တရုတ်နယ်စပ်ပိတ်မှုကြောင့် ကချင်ဒေသ ငရုတ်ကောင်းစိုက်သူတွေ အခက်တွေ့

2022.07.26
Share on WhatsApp
Share on WhatsApp
တရုတ်နယ်စပ်ပိတ်မှုကြောင့် ကချင်ဒေသ ငရုတ်ကောင်းစိုက်သူတွေ အခက်တွေ့ တရုတ်-မြန်မာနယ်စပ်အနီး လိုင်ဇာမြို့တစ်ဝိုက်ရှိ ငရုတ်ကောင်းစိုက်ပျိုးရေးခြံတွင် လုပ်ကိုင်နေကြသည့် ဒေသခံတောင်သူများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

တရုတ်-မြန်မာနယ်စပ်အနီး KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တစ်ဝိုက်မှာ ဒေသခံ ကချင်တောင်သူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ ငရုတ်ကောင်းခြံ ဧက ၁၀၀ ကျော်လောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်ကဆိုရင် ဒီဒေသကထွက်တဲ့ ငရုတ်ကောင်းစေ့တွေကို ကချင်ကုန်သည်တွေက နယ်စပ်ဖြတ်ပြီး တရုတ်နိုင်ငံဘက် သွားရောင်းကြသလို တရုတ်ကုန်သည်တွေကိုယ်တိုင် ကချင်ဒေသထိ လာဝယ်တာတွေလည်း ရှိခဲ့ပါတယ်။

တရုတ်အစိုးရက ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို ကိုဗစ်ကပ်ရောဂါ စတင်ကူးစက်တဲ့ ၂၀၁၉ အစောပိုင်းကစလို့ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းအထိ သုံးကြိမ်ထက် မနည်း ပိတ်ခဲ့ပါတယ်။

၂၀၂၂ နှစ်ဆန်းပိုင်းမှာ ရက်အနည်းငယ် ပြန်ဖွင့်ပေးခဲ့ပေမယ့် အခုတစ်ခါ ကိုဗစ်မျိုးကွဲ အသစ် ကူးစက်မှု ပြန်ဖြစ်ချိန်မှာ တရုတ်ဘက်က ပြန်ပိတ်ထားပြန်ပြီလို့ ကချင်ဒေသ တောင်သူတွေက ပြောပါတယ်။

"လမ်းမဖွင့်လို့ လုံးလုံးကို မပြောတတ်ဘူး။ ဝယ်တဲ့သူလည်းမရှိ၊ ရောင်းတဲ့သူလည်းမရှိ"

အရင်က ငရုတ်ကောင်း တစ်တန်ကို တရုတ်ယွမ်ငွေ ကိုးသောင်း (မြန်မာကျပ်ငွေ သိန်း ၃၀၀ ခန့်) ရခဲ့ပေမယ့် အခုလက်ရှိမှာ တရုတ်ယွမ်ငွေ လေးသောင်း (ကျပ်ငွေ သိန်း ၁၃၀ ခန့်) သာ ရတော့တယ်လို့ တောင်သူတွေက ပြောပါတယ်။

အဲဒီလို ဈေးကျနေတာတောင် ဝယ်သူလုံးဝမရှိတာကြောင့် အရင်းမကျေ အရှုံးပေါ်ပြီး စားဝတ်နေရေး ခက်ခဲတယ်လို့ ငရုတ်ကောင်း ငါးဧက စိုက်ပျိုးထားတဲ့ ဆရာ ဟုန်ဆိုင်း က ပြောပါတယ်။

“အရင်တုန်းက စိုက်တဲ့အခါတော့ အမျိုး (ပျိုးပင်) လည်း ဈေးများတယ်ဗျာ။ ရောင်းစားလည်း စိုက်နေတဲ့သူက၊ စားနေရတဲ့သူက တကယ့် အားရပါးရပေါ့နော်၊ အဲအချိန်က ဈေးကွက် ကောင်းလို့၊ အခုကျတော့ ဈေးကွက်ကောင်းတာ၊ မကောင်းတာလည်း မပြောနိုင်ဘူး။ လမ်းမဖွင့်လို့ လုံးလုံးကို မပြောတတ်ဘူး။ ဝယ်တဲ့သူလည်းမရှိ၊ ရောင်းတဲ့သူလည်းမရှိ အခုလမ်းဖွင့်ဖို့ စောင့်မျှော်နေရတယ်။ ရောင်းစားလို့မရတဲ့ အခါကျတော့ ကျနော်တို့က မတတ်နိုင်တော့ဘူးလေ။ ဝင်ငွေလည်းမရှိ၊ တခြားလည်း ပိုက်ဆံရှာတဲ့နည်းလမ်းလည်းမရှိ တော်တော်များများ ခက်တယ်”

ကချင်ဒေသ ငရုတ်ကောင်းစိုက်ခင်းတွေမှာ တရုတ်ကနေ ပျိုးပင်ဝယ်ယူပြီး နည်းပညာ အတိုင်း စိုက်ပျိုးရတာမို့ ငွေအရင်းအနှီးနဲ့ လုပ်အားလည်း အများကြီးစိုက်ထားရတယ်လို့ သူက ဆိုပါတယ်။

ငရုတ်ကောင်းစိုက်ဖို့ ခြောက်ပေအမြင့်ရှိ တိုင်တွေ ဝယ်ရသလို၊ မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေလည်း ပုံမှန်ထည့်ရပါတယ်။ အပင်မကြီးမချင်း ငါးနှစ်လောက်ထိ အပွင့်ချွေပေးတာ၊ ကိုင်းညှပ်တာ၊ ကြိုးချည်ပေးတာတွေကိုလည်း အချိန်ကုန် လူပန်းခံပြီး လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကချင်ဒေသက စိုက်တဲ့ ငရုတ်ကောင်းစိုက်ခင်းမှန်သမျှ တရုတ်ဈေးကွက်ကို မှီခို ရောင်းချ ရတာမို့ အခုလို နယ်စပ်ဂိတ် ပိတ်ပြီး ဝယ်သူ လုံးဝမရှိတဲ့အခါ အတော်ခက်ခဲတဲ့ အကြောင်း ငရုတ်ကောင်း ၁၀ ဧက စိုက်ထားတဲ့ ဆွတ်ဖောင်ကုမ္ပဏီရဲ့ ခြံတာဝန်ခံ ဦးတန်ဂွန်း ကပြောပါတယ်။

“ကျနော်တို့ ငရုတ်ကောင်းမျိုးကိုကျတော့ လမ်းဖွင့်နေတဲ့အချိန်မှာ တရုတ်ပြည်က ယူပြီး စိုက်တာပေါ့။ ဒီမျိုးက မြန်မာဘက်ကဟာနဲ့တော့ မတူဘူး။ မြန်မာဘက်ကတော့ အသီးလည်း သေးတယ်၊ ပြီးတော့ လုပ်ပုံလုပ်နည်းလည်း မတူဘူး။ မြန်မာဘက်က သဘာဝအတိုင်း စိုက်တာပေါ့။ အပင်တွေမှာ စိုက်တာပေါ့။ ဒီဘက်ကဟာ အကိုင်းကို ချိုးယူပြီးစိုက်တာ။ ဒီ Covid ကြောင့် သူတို့လည်း ဝင်ထွက်သွားလာ ရောင်းဝယ်ဖို့ အတားအဆီးတွေ ဖြစ်သွားတာ၊ အဲဒါကြောင့် နယ်စပ်ဂိတ်ပိတ်လို့ ဝယ်သူ မရှိတော့တာလို့ ကျနော်တို့က ယူဆရတာပေါ့”

အခုတော့ ကချင်ဒေသ ငရုတ်ကောင်းစိုက်သူတွေဟာ ဘယ်မှာမှ ရောင်းလို့မရတာကြောင့် အကုန် အခြောက်လှန်းပြီး သိမ်းထားရတယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့အနီးတစ်ဝိုက်မှာ တရုတ်လုပ်ငန်းရှင်တွေလည်း ခြံစိုက်ပျိုးရေး လာရောက်လုပ်ကိုင်လေ့ရှိပေမယ့် အခုတော့ ခြံတွေကို ဒီတိုင်းပစ်ထားပြီး တရုတ်နိုင်ငံဘက်ကို ပြန်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ဒေသက တောင်သူတွေဟာ တရုတ်ပြည်ကို ပို့ဖို့အတွက်ဆိုရင် နောက်ထပ် ငွေကြေးနဲ့ လုပ်အားခ အကုန်ခံပြီး ငရုတ်ကောင်းအဖြူအဖြစ် အခွံချွတ်ရတာလို့ ကချင်ဒေသ ငရုတ်ကောင်း ကုန်သည်ဖြစ်တဲ့ ဦးအောင်သန်းဦး က ရှင်းပြပါတယ်။

pepper
တရုတ်-မြန်မာနယ်စပ်အနီး လိုင်ဇာမြို့တစ်ဝိုက်ရှိ ငရုတ်ကောင်းစိုက်ပျိုးရေးခြံတွင် လုပ်ကိုင်နေကြသည့် ဒေသခံတောင်သူများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

“တရုတ်ပြည် နယ်စပ်ကတွေတော့ ဒီဘက်ကိုကျတော့ လာဖို့ ခရီးဝေးတော့ အဖြူပဲလုပ်ကြတယ်။ အမည်းကိုမှ အခွံချွတ်တာ ကော်ဖီလိုပဲပေါ့။ ရေစိမ်ပြီးတော့ ချွတ်လိုက်မှ အဖြူဖြစ်သွားတာ သူက။ အဲငရုတ်ကောင်းအဖြူက ဈေးကွက် နည်းနည်းကျဉ်းတယ်။ သူက တရုတ်ပဲ အများဆုံး သုံးတာ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုတော့ နည်းတာပေါ့။ အမည်းကိုပဲ အလွယ်တကူ သုံးကြတယ်”

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း ကတော့ ကချင်ပြည်နယ်က ရာသီပေါ်သီးနှံတွေကို တရုတ်ကို အချိန်မီရောက်ဖို့နဲ့ တောင်သူတွေ မနစ်နာစေဖို့ တရုတ်အစိုးရနဲ့ ဆွေးနွေးတဲ့အခါတိုင်း စစ်ကောင်စီဘက်က ထည့်သွင်း ဆွေးနွေးလေ့ရှိတယ်လို့ RFA ကို ၂၀၂၂ မေလတုန်းက ပြောဆိုဖူးပါတယ်။

အခုဆို ကချင်ဒေသ ငရုတ်ကောင်းစိုက်သူတွေအားလုံး တရုတ်ဘက်ကို လုံးဝ မရောင်းရတော့ အတွက် ရှေ့နှစ်မှာ ပြန်စိုက်ဖို့ဆိုတာတောင် မဖြစ်နိုင်တော့ဘူးလို့ ငရုတ်စိုက် တောင်သူတစ်ဦး ဖြစ်တဲ့ ဦးလဖိုင်အာလီ ကပြောပါတယ်။

“တော်တော်ခက်ခဲလာမယ်။ ဘာကြောင့်ဆိုတော့ ဒီနေ့ရတဲ့အသီးကို ဒီနှစ်ရောင်းပြီး ရတဲ့ငွေကို နောက်နှစ်အတွက် အရင်းလုပ်တာ။ ဓာတ်မြေသြဇာတွေ၊ နွားချေးတွေ ဝယ်တာ နေ့စားခတွေပေး၊ အစားအသောက်ဝယ်စား၊ လိုတဲ့ သေးသေးတွေ အကုန် ဝယ်သုံးရတာ။ အဲဒါတွေ မရောင်းစားရရင်တော့ ရှေ့ဆက်လုပ်ဖို့ တော်တော်ခက်ခဲ သွားမှာပေါ့။ ဘာကြောင့်ဆို ဒီနှစ်ရောင်းရတာ ဒီနှစ်သုံးပေါ့၊ စုထားနိုင်တာလည်း မရှိဘူး။ ခါတိုင်းဆို တရုတ်ပြည်မှာက တော်တော်ရတယ်။ အခုက ဈေးလည်း တအားကျသွားပြီ။ တရုတ်တွေ မဝယ်၊ ရောင်းစား မရရင်တော့ ခြံတွေကိုတောင် ပစ်ထားလိုက်ရတဲ့ အဆင့် ရောက်လာမှာပဲ”

တရုတ်က နယ်စပ်ဂိတ်တွေပိတ်ပြီး၊ ခြံစည်းရိုးတွေ ကာလိုက်တဲ့အတွက် ကချင်ဒေသ လိုင်ဇာအနီးတစ်ဝိုက်က ငရုတ်စိုက်ပျိုးရေးသာမက ကြံ၊ ငှက်ပျော၊ ကော်ဖီနဲ့ အခြားသီးနှံ စိုက်ပျိုးရေးပါ ဒီနှစ်မှာ အကြီးအကျယ်အရှုံးပေါ်ပြီး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံ ကချင်တောင်သူတွေက ပြောပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။