ပုဂံ၊ ညောင်ဦးဒေသက ဝန်ထမ်း ၈၀ ရာခိုင်နှုန်းကျော် CDM လုပ်နေ
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မန္တလေးတိုင်း၊ ပုဂံဒေသနဲ့ ညောင်ဦးမြို့နယ်မှာ ပြည်သူ့ဝန်ထမ်း ၂၇၀၀ နီးပါးရှိတဲ့အထဲက ၂၂၀၀ ဝန်းကျင်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်နေပြီဖြစ်ပါတယ်။ CDM လုပ်တဲ့ အရေအတွက်ဟာ အဲဒီဒေသက ဝန်ထမ်း ၈၀ ရာခိုင်နှုန်းကျော် ရှိနေတာပါ။
CDM လှုပ်ရှားမှုမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ် က ဝန်ထမ်းတွေလည်းပါဝင်နေပြီး လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်ဖို့ သူတို့တွေကို ခြိမ်းခြောက် ဖိအားပေး တာတွေရှိပေမယ့် ကြံ့ကြံ့ခံ ရပ်တည်နေတယ်လို့ CDM လှုပ်ရှားမှုကို ကူညီဆောင်ရွက်ပေးနေ တဲ့ ပုဂံဒေသခံ ကိုစစ်နိုင်က ပြောပါတယ်။
ပုဂံ၊ ညောင်ဦးဒေသမှာ အစိုးရ ယန္တရားက ရပ်တန့်သလောက်ဖြစ်နေပြီလို့လည်း ကိုစစ်နိုင်က ပြောပါတယ်။
လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတွေ ပုဂံ၊ ညောင်ဦးမှာ နေ့စဉ်ရှိနေသလို တစ်ချိန်တည်းမှာပဲ ပုဂံက ဘုရားစေတီ ပုထိုးတွေမှာ စစ်အာဏာရှင်ကျဆုံးရေး ကျိန်စာတိုက် ဆုတောင်းပွဲတွေလည်း ဒေသခံတွေက ယုံယုံကြည်ကြည်နဲ့ ကျင်းပနေပါတယ်။
ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့က အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြဖို့ လူစုနေချိန်မှာ စစ်တပ်နဲ့ ရဲက သေနတ် ပစ်ဖောက် ဖြိုခွဲခဲ့တာကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
ပုဂံ ညောင်ဦးမြို့ပေါ် ရပ်ကွက်တွေမှာ ရဲနဲ့ စစ်တပ်က ညပိုင်း သေနတ်နဲ့ ပစ်ခတ် ခြောက်လှန့်တာတွေ လည်း ရှိခဲ့ပါတယ်။