခါတလေတော့ လမ်းစရိတ်တောင် မရတဲ့နေ့တွေ ရှိတယ်၊ လမ်းစရိတ်လောက်ပဲ ရတဲ့နေ့တွေလည်း ရှိတယ်"
"မြို့ထဲမှာ နေရာအတည်တကျတော့ မရှိဘူး၊ တစ်ခါတလေ ဗိုလ်ချုပ်စျေးနားက ပလက်ဖောင်းပေါ်မှာ ရေးတယ်၊ တခါတလေတော့ ၄၃ လမ်းမှာ ရေးတယ်၊ အခုတော့ ၃၆ လမ်းက ပလက်ဖောင်းပေါ်မှာ ရေးတယ်။ ၃၅ နဲ့ ၃၆ လမ်း ကြားမှာပေါ့၊ နေရာ အတည်တကျတော့ လိုတော့လိုချင်တာပေါ့။ ဒါပေမဲ့ ငှားလည်းမငှားနိုင်ဘူး၊ ဝယ်လည်း မဝယ်နိုင်ဘူးပေါ့။ အဲဒါကြောင့် မိုးတွင်းကာလမှာ အခက်အခဲအများကြီးရှိတာပေါ့။ နွေရာသီလောက်ပဲထွက်ရတယ်လေ။ နွေရာသီထွက်ရပေမယ့်လည်း ရောင်းလို့ရတဲ့ နေ့လည်း ရှိတယ်၊ ရောင်းလို့မရတဲ့နေ့တွေလည်း ရှိတယ်ပေါ့။ တစ်ခါတလေတော့ လမ်းစရိတ်တောင် မရတဲ့နေ့တွေရှိတယ်၊ လမ်းစရိတ်လောက်ပဲ ရတဲ့နေ့တွေလည်း ရှိတယ်။ တခါတလေတော့ တစ်သောင်း၊ နှစ်သောင်းလောက်ရတဲ့နေ့တွေလည်း ရှိပါတယ်"
ပန်းချီကိုခြေထောက်နဲ့ဆွဲနိုင်ပေမယ့် မြို့ထဲသွားရင် ဘတ်စ်ကားစီးဖို့အတွက် မိသားစုတစ်ယောက်ယောက် အကူအညီလိုအပ်တယ်လို့ ကိုတင့်ရဲ့ဇနီး ဒေါ်အေးအေးနိုင်က ပြောပါတယ်။
ရန်ကုန်မြို့ထဲက လမ်းပေါ်မှာ ကိုတင့်လိုပဲ မသန်စွမ်း ပန်းချီဆရာတစ်ယောက်ရှိပါတယ်။ သူကတော့ ခြေထောက်တစ်ဖက်မသန်တဲ့ ပန်းချီဆရာ ကိုစိုးခိုင်ပါ။ သူက ခြေထောက်နဲ့ ဆွဲနေတဲ့ ကိုတင့်ရဲ့ ပန်းချီရေးဆွဲပုံတွေကို လိုက်ကြည့်ပြီး အားကျရ၊ လေးစားရတယ်လို့ ပြောပါတယ်။
"သူ့ရေးချက်တွေကို ကျွန်တော် အားကျပါတယ်၊ သူက ကျွန်တော့်ရဲ့ အိုင်ဒေါ တစ်ယောက်ပါပဲ၊ ကျွန်တော်က ခြေထောက်တစ်ဖက် မသန်ဘူး၊ လက်နဲ့ရေးတယ်။ သူက လက်နဲ့ရေးလို့မရဘူး၊ ခြေထောက်နဲ့ရေးတာတောင်မှ လက်နဲ့ရေးတဲ့နီးနီး ဖြစ်တယ်ဆိုတော့ ကျွန်တော်က သူ့ကိုတကယ်လေးစားခဲ့တာ အားကျခဲ့တာပါ။ သူက ပြပွဲလေးလုပ်ချင်တယ်ပြောတယ်ဗျ။ အဲလိုလေးတော့ ကျွန်တော်ကြားမိတယ်။ အဲဒါသူ့ကို စပွန်ဆာလေး လုပ်ပေးမယ့်သူရှိရင် ကောင်းတာပေါ့ဗျာ"
ရလာတဲ့ဘဝရဲ့ ဖြစ်တည်မှုတွေကို ဖေးမကူညီတဲ့သူတွေရှိသလို ကဲ့ရဲ့လှောင်ပြောင်ပြီး ရှုတ်ချဝေဖန်တဲ့သူတွေလည်း ရှိတယ်လို့ပြောပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျဘဲ ပန်းချီကိုပဲ တစိုက်မတ်မတ်ဆွဲခဲ့လို့ အခုလို ပန်းချီဆရာတစ်ယောက် ဖြစ်လာခဲ့တာလို့ ကိုတင့်က ပြောပါတယ်။
"တချို့လူတွေက ကဲ့ရဲ့တယ်၊ ရှုတ်ချတယ်၊ နောက်ပြီး အမျိုးမျိုးဝေဖန်တယ်။ တချို့ကျတော့ အမျိုးမျိုး လှောင်ပြောင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလို ကဲ့ရဲ့လှောင်ပြောင်တာတွေပြောပေမယ့်လည်း ကျွန်တော်က ဂရုမစိုက်ဘူးလေ၊ ဒါတွေကို ကျွန်တော်က ဂရုစိုက်နေမယ်ဆိုလို့ရှိရင် ကျွန်တော် အနုပညာ ပန်းချီပညာကို တတ်လာမှာ မဟုတ်ဘူးလေ။ စိတ်ဓာတ်ကျလို့ရှိရင်ပေါ့။ အဲလိုစိတ်ဓာတ်ကျလို့ရှိရင် ဘာမှထူးလာမှာမဟုတ်ဘူးလေ"
ဒါကြောင့် ခြေထောက်ပဲအားကိုးနေရတဲ့ ကိုတင့်အတွက် သူ့ခြေထောက်လေး တစ်ခုခုဖြစ်သွားမှာကို မိသားစုက တွေးပူကြပါတယ်။
"လက်ကမရှိတော့ ခြေထောက်ကလေးတွေဖြစ်မှာကို ကြောက်နေတာပေါ့နော်၊ ငါ့ယောက်ျား ခြေထောက်ဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်ပေါ့၊ သူက တစ်ခါတလေ ကိုယ်ဖြစ်ရင်တောင်မှ သူ့ခြေထောက်ကလေးတွေနဲ့ ကိုယ့်ကိုနင်းပေးနှိပ်ပေးနဲ့ ကျန်းမာရေး ကောင်းတဲ့သူမဟုတ်ဘူးလေ၊ ကိုယ်ကလည်း ဆီးချို ခေါက်ကနဲဆို ဖြစ်တတ်တယ်။ ခေါက်ကနဲ ခေါက်ကနဲနဲ့ အဲလိုဖြစ်တာတွေများနေပြီ။ သူ့ခြေထောက်ကလေးဖြစ်လို့ရှိရင် ငါ့ကိုလည်း ဘယ်လိုလုပ်ပေးပါ့မလဲ။ ငါတစ်ခုခုဖြစ်ရင် သူ့ကို ငါ ဘယ်လိုလုပ်ပေးနိုင်ပါ့မလဲ။ အဲလိုပေါ့ တစ်ယောက်နဲ့ တစ်ယောက် တွေးပူနေရတာပေါ့"
ကိုတင့်ကတော့ သူမသေခင်လေးမှာ တစ်ကိုယ်တော်ပြပွဲလေး လုပ်ချင်တဲ့ဆန္ဒရှိတယ်လို့ ပြောပါတယ်။
"တစ်ခါတလေတော့ တစ်ကိုယ်တော်ပြပွဲ လုပ်တော့လုပ်ချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်က နေရာမရှိလို့သာမလုပ်ဖြစ်တာ။ တစ်ခါတလေ အဲလိုလုပ်ချင်တာပေါ့။ အဲလိုပြခန်းလေးနဲ့ အဲလိုပြပွဲလေးပေါ့။ အဲတော့ ငှားရမ်းဖို့ကြတော့လည်း စျေးကမတတ်နိုင်ဘူးလေ၊ လုပ်ချင်တာပဲ ရှိတယ်။ အခန်းမငှားနိုင်တော့ မလုပ်ဖြစ်ဘူးပေါ့၊ အဲလိုမျိုးတော့ လုပ်ချင်တာပေါ့"
စက္ကူပိတ်ကားတစ်ချပ်ပေါ်မှာ လက်နဲ့ဆွဲဖို့တောင်မလွယ်တဲ့ပန်းချီပညာကို ကိုတင့်က သူ့ခြေချောင်းလေးတွေကြားမှာ စုတ်တံညှပ်ပြီး အလှဆုံးပုံလေးတွေကိုပဲ ဆက်ပြီး ဖန်တီးသွားမယ်လို့ ပြောပါတယ်။ ကိုတင့်အတွက်ကတော့ လက်ဟာခြေထောက်၊ ခြေထောက်ဟာလက်ပဲ ဖြစ်နေပါတော့တယ်။