ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘန်ကောက်က အဝစား မြန်မာထမင်းဆိုင်

ခင်ခင်အိ
2023.11.13
ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘန်ကောက်က အဝစား မြန်မာထမင်းဆိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပသူနမ်ရပ်ကွက်၊ ပလက်တီနမ်စျေးဝယ်စင်တာရှေ့က ပစ်ဘူရီ ၁၇ လမ်းမှာဖွင့်ထားတဲ့ အိမ်လွမ်းပြေ မြန်မာထမင်းဆိုင်ကိုတွေ့ရစဉ်။
RFA

ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံသားဦးရေ သန်းနဲ့ချီရှိနေပါတယ်။ အများစုက အလုပ်သမားတွေအဖြစ် ရပ်တည်နေကြတာဖြစ်ပါတယ်။

ဒါပေမဲ့ တချို့ကလည်း ကိုယ်ပိုင်လုပ်ငန်းရှင်တွေအဖြစ် ရပ်တည်ဖို့ကြိုးစားနေကြတာလဲ တွေ့ရပါတယ်။ ဒီထဲမှာ ကိုဟိန်းဝေယံနဲ့ မကြူကြူသင်းတို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။

သူတို့နှစ်ဦးက မြန်မာတွေအများဆုံးစျေးဝယ်ထွက်လေ့ရှိတဲ့ ဘန်ကောက်မြို့ ပသူနမ်ရပ်ကွက် ပလက်တီနမ်စျေးဝယ်စင်တာရှေ့ က ပစ်ဘူရီ ၁၇ လမ်းမှာ အိမ်လွမ်းပြေ ဆိုတဲ့ မြန်မာထမင်းဆိုင်လေး ဖွင့်ထားတာပါ။

မကြူကြူသင်း “ဗမာအစားအစာကို နှစ်သစ်တဲ့သူ တစ်ယောက်အနေနဲ့ ကိုယ်က ကိုယ့်ဗမာနိုင်ငံကို လွမ်းတဲ့သူတစ်ယောက်၊ ဒီနိုင်ငံခြားမှာနေတဲ့သူတော်တော်များများက ဗမာပြည်ကို လွမ်းတယ် ကိုယ်ကလဲ စားသောက်ဆိုင်အလုပ်လုပ်လာတဲ့ သက်တမ်းတွေများလာခဲ့တော့ စိတ်ကူးရပြီးတော့ အဝစား ၇၉ ဘတ်နဲ့ ဒီလိုမျိုးဖွင့်ဖြစ်ခဲ့တာ”

ကိုဟိန်းဝေယံ “ဒီမှာရှိတဲ့မြန်မာပြည်သား အလုပ်သမားတွေအတွက် ကိုယ့်ရဲ့လက်ရာလေးကို မြန်မာပြည်က အစစ်အမှန်လက်ရာလေး အိမ်ရဲ့အငွေ့အသက်လေးပေးမယ် ကိုယ့်မိဘတွေရဲ့ လက်ရာကို မမီနိုင်ရင်တောင် သူတို့အတွက် အနိမ့်ဆုံးတော့ အမောအပန်းလေး ပြေပျောက်စေမယ်ပေါ့ ဒီဟင်းလေးစားရင် ဘယ်သူ့ကိုလွမ်းတယ်ပေါ့ အလွမ်းလေးနည်းနည်းပြေပျောက်သွားမယ်ဆိုပြီး ဆိုင်နာမည်လေးကို အိမ်လွမ်းပြေဆိုပြီး လက်ရာကိုတော့ အိမ်ချက်လက်ရာဆိုပြီး ပေးလိုက်တာ”

ဒီ စားသောက်ဆိုင်လေး ဖွင့်တာ အခု ၆ လ ခန့်ဘဲ ရှိပါသေးတယ်။ ဒီဆိုင်လေးဖွင့်နိုင်ဖို့လဲ သူတို့ဇနီးမောင်နှံ နှစ်ဦး အတော်လေးရုန်းကန်လှုပ်ရှားခဲ့ရတာပါ။

ကိုဟိန်းဝေယံ “ကျွန်တော်တို့က အွန်လိုင်းကနေပြီးတော့ ငါးပိကြော်လေးတွေ ငါးပိထောင်းတို့ ငါးပိရည်တို့ ရောင်းတယ်၊ ဒန်ပေါက်ဆိုရင်လည်း တစ်ယောက်ကို နှစ်ပွဲလောက် သုံးပွဲစုပြီး တနင်္ဂနွေဆို လိုက်ပို့ပေးတယ်၊ ငါးပိရည် ငါးပိထောင်းကတော့ မှာရင်မှာတဲ့အချိန်ပို့ပေးတယ် အဆင်သင့် အမြဲလုပ်ထားတယ်၊ ကိုယ်တွေက Food Blog တွေ ဝါသနာပါတယ်၊ ဒါပေမဲ့ စားလိုက်ရင် အကောင့်ထဲ တက်လာတာက တောထဲရောက်နေသူတွေဘာတွေက စားချင်လိုက်တာလို့ ပြောရင် ကိုယ်ကစိတ်မကောင်းဘူး၊ အဲဒါနဲ့ လင်မယားနှစ်ယောက် မဖြစ်ဘူး ရပ်လိုက်ဦးကွာ ငါတို့မလုပ်တော့ဘူး ငါတို့ဒီလိုစားနေလို့ အဆင်မပြေဘူး ကိုယ့်လိပ်ပြာကိုယ်မလုံဘူး သူတို့မှာအခက်အခဲတွေအများကြီးနဲ့နေနေရတယ်ဆိုပြီး တခြားအလုပ်လုပ်တယ်၊ သူများအလုပ်တွေလုပ် ဒုက္ခတွေရောက် ထိုင်းစျေးလေးတွေမှာ ကြက်ကြော်လေးရောင်းလိုက်သေးတယ် ပိုက်ဆံချေးပြီး၊ နောက်အရင်းအနှီးပြုတ် သူများအိမ်လိုက်ကပ်နေရတယ် နောက် ညစျေးမှာ ပန်းကန်ဆေးတဲ့အလုပ်ရတယ် နောက်စားသောက်ဆိုင်တစ်ဆိုင်မှာအလုပ်ရပြီး အဲဒီကနေ ပိုက်ဆံစုပြီး ဆိုင်ဖွင့်ဖို့ ကူညီပေးကြတဲ့သူတွေပေါ်လာတော့ အခုလို ဆိုင်လေးတစ်ဆိုင်ဖြစ်လာတာ”

ကိုယ်တိုင်အလုပ်သမားဖြစ်ခဲ့ဖူးတဲ့အတွက် မြန်မာအလုပ်သမားတွေ သူတို့လုပ်အားခနဲ့ စျေးသက်သက်သာသာနဲ့ ဝဝလင်လင်စားနိုင်အောင် ရည်ရွယ်ပြီး အဝစားထမင်းဆိုင် ဖွင့်ခဲ့တာလို့ ကိုဟိန်းဝေယံက ပြောပါတယ်။

“အလုပ်သမားဘဝက တက်လာတဲ့သူဆိုတော့ ဘာလေးဖွင့်ကြမလဲဆိုတော့ ထမင်းဆိုင်လေးဖွင့်မယ်ပေါ့ ထမင်းဆိုင်ဖွင့်ရင်ရော ဒီမှာလဲ ပတ်ဝန်းကျင်မှာကလဲ အများကြီးရှိနေတယ်ဆိုတော့ အဝစား ထမင်းဆိုင်မရှိဘူးပေါ့၊ အဝစား ဆိုင်ဖွင့်မယ်ပေါ့၊ စဖွင့်တုန်းက ၆၉ ဘတ်နဲပေါ့၊ ဟင်းတမျိုး အရံဟင်းတမျိုး အရည်သောက် ငါးပိရည်တို့စရာ စိတ်ကြိုက်ယူ၊ ဒါပေမဲ့ ကုန်စျေးနှုန်းအရနဲ့ ဆိုင်ခနဲ့ မကိုက်တော့ အများကြီးမတိုးချင်ဘူး အဲဒါနဲ့ ၇၉ ဘတ်တိုးလိုက်တာ”

မကြူကြူသင်း “ချက်တာပြုတ်တာတော့ ညီမကိုယ်တိုင်ချက်တာပေါ့နော်၊ စျေးဆိုင်သိမ်းပြီးတာနဲ့ စျေးသွားတယ် မနက်မိုးလင်းတာနဲ့ ချက်ခုတ်ထစ် ဆိုင်က မနက် ၁၁ နာရီဖွင့်တော့ ၁၁ မထိုးခင် အမှီဖွင့်ရတယ် အိမ်ဆိုင်လေး ပုံစံမျိုးပါဘဲ”

သူတပါးတိုင်းပြည်မှာ စီးပွားရှာရတဲ့သူတို့အနေနဲ့ အခက်အခဲတွေ ကြုံရတာတွေလဲ ရှိပါတယ်။

ကိုဟိန်းဝေယံ “အစိုးရတစ်ရပ်အနေနဲ့ အခုအချိန်မှာ ကျွန်တော်တို့မှာ ဘယ်သူ့ကိုသွားပြီး အဖေခေါ်လို့ ခေါ်ရမှန်းမသိတဲ့ အခြေအနေဖြစ်နေတယ် ဟိုဘက်အစိုးရကလဲ လက်မခံထား ဒီဘက်အစိုးရကလဲ လက်ခံထားတယ်ဆိုပေမဲ့ အားကိုးရမှန်းမသိတဲ့အချိန်မှာ ထိုင်းအစိုးရက တော်တော်ကောင်းပါတယ် မြန်မာပြည်သားတွေအပေါ် အများကြီး ကြည့်ရှာတယ်၊ တချို့အရာတွေမှာ လိုတာထက်ပိုလွန်ကဲလာတယ် သူတို့ဘက်ကလဲ လုပ်စရာရှိတာ လုပ်တဲ့အတွက် ကိုယ်တွေအတွက်လဲ ရုန်းကန်ရသလို သူတို့ဘက်ကလဲ နားလည်ပေးပါတယ်”

အိမ်လွမ်းပြေ မြန်မာထမင်းဆိုင်လေးက စျေးနှုန်းသင့်တဲ့အပြင် အဝစား စားသောက်ဆိုင်ဖြစ်တာကြောင့် မြန်မာအလုပ်သမားအများစု နေ့စဉ် လာရောက်ကြတဲ့အပြင် မိသားစုတွေအတွက်လည်း ဝယ်ယူကြတယ်လို့ ဆိုပါတယ်။

အခက်အခဲတွေကြားက ကိုယ့်နိုင်ငံသားတွေ အစားအသောက်အဆင်ပြေစေတဲ့ အတွက်ရော မိသားစုကို ပြန်လည်ထောက်ပံ့နိုင်တာတွေအတွက် ကျေနပ်ပီတိဖြစ်ရတယ်လို့ မကြူကြူသင်းက ပြောပါတယ်။

“ဒီနိင်ငံမှာ အဆင်ပြေတဲ့သူရှိသလို ဒုက္ခရောက်တဲ့သူတွေလည်း အများအပြားရှိပါတယ်၊ ညီမတို့ထိုင်းနိုင်ငံရောက်လာတာ နှစ်အတော်ကြာပေမဲ့လည်း အခုအခြေအနေအထိမဆိုးသေးဘူး တစ်နေ့လုပ်တစ်နေ့စားဆိုပေမဲ့ ကိုယ့်နိုင်ငံထက် ဝမ်းဝတယ် ပိုလျှံတယ် အများကြီးမလျှံရင်တောင်မှ တစ်လ တစ်သိန်း နှစ်သိန်းဆိုတာ မိသားစုကို လစဉ်ပုံမှန်ပြန်ပို့နိုင်သေးတယ် ကိုယ့်နိုင်ငံမှာနေတာက ဝင်ငွေဆိုတာ မရှိဘူး၊ အထွက်ဘဲများတာဆိုတော့ ကိုယ့်နိုင်ငံသားတွေ ဒီမှာလာ စုပုံပြီး အလုပ်လုပ်ကြတာပေါ့နော်၊ ကြိုးစားကြပါလို့ဘဲ ပြောချင်တယ် သူများနိုင်ငံမှာ အားငယ်ရတာတွေ ဒုက္ခတွေပေါင်းစုံ ညီမတို့လဲ ဒီလိုအခြေအနေလေးရတာကို ဝမ်းလဲဝမ်းသာတယ်၊ ကိုယ့်နိုင်ငံသားတွေကို အစားအသောက်အဆင်ပြေစေချင်တယ်”

အခက်အခဲတွေကြားကဘဲ ပသူနမ်က ဆိုင်ဖွင့်ပြီး ခြောက်လအကြာမှာ သူတို့ဇနီးမောင်နှံ လက်ရှိဆိုင်နဲ့ ၁၀ မိုင်ခန့်လောက်ဘဲဝေးတဲ့ ဘန်းဘောဆိုတဲ့ ဈေးမှာနောက်ထပ်ဆိုင်သစ်တစ်ဆိုင်ကို ပြီးခဲ့တဲ့သီတင်းပတ်က ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ သူတပါးတိုင်းပြည်မှာ ဒုက္ခအခက်အခဲတွေ ကြုံရတယ်ဆိုပေမဲ့ အားလုံးကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ဘဝတက်လမ်းကို အချင်းချင်းရိုင်းပင်းကူညီခြင်းနဲ့ လျှောက်လှမ်းကြပါလို့ ကိုဟိန်းဝေယံက တိုက်တွန်းစကားပြောပါတယ်။

“ကျွန်တော့ဆိုင် ဒီလိုဖြစ်လာသလို နောက်တဆိုင် အခြားသူတွေပေါ်လာရင်လဲ ကျွန်တော်ဝမ်းသာတယ် ပိုပြီးတော့ ဒီလို ဘတ်ဂျက်ဆိုင်လေးတွေ ပိုပေါ်စေချင်တယ် အခုအချိန်မှာ ရှာဖွေရတာ ရုန်းကန်ရတာခက်ခဲတယ် အခုဆိုရင် ဘတ်လုပ်ရတယ် CI လုပ်ရတယ် မျိုးစုံ၊ ဒီတစ်နှစ် ပတ်စပို့လုပ်လိုက်တယ် ဘတ်လုပ်လိုက်တယ်၊ အဲဒီဘတ်တို့ ပတ်စပို့တို့ဆိုတာ သက်တမ်းကုန်ခါနီး တစ်လ နှစ်လမှ ကိုယ့်လက်ထဲ ရောက်လာတာ၊ လက်ထဲရောက်လာပြီး နောက်တစ်လမှာ သက်တမ်းပြန်လုပ်ရတယ်ဆိုတော့ ရှေ့ကလုပ်ထားတဲ့ အထောက်အထားဖိုးက အကြွေးမကျေသေးဘူး နောက်တခါ ထပ်လုပ်ရပြန်ပြီ၊ ကျွန်တော်တို့က အလုပ်သမားဘဝက လာတာ ဒီလိုတွေလုပ်လာရတာ၊ ဒီမှာလာတဲ့ ဝန်ထမ်းလေးတွေဆိုတာလဲ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်ပြီး ကိုယ့်ဆီလာလျှောက်ကြတာဆိုတော့ ကိုယ့်မောင်နှမသားချင်းလိုဘဲ ခေါ်ထားတာ စားတာသောက်တာကအစ နေတာကအစ အတူတူဘဲ၊ ကိုယ့်ရဲ့အစွမ်းအစရှိသလောက် ကြိုးစားမှဘဲရမှာ ရပ်နေလို့မှမရတာ ဝမ်းရေးအတွက်သွားနေရတာရှိသလို မြန်မာပြည်အတွက် လုပ်နေရတာတွေလဲရှိတယ် လုပ်ကြပါ ဖွင့်နိုင်သူတွေလဲ ဒီလိုဘတ်ဂျက်ဆိုင်လေးတွေ ဖွင့်နိုင်အောင် ကူညီပေးကြပါ ဒါမှလဲ မိသားစုအတွက်ထောက်ပံ့နိုင်မယ် နိုင်ငံ့အပေါ်လဲ အများကြီးထောက်ပံ့နိုင်တဲ့အတွက် ကျွန်တော်လို့ ၇၉ ဘတ်ဆိုင်လေးပေါ်မလား ၆၀ ဆိုင်ပေါ်လာမလား ၅၀ ဆိုင်ပေါ်လာမလား အားလုံးကို ကျွန်တော်ကတော့ ကြိုဆိုတယ် မြန်မာပြည်သားတွေအတွက် ဘယ်လိုသက်သာမလဲတွေးပြီးတော့ အားလုံးလုပ်ပေးကြပါလို့ ပြောချင်ပါတယ်။”

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
အမျိုးသမီးငယ်တစ်ဦးရဲ့ ငါးရာကျပ်တန် ထမင်းဆိုင်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။