ဘန်ကောက်မြို့က မြန်မာအလုပ်သမားများ
2023.05.09

ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်ဟာ ၂၀၂၂ခုနှစ်က လူဦးရေ ၁၀ သန်းကျော် ရှိပြီး အခု၂၀၂၃ ခုနှစ်မှာ လူဦးရေ ၁၁ သန်းကျော်ရှိပါတယ်။ တစ်နှစ်အတွင်း လူဦးရေတစ်သန်းကျော် တိုးများလာခဲ့တာပါ။
အဲဒီထဲမှာ နိုင်ငံခြားသားများလာတယ်ဆိုပေမဲ့ ဘယ်နိုင်ငံသားတွေ ဘယ်လောက် တိုးလာသလဲဆိုတဲ့ စာရင်းအတိအကျတော့ မသိရပါဘူး။ ဒါပေမဲ့ ဘန်ကောက်မြို့ရဲ့လမ်းမတွေပေါ်မှာတော့ မြန်မာစကားသံတွေက နေရာအနှံ့ ကြားနေရတာပါ။ အများအားဖြင့် စားသောက်ဆိုင်တွေမှာ မြန်မာအများအပြားကို တွေ့ရပါတယ်။
ဘန်ကောက်မြို့လမ်းတွေပေါ်က အများသုံးယာဉ်တွေ လမ်းမပေါ်လမ်းလျှောက်နေသူတွေထဲ မြန်မာစကားပြောသံ ကြားရတာ ထူးဆန်းတာတော့ မဟုတ်တော့ပါဘူး။ တယ်လီဖုန်းကို အော်ကြီးဟစ်ကျယ်ပြောဆိုနေသူတွေလည်း မတွေ့ချင်လို့မရလောက်အောင်ကို များနေပါတယ်။
မြန်မာစကားသံကို ပွင့်ပွင့်လင်းလင်းပြောဆိုသံကတော့ စားသောက်ဆိုင်တွေပါ။
မြန်မာအစားအစာမဟုတ်ပေမဲ့ မြန်မာလို ပြောဆိုမှာယူဝယ်စားလို့ရတဲ့ဆိုင်တွေလည်း တပုံတပင်တွေ့ရပါတယ်။ အလုပ်ရှင်သူဌေးကောင်းလို့ အဆင်ပြေတဲ့အကြောင်း ဈေးရောင်းနေတဲ့ မြန်မာအမျိုးသမီးက ပြောပြပါတယ်။
ဒါပေမဲ့ သူဌေးလည်း ကောင်း၊ အလုပ်ရနေတာလည်း ၁၀ နှစ်ကျော်ရှိပြီ ဖြစ်ပေမဲ့ အဆင်မပြေနိုင်သေးသူကိုလည်း တွေ့ရပါတယ်။
တစ်ယောက်တည်း အလုပ်လုပ်နေရပြီး သုံးလေးယောက်ဝိုင်းစားတော့ ပင်ပန်းတဲ့အကြောင်း၊ တစ်ပတ်ကို ခုနှစ်ရက်အလုပ်လုပ်ရတဲ့ အကြောင်း၊ရွာပြန်ချင်ပေမဲ့ ဟိုမှာလည်း အလုပ်အကိုင်မရှိလို့ ဒီမှာပဲ ကြိတ်မှိတ်လုပ်နေရပါတယ်လို့ ပြောသွားပါတယ်။