ဘူးသီးတောင် မေယုမြစ်ဘေးက ဘဝကိုကြံ့ကြံ့ခံနေကြသူများ

RFA Burmese
2025.02.03
ဘူးသီးတောင် မေယုမြစ်ဘေးက ဘဝကိုကြံ့ကြံ့ခံနေကြသူများ ဘူးသီးတောင်မြို့နယ် ကျွဲဂြိုမော်ကျေးရွာမှ ဒေသခံအချို့ကို တွေ့ရစဉ်။
Photo: RFA

အသက် ၃၂ နှစ်အရွယ် မဌေးဌေးသန်းတစ်ယောက် သူ့ခင်ပွန်း ထောင်ဖမ်းလာတဲ့ ငါးဟောက် လေးဆယ်သားလောက်ကို သွားရောင်းဖို့ ပြင်ဆင်နေတာပါ။ ဒေသအခေါ် ငါးဟောက်ဆိုတာ ငါးရှဥ့်အမျိုးအနွယ် တစ်မျိုးဖြစ်ပါတယ်။

သူတို့ဇနီးမောင်နှံမှာ ကလေးတစ်ယောက်ထွန်းကားပြီး ဘူးသီးတောင်မြို့နယ်တောင်ပိုင်း မေယုမြစ်ကမ်းဘေးက ကျွဲချိုမော် ဆိုတဲ့ရွာလေးမှာ နေကြတာပါ။

"အရင်တုန်းက နှစ်သောင်းနဲ့ စားလို့ရတာကို အခု သုံးသောင်းလိုတယ် မဟုတ်လား"

သူတို့မှာကိုယ်ပိုင် လယ်ယာမြေ၊ ကျွဲ၊ နွား မရှိကြပါဘူး။ အလုပ်အကိုင်လည်း ကောင်းကောင်းမွန်မွန် မရှိကြပါဘူး။ ဒါကြောင့် သဘာဝတရားအတိုင်းရှိနေတဲ့ ကဏန်းတို့၊ ငါးရှဥ့်တို့ကို မြှုံးနဲ့ထောင်ဖမ်းပြီး ပြန်ရောင်းကြပါတယ်။

"ဆင်းရဲပါတယ် ကျွန်မတို့။ အရင်တုန်းက နှစ်သောင်းနဲ့ စားလို့ရတာကို အခု သုံးသောင်းလိုတယ် မဟုတ်လား။ ဆိုတော့ ငွေနှစ်သောင်းကိုတောင် ရှာလို့မရဘူးအခု။ အလုပ်က မရှိဘူး။ အရင်တုန်းကလို ကဏန်းဒိုင်လည်းမဖွင့်တော့ ဈေးမှာသွားရောင်းလည်း မစွံဘူး။ စွံတဲ့နေ့ စွံတယ်။ မစွံနေ့ မစွံ။ ဖုံလုံတယ်လို့လည်း ပြောလို့မရပါ။ အရင်တုန်းကနဲ့ မတူဘူးလေ ဈေးနှုန်းတွေက။ ရှေ့ဆက်လို့လည်း မရှိတဲ့သူမှာ လုပ်စားစရာအလုပ်က မရှိပါ။ ဒီအလုပ် လုပ်စားလို့ မစားရရင်လည်း ငတ်တာကလွဲလို့ ဘာမှမရှိ"

ကဏန်းတစ်ကောင်ကို ကျပ်ငွေတစ်ထောင်၊ ငါးရှဥ့်လေးဆယ်သားကို တစ်သောင်းခွဲ၊ နှစ်သောင်းကြား (ငွေကျပ် ၁၅၀၀၀ ကနေ ၂၀၀၀၀ ဝန်းကျင်) ပဲ သူတို့ရွာမှာ ပေါက်စျေးရှိပါတယ်။ ဒါကြောင့် တစ်ရက်မှာ ငွေနှစ်သောင်းတောင် မရတဲ့နေ့တွေလည်းရှိတယ်လို့ ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ခက်ခဲကျပ်တည်းမှုတွေနဲ့ ကြုံနေရတဲ့ ဘူးသီးတောင်က စစ်ဒဏ်သင့် ရိုဟင်ဂျာများ

အိမ်ပြန်ဖို့ခက်နေတဲ့ AA ထိန်းချုပ်နယ်မြေက စစ်ဘေးဒုက္ခသည်

မလေးရှား အဖမ်းအဆီးကြောင့် အိမ်ခြေမဲ့ဘဝနဲ့ ဖြတ်သန်းနေရတဲ့ ရိုဟင်ဂျာမိသားစု


အခုလောလောဆယ်မှာတော့ တိုက်ပွဲတွေမဖြစ်ခင်ကရှိခဲ့တဲ့ ကဏန်းအဝယ်ဒိုင်တွေလည်း ပြန်ရောက်မလာသေးတာကြောင့် ရောင်းရတာအခက်အခဲရှိတယ်လို့ ဒေါ်ဌေးဌေးသန်းက RFA ကို ပြောပါတယ်။

ကျွဲချိုမော်ရွာလေးမှာ အိမ်ထောင်စု ၃၅ စုပဲရှိပြီး လူဦးရေ ၁၅၀ လောက်ပဲရှိတဲ့ ကျေးလက်ဒေသလေးပါ။ ရွာခံအများစုက ငါးယက်၊ ငါးဟောက်၊ ကဏန်း၊ ခရု၊ ဂုံး ရှာပြီးရောင်းတာ၊ ထင်းခွေပြီးရောင်းတာနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြရတာပါ။

အသက် ၄၉ အရွယ် ဒေါ်အေးသန်းနုကလည်း ကျွဲချိုမော်ရွာကပါ။ သူ့မှာ မိသားစုဝင် ငါးယောက်ရှိပါတယ်။ ဒေါ်အေးသန်းနုတို့မှာတော့ အရင်က ကိုယ်ပိုင်လယ်မြေရှိပြီး စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းခဲ့ကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းမီးကြီးလာတဲ့နောက်မှာ စီးပွားရေးအဆင်မပြေတော့လို့ လယ်တွေရောင်းလိုက်ရပြီး အခုတော့ ဘာမှမရှိတော့တဲ့ဘဝ ရောက်နေပါပြီ။

"စစ်ရေးကာလမှာ ဘာတစ်ခုလုပ်စားလို့ရမလဲ။ လုပ်စားစရာလည်းမမြင်၊ လုပ်ဖို့လူလည်းမရှိ။ အိမ်မှာ အိမ်ရှင်ကလည်း မလုပ်နိုင်ဖြစ်နေပြီ။ အရင်တုန်းကတော့ လယ်နည်းနည်းရှိတယ်။ အဲဒါကိုလည်း ဆင်းရဲပင်ပန်းလို့ ရောင်းလိုက်ရတယ်။ ရောင်းလို့ရတဲ့ ငွေကလည်း နေမကောင်းဖြစ်လို့ အားလုံးကုန်သွားပြီ။ ဘယ်လိုပြောရမလဲ ကူညီမဲ့သူရှိရင်တော့ ကူညီစေချင်တယ်။ လုပ်စားဖို့ကိုင်စားဖို့လည်း လိုချင်တာပေါ့"

ရွာသားအများစုက လောလောဆယ်မှာ တခြားအလုပ်မရှိတဲ့အတွက် ကဏန်းထောင်ပြီး ရောင်းကြပါတယ်။ ဒါကြောင့် ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေတဲ့အတွက် သူတို့ အဆင်မပြေကြပါဘူး။

ကျွဲချိုမော်ရွာသူ အသက် ၄၉ နှစ်အရွယ် ဒေါ်ဘုမကလည်း တခြားရွာသူရွာသားတွေလိုပဲ အလုပ်လက်မဲ့ဘဝနဲ့ ဖြတ်သန်းနေရပါတယ်။

"အလုပ်ကမရှိ။ အဲလိုမရှိတဲ့ကြားထဲက ကဏန်းတွေရှာတယ်။ ဟိုဟာရှာ ဒီဟာရှာစားကြတယ်။ ကျပန်းအဲလို ရှာစားနေကြတာ။ ငွေရေးကြေးရေးက ကျပ်တာပေါ့။ လူတွေက အရမ်းအခက်အခဲဖြစ်နေကြတယ်။ တစ်ယောက် မဟုတ်ဘူး။ နောက်တခြား ဘာအလုပ်မှမရှိဘူး ဒီနေရာမှာ"

အခုအချိန်က ဆောင်းသီးနှံစိုက်ပျိုးတဲ့ ရာသီဆိုပေမဲ့ သူတို့ရွှာနားက စိုက်ပျိုးမြေတွေဟာ ဒီရေအတက်အကျရှိတဲ့အတွက် ဆားငန်ဓာတ်ရှိပြီး သီးနှံစိုက်မရဘူးလို့ ပြောကြပါတယ်။

ဘူးသီးတောင်မြို့နယ် ကျွဲဂြိုမော်ကျေးရွာမှ ဒေသခံအချို့ကို တွေ့ရစဉ်။ (RFA Photo)
ဘူးသီးတောင်မြို့နယ် ကျွဲဂြိုမော်ကျေးရွာမှ ဒေသခံအချို့ကို တွေ့ရစဉ်။ (RFA Photo)

အခုလောလောဆယ်မှာ ပြည်တွင်းစစ်အရှိန်ကြောင့် အလုပ်အကိုင်တွေ ငွေလည်ပတ်မှုတွေ အရင်လိုပုံမှန် ပြန်မဖြစ်သေးတဲ့အတွက် ကျပ်တည်းနေကြတယ်လို့ ကျွဲချိုမော်ရွာက အသက် ၅၆ နှစ်အရွယ် ဦးအောင်သန်းစိန်က ပြောပါတယ်။

"အရင်တုန်းက အခြေအနေကျတော့ လူတွေက လက်လုပ်လက်စား ဖွံ့ဖွံ့ကားကားကျတယ်။ ငွေလည်ပတ်မှု စနစ်တွေကလည်း မြန်ဆန်တော့ လူတွေက ကျပ်တည်းရင်တောင် ချေးငှားလို့ရတယ်။ အခုကတော့ တော်လှန်ရေးကာလ ဖြစ်သွားတဲ့အချိန်မှာ ချေးလို့လည်းမရ၊ ငှားလို့လည်းမရ။ ရတဲ့သူရ၊ မရတဲ့သူမရ အငတ်ငတ်အမွတ်မွတ်ဘဝနဲ့ ပြည်သူလူထု ရင်ဆိုင်နေကြရတယ်"

စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာအထောက်အပံ့တွေ လိုအပ်နေသလို၊ စစ်ဘေးမရှောင်ရတဲ့ ဒေသခံပြည်သူတွေမှာလည်း အခက်အခဲအကျပ်အတည်းမျိုးစုံနဲ့ ရုန်းကန်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။