ဘိုကလေးမြို့နယ်က မျှင်ငါးပိသမားတွေ အခက်အခဲတွေ ဖြစ်နေ
2024.02.05

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ရေကျော်ကြီးကျေးရွာက မျှင်ပုစွန်ထောင်သူတွေဟာ အရင်ကတော့ အရအမိများလို့ စားဝတ်နေရေး အဆင်ပြေကြပါတယ်။ အခုနှစ်မှာတော့ ကုန်စျေးနှုန်းတွေတက်လို့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတာပါ။
"ရေသေရက်ထောင်တဲ့မျှင်က ရေသေရက်မှာ မလာတော့ဘူး။ တကယ့် ရေထ ရေခေါင်ကျမှ လာတဲ့အခါကျတော့ ဒီပိုက်စိမ်းလေးတွေကျတော့ ထောင်လို့မရတော့ဘူးလေ။ ထောင်လို့မရတဲ့ အခါကျတော့ သိမ်းထား၊မျှောထားရတယ်။ မျှင်မရတော့ဘူးလေ။ ကျွန်တော်တို့ အရင်တုန်းက ကိုးရက်၊ ဆယ်ရက် ဒီရက်တွေဆို မျှင်ပါတဲ့ ရက်တွေ။ တချို့ဆို ပိုက်တစ်လုံး နှစ်လုံးနဲ့ အဲဒီလှေတွေ ပြားတယ်။ အခုကျတော့ ပြားဖို့မပြောနဲ့ ဓာတ်ဆီဖိုးတောင်မရလို့ မျှောထားတဲ့သူတွေ များတယ်။ ကျွန်တော်က အစ"
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ရေကျော်ကြီးရွာက မိသားစု ရှစ်ယောက်ရှိတဲ့ ကိုဇော် ပြောပြတာပါ။ မျှင်ငါးပိကို နူးညံ့ပြီးသေးငယ်တဲ့ ပုစွန်လေးတွေနဲ့ လုပ်ရပါတယ်။ ဒီပုစွန်လေးတွေကို ပင်လယ်ပြင်မှာ ပိုက်စိမ်းတွေနဲ့ ဖမ်းယူကြတာပါ။ မြန်မာတွေ ကြိုက်ကြတဲ့ မျှင်ငါးပိကို ဧရာဝတီတိုင်းက အများဆုံး ထုတ်လုပ်ပါတယ်။ ဘိုကလေး မြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ ရေကျော်ကြီးရွာမှာတင် တစ်နိုင်တစ်ပိုင် မျှင်ထောင်တဲ့သူ ၃၀ ကျော်ရှိပြီး ကိုဇော်တို့လည်း ပါပါတယ်။
"ထောင်မယ့်သာ ထောင်နေတာ ကျွန်တော်တို့ ပိုင်ရှင်လည်း ကျွန်တော်တို့ လူငှားခတွေ မရဘူး"
ကိုဇော်က ဒီလုပ်ငန်း လုပ်ကိုင်ခဲ့တာ ၃ နှစ် ရှိပါပြီ။ သူ့မှာ မျှင်ထောင်တဲ့ပိုက် ၁၀ ဖောင်ရှိပြီး ပိုက် တစ်ဖောင်ကို ငွေကျပ်၂ သိန်းကျော်ကျပါတယ်။ အခုနှစ်မှာတော့ မျှင်ပုစွန်ထောင်တဲ့အခါ ဓာတ်ဆီဖိုးတောင်မရကြလို့ ပိုက်ထောင်တာကို နားထားရသလို ကိုဇော်အတွက် အကြွေးကျေဖို့တောင် မလွယ်တော့ပါဘူး။
မိသားစု ခြောက်ယောက်ရှိတဲ့ အသက် ၃၅ နှစ်အရွယ် ကိုမောင်ကတော့ မျှင်ပုစွန်ထောင်တဲ့ လုပ်ငန်းကို လုပ်ကိုင်လာတာ ၁၀ နှစ်ကျော် ရှိပါပြီ။
အရင်နှစ်က မျှင်တစ်ပိသာကို ၁၄၀၀ ကျပ်ပေါက်ပြီး အခုနှစ်မှာ ၁၇၀၀ ရလို့ တစ်ပိသာကို ၃၀၀ကျပ် တက်လာပေမယ့် သူတို့ဝယ်သုံးရတဲ့ ကြို့တစ်ပိသာဟာ အရင်က (ကျပ်) ၁၀၀၀၀ ဝန်းကျင်ကနေ အခု ၁၈၀၀၀ ဝန်းကျင် မြင့်တက်သွားလို့ သူဌေးကြွေး မကျေတဲ့သူတွေ များလာပြီလို့ ကိုမောင်က ပြောပါတယ်။
"ကျွန်တော်တို့ ရှိပြီးသားလူတွေကျတော့ လည်ပတ်မှုက သိပ်အခက်အခဲ မကြုံပေမယ့် အခုမှ စပြီးတော့ သူများရတယ်ဆိုမှ ထရင်းတဲ့သူတွေကျတော့ ရှုံးကုန်ကြပြီလေ။ ဒီနှစ်အရအမိနဲ့ဆိုတော့ လူတွေ သူဌေးကြွေးမကျေတော့ဘူး။ သူဌေးကြွေးမကျေရင် သူဌေးက လျှော်တဲ့ဟာရှိသလို မလျှော်တဲ့သူကြတော့ အတိုးနဲ့မှတ်ခံရတဲ့သူတွေ ရှိတယ်။အဲဒီတော့ နစ်မွန်းကြတယ်"
အသက်၄၂ နှစ်အရွယ် ကိုတင့်လွင်ကတော့ မျှင်ပိုက်ထောင်တဲ့အလုပ်မှာ လုပ်နေတာ ၂ နှစ် ရှိပါပြီ။သူကတော့ ၁၅ ရက် တစ်ပတ်ကို ငွေကျပ်တစ်သိန်းနဲ့ ပင်လယ်လူငှား လုပ်နေတာပါ။
"ဓာတ်ဆီတစ်ဘူးကို လေးငါးခြောက်ထောင် ခုနစ်ထောင်ဆိုတဲ့နောက်တော့ အသွားအပြန်ပဲ ဒီနဲ့ဟိုနဲ့ အသွားတစ်ခေါက် အပြန်တစ်ခေါက်ဆိုပဲ တစ်ဂါလန်။ ထောင်မယ့်သာ ထောင်နေတာ ကျွန်တော်တို့ ပိုင်ရှင်လည်း ကျွန်တော်တို့ လူငှားခတွေ မရဘူး။ ဓာတ်ဆီဖိုးနဲ့၊ ဆားဖိုးနဲ့ လူငှားခနဲ့ ပြန်နုတ်လိုက်ရင် ဘာရှိတော့မလဲ။ သူတို့အတွက် ဘာမှမရှိဘူး။ အဲဒါကြောင့်မို့ ပိုင်ရှင်တွေ မွဲတာပေါ့"
အသက် ၂၄ နှစ်အရွယ် ကိုညီညီအောင်ကတော့ မိသားစု လေးဦးကို မျှင်ထောင်တဲ့လုပ်ငန်းနဲ့ ရှာဖွေ ကျွေးမွေးခဲ့တာ ၄ နှစ်ရှိပါပြီ။ အခုနှစ်မှာတော့ ကုန်စျေးနှုန်းကြီးမြင့်သွားသလို စက်သုံးဓာတ်ဆီ စျေးလည်း နှစ်ဆတက်သွားတဲ့ အပြင် အရအမိပါနည်းတာကြောင့် လုပ်အားခတောင် အရှုံးပေါ်နေတာပါ။
"စျေးကတော့ ကောင်းပါတယ်။ သူ့ဟာလေးနဲ့ သူပေါ့။ ဒါပေမဲ့ အရအမိက မကောင်းတော့ ဒီလိုပဲ အခက်အခဲရှိတာပေါ့။ စားဝတ်နေရေးကို နည်းနည်းဝယ်ရတာ ပြုရတာကြတော့။ စျေးတွေကမြင့်တော့ အရင်လိုတော့ ပေါပေါသီသီတော့ စားလို့မရဘူးပေါ့။ ဆားဖိုး၊ ဓာတ်ဆီဖိုးနဲ့ ကိုယ့်အိမ်စားဖို့လောက်ပဲရတယ်။ ကိုယ့်လုပ်အားခ ရှုံးတာပေါ့။ ကိုယ်က ကိုယ်ပိုင်ဆိုတော့ နေ့စားလူငှားဘာညာတော့ မငှားရဘူးပေါ့"
အသက် ၄၇ နှစ်အရွယ် ဒေါ်သန်းသန်းအေးကတော့ ရေကျော်ကြီးကျေးရွာမှာ နေထိုင်ပြီး မျှင်ငါးပိ အရောင်းအဝယ်လုပ်နေသူပါ။ သူ့မှာ မိသားစု ငါးယောက် ရှိပါတယ်။ ကုန်စျေးနှုန်းကြီးမြင့်ပြီး မျှင်အရအမိနည်းလို့ မျှင်ထောင်သူတွေရော သူတို့လို တစ်နိုင်တစ်ပိုင်အရောင်းအဝယ်လုပ်သူတွေပါ အခက်အခဲဖြစ်တာလို့ ရှင်းပြပါတယ်။
"ဒီနှစ်က မျှင်ထောင်တဲ့သူတွေလည်း အခြေအနေမကောင်းဘူး။ အဲဒီလိုပေးထားတဲ့ ပိုက်ဆံလေးတွေကလည်း သူတို့မကောင်းတော့ ကိုယ်လည်း မရဘူးပေါ့။ ကြွေးမြီလေး မဝင်ကြဘူးပေါ့။ ရှိကြတယ်လေ။ သူတို့မှ မရတာ။ မရတော့ ကိုယ်ကလည်း ထုတ်ထားတဲ့ပိုက်ဆံ ပေးထားပေမယ့် သူတို့မရတော့ ကိုယ်တွေလည်း ကြွေးမရဘူးပေါ့"
ဘင်္ဂလားပင်လယ်အော်ရဲ့ အစပ်မှာရှိတဲ့ ရေကျော်ကြီးကျေးရွာလေးဟာ အရင်နှစ်တွေက မျှင်ထောင်တဲ့ ပိုက်အလုံးရေ ၆၀၀ ဝန်းကျင်သာ ရှိပါတယ်။ အခုနှစ်မှာတော့ ကဒုံကနိ၊ တောက်တာကုန်း၊ ပိုးလောင်းနဲ့ ရွာသစ်ရွာက မျှင်ပိုက်ထောင်တဲ့သူတွေ ရောက်လာပါတယ်။ ဒါကြောင့် အခုဆိုရင် ပိုက်အလုံးရေ ၃၀၀၀ လောက် အထိများလာသလို အရအမိတွေလည်း သိပ်မရှိကြတော့ဘူးလို့ မျှင်ပိုက်ထောင်သူတွေက ပြောပါတယ်။