ပုဂံကိုခရီးသွားတွေ ပြန်ဝင်လာဖို့ ဒေသခံတွေမျှော်လင့်

ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဟာ အောက်တိုဘာလနောက်ပိုင်း အခုလို ခရီးသွားရာသီမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ ခြေချင်းလိမ်နေတဲ့ဒေသဖြစ်ပါတယ်။
ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အခြေအနေတွေကြောင့် ပုဂံရဲ့ခရီးသွားလုပ်ငန်းဟာ ပြိုလဲသွားခဲ့ပါတယ်။
"မြန်မာလာတဲ့ အချိန်လေးပဲ၊ နိုင်ငံခြားသားက လုံးလုံးမရှိဘူး"
ဘုရားဖူးတွေရဲ့လက်မှာ ပန်းချီဆွဲပြီး ဝင်ငွေရှာတဲ့ ကိုသောင်းစိုးက ခရီးသွားဧည့်သည်တွေ လာမှပဲ စားဝတ်နေရေး အဆင်ပြေလိမ့်မယ်လို့ ပြောပါတယ်။
"အရင် ဧည့်သည်က လုံးဝမရှိဘူးလေ။ ကိုဗစ်နဲ့ဘာနဲ့ဆိုတော့ မရှိတော့ အဲအချိန်မှာ အလုပ်လက်မဲ့ဖြစ်သွားပြီ။ ကျနော်တို့ ပုဂံကလည်း နိုင်ငံခြားသားဧည့်သည်တို့၊ မြန်မာဘုရာဖူးဧည့်သည်တို့ သူတို့တွေလာမှသာ ကျနော်တို့ စားဝတ်နေရေးက ပြေလည်တာပေါ့။ သူတို့မလာရင် ကျနော်တို့လည်း ငတ်သွားတာပဲ။ ကျနော်တို့ အနေကတော့ ဧည့်သည်များများ လာစေချင်တာပဲ။ များများလာရင် ကျနော်တို့လည်း လုပ်ငန်းကိုင်ငန်း အဆင်ပြေတယ်။ ဧည့်သည်မလာတော့ အဆင်မပြေဘူး"
လက်ပန်းချီရေးဆွဲတဲ့အလုပ်ကို ခုနစ်နှစ်လုပ်ခဲ့တဲ့ ကိုသောင်းစိုးဟာ တစ်ပုံကို နှစ်ထောင်၊ နှစ်ထောင့်ငါးရာကျပ်နဲ့ တစ်ရက်ကို နှစ်သောင်းခွဲကနေ သုံးသောင်းအထိ ဝင်ငွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်နားလိုက်ရတဲ့ နှစ်နှစ်အတွင်း တောထဲထွက် ဟင်းရွက်ခူးပြီး ပြန်ရောင်းရင်း ဝမ်းကြောင်းခဲ့ရတယ်လို့ ပြောပါတယ်။
ကိုသောင်းစိုးဟာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် နှစ်နှစ်နီးပါး ပိတ်ထားတဲ့ သူ့ရဲ့ဆိုင်ကို ဒီသီတင်းကျွတ်လမှာတော့ ပြန်ပြီးဖွင့်လှစ်ခဲ့ပါတယ်။ အခါကြီးရက်ကြီးတွေမှာ ပြည်တွင်းခရီးသွားတွေ လာရောက်လည်ပတ်ပေမယ့် ပုံမှန်ရက်တွေမှာ ပုဂံဟာ ခြောက်ကပ်နေတယ်လို့ သူက ပြောပါတယ်။
ပုဂံဒေသ ရင်မနားဘုရားအနီး ဈေးရောင်းတဲ့ မလတ်ချိုကလည်း အရောင်းအဝယ် မကောင်းဘူးလို့ ပြောပါတယ်။
"အစ်မတို့လည်း အလုပ်ကလေး မဖြစ်မနေလေး ကလေးမုန့်ဖိုးရရဆိုပြီး လာရတာ။ ဟိုလိုကြီးမစွံပါဘူး လာရတာ။ တစ်ခါတလေ စိတ်တောင်ညစ်တယ်။ တုတ်တုတ် (သုံးဘီး) သမား၊ ကားသမား၊ မြင်းလှည်းသမားလေးက ပို့ပေးမှ ရောက်တာလေ။ ဧည့်သည်က နည်းတာကိုး။ ခရီးသွား များများလာရင်တော့ ရောင်းရမှာပေါ့။ များများမလာရင် မရောင်းရဘူးပေါ့။ အစ်မတို့ အခုအချိန်အခါတော့ အလုပ်က မရှိဘူးဆိုတော့လည်း ရှိတာလေးကိုပဲ ထိုင်လုပ်နေရတာပေါ့။ ပျင်းတော့ပျင်းတာပေါ့"
ပုဂံမှာ မလတ်ချို ဈေးရောင်းနေတာ ငါးနှစ်ရှိပါပြီ။ အခုတော့ ဈေးဦးမပေါက်တဲ့ရက်တွေကို တောင် ကြုံနေရတယ်လို့ သူက ပြောပါတယ်။ သူ့ဆိုင်မှာ ရေသန့်ဘူး ၊အချိုရည်နဲ့ အုန်းသီး ရောင်းသလို ဓာတ်ပုံအလှရိုက်ချင်တဲ့ ခရီးသွားဧည့်သည်တွေကို ပုသိမ်ထီးငှားတာလည်း လုပ်ပါတယ်။
ပုဂံလာတဲ့ ခရီးသွားဧည့်သည်တွေဟာ ဘုရားတစ်ဆူနဲ့ တစ်ဆူကို သုံးဘီးငှားပြီး လည်ပတ်လေ့ရှိပါတယ်။
ခရီးသွားဧည့်သည်မလာတာရယ် လောင်စာဆီဈေးနှုန်း အဆမတန်ကြီးမြင့်တာရယ်ကြောင့် သုံးဘီးအငှားမောင်းသူတွေလည်း ခက်ခဲနေတယ်လို့ သုံးဘီးမောင်းသူ ကိုသန်းဝင်းလှိုင်က ပြောပါတယ်။
"သုံးဘီး တုတ်တုတ်တက်စီချည်းပဲ မောင်းမယ်ဆိုရင်တော့ မကိုက်ဘူးပေါ့။ အခြား လုပ်ငန်းလေးတွေနဲ့ တွဲလုပ်မယ်ဆိုရင်တော့ မဆိုးဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဆီဈေးတွေကလည်း တက်နေတယ်ပေါ့။ ဟိုအရင်တုန်းက ဆီတစ်ဂါလံဈေးနဲ့ အခုဆီတစ်ဂါလံဈေးနဲ့ မတူဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ တက်စီခ ဈေးတွေကျတော့ တက်မသွားဘဲနဲ့ အရင်တုန်းဈေးအတိုင်း ပုံမှန်ဆိုတော့ ရတဲ့ဟာလည်း ဆီဖိုးထဲ ပြန်ဝင်သလိုဖြစ်ပြီးတော့ ဒီတစ်ခုတည်းကို အမှီပြုပြီး တက်စီဆွဲစားမယ်ဆိုရင်တော့ သိပ်မကိုက်ဘူးပေါ့"
ကိုသန်းဝင်းလှိုင် ကိုယ်တိုင်လည်း သုံးဘီးမောင်းတဲ့အလုပ်အပြင် ဆောက်လုပ်ရေး အလုပ်သမားအဖြစ်လည်း လုပ်ကိုင်နေပါတယ်။
အသက်ခုနစ်နှစ်အရွယ်ကတည်းက ပုဂံမှာ ယွန်းထည်ရောင်းခဲ့တဲ့ မယုကလည်း သူ့ရဲ့မူရင်းလုပ်ငန်းကို ရပ်နားပြီး ပြည်တွင်းဧည့်သည်တွေကို ဧည့်လမ်းညွှန်အဖြစ် ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။
"နဂိုတုန်းက နိုင်ငံခြားသားတွေကို ဈေးရောင်းတာ။ ယွန်းထည်တို့၊ ပန်းချီကားတို့ အဲလိုမျိုးတွေ ရောင်းတာလေ။ ကလေးဘဝ အသက်ခုနစ်နှစ်ကတည်းက ယွန်းထည် ရောင်းလာတာ။ နိုင်ငံခြားသားတွေ လာတဲ့အချိန်တုန်းက အဆင်ပြေတာပေါ့နော်။ နိုင်ငံခြားသားတွေကို ညီမတို့က ယွန်းထည်းလည်း ရောင်းတယ်။ နောက်ပြီးတော့ ပန်းချီရောင်းတော့ ပိုပြီးအဆင်ပြေတာပေါ့နော်။ အခုကျတော့ မြန်မာလာတဲ့ အချိန်လေးပဲ၊ နိုင်ငံခြားသားက လုံးလုံးမရှိဘူး။ မြန်မာကျတဲ့ အချိန်လေးပဲ ဓာတ်ပုံ လိုက်ရိုက်ပေး၊ သနပ်ခါးလိမ်းပေး။ အဲလိုလေးဆိုတော့ စားရုံသောက်ရုံလောက်တော့ အဆင်ပြေတာပေါ့။ ပိုတယ်၊ လျှံတယ်လို့တော့ မရှိဘူးရှင့်"
ပုဂံကိုလာတဲ့ ပြည်တွင်းဘုရားဖူးဧည့်သည်တွေကြားမှာ ဧည့်လမ်းညွှန်နဲ့ ဓာတ်ပုံရိုက်ပေးတဲ့ ဝန်ဆောင်မှုဟာ အခုနောက်ပိုင်းမှာ ခေတ်စားလာပါတယ်။ ပြည်တွင်းခရီးသွားတွေလာတဲ့ ရက်တွေမှာ တစ်ရက်ကို ကျပ်နှစ်သောင်းဝန်းကျင်အထိရတယ်လို့ မယုက ပြောပါတယ်။
ပုဂံဒေသကို၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း ဘုရားဖူးဧည့်သည်တစ်သိန်းကျော် ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နဲ့ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) ကို ကိုးကားပြီး စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာက အောက်တိုဘာလ ၁၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၂ ခုနှစ် ဧပြီလကစလို့ နိုင်ငံတကာလေကြောင်းလိုင်းတွေကို ပြန်ခွင့်ပြုပေးခဲ့သလို ကမ္ဘာလှည့် E - Visa စတင် ခွင့်ပြုပေးခဲ့လို့ ဒီနှစ်ပွင့်လင်းရာသီမှာ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်နိုင်မယ့်လို့ စက်တင်ဘာလ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာခရီးသွားတွေက ဒေသတွင်း မတည်ငြိမ်မှုအပေါ်မှာ စိုးရိမ်နေတဲ့အတွက် ခရီးသွားလုပ်ငန်းဟာ မျှော်လင့်သလိုဖြစ်လာဦးမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
"အခုလောလောဆယ်တော့ မြန်မာနိုင်ငံက ခရီးသွားရာသီက စနေပေမယ့်လည်း ခရီးသွားတွေက မျှော်မှန်းထားသလို ဝင်မလာသေးပါဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ ဒေသတွင်း မတည်မငြိမ်ဖြစ်နေတဲ့ အပေါ်မှာလည်း နိုင်ငံတကာ ခရီးသွားတွေက စိုးရိမ်နေတဲ့ သဘောမှာရှိတယ်။ ဒါကြောင့်မိုလို့ အခုလောလောဆယ် အထိကတော့ ကျနော်တို့ ခရီးသည်တွေက အများကြီး ဝင်လာခြင်း မရှိသေးပါဘူး။ အထူးသဖြင့် ပြည်ပခရီးစဉ်တွေမှာ ပြီးခဲ့တဲ့ ကျိုက်ထီးရိုးကိစ္စ ဖြစ်သွားတဲ့ အပေါ်မှာ လည်း မူတည်ပြီးတော့ ဝင်လာဆဲပေါ့နော်၊ ခရီးသည်တချို့က ရပ်တန့်သွားပါတယ်။ ဥပမာ ထိုင်းနိုင်ငံရဲ့ ခရီးစဉ်တချို့ ရပ်တန့်သွားတယ်ပေါ့လေ"
ပုဂံဒေသက ခရီးသွားလုပ်ငန်းကို အမှီပြုလုပ်ကိုင်နေရတဲ့ လုပ်ငန်းအားလုံးဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာရောက်မှု နည်းတာကြောင့် ရုန်းကန်နေရပါတယ်။
ကိုဗစ်ကပ်ရောဂါအလွန်ကာလကို ရောက်လာပေမယ့် မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှု ကြောင့် ဒေသတွင်းလုံခြုံရေးအခြေအနေတွေ ပျက်ယွင်းနေတဲ့အတွက် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာဖို့ မဖြစ်နိုင်သေးဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
ဒေသခံတွေကတော့ ခရီးသွားတွေ အရင်လို ပြန်လည်စည်ကားမယ့် အချိန်ကိုမျှော်လင့်နေ ပါတယ်။