ဆေးကုသဖို့ငွေမရှိတဲ့ ထိုင်းရောက် ကင်ဆာဝေဒနာရှင်တစ်ဦး
2023.12.05
ဦးမောင်မြင့်ဟာ ကင်ဆာရောဂါ အပြင်းအထန်ခံစားနေရတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးပါ။ မြန်မာနိုင်ငံက ငွေကြေးတတ်နိုင်သူတွေ ရောဂါဖြစ်တဲ့အခါ ထိုင်းနိုင်ငံကို လာပြီးဆေးကုလေ့ရှိပေမဲ့ သူကတော့ အဲဒီလိုဆေးကုဖို့ တတ်နိုင်သူမဟုတ်ပါဘူး။ သူက ထိုင်းနိုင်ငံမှာ ဘဝကို ရုန်းကန်နေရတဲ့ သာမန်အလုပ်သမားညီအစ်မရဲ့ဖခင်သာ ဖြစ်ပါတယ်။
ဘန်ကောက်မြို့အနီး စမွတ်စခွန်ခရိုင်က Om Noi မြို့မှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား မမိုးစန္ဒာတို့ ညီအစ်မဟာ မြန်မာနိုင်ငံမှာ တစ်နေ့တခြားယိုယွင်းလာနေတဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေအထွေထွေကြောင့် ကော့သောင်းမှာ နေထိုင်တဲ့ မိဘနှစ်ပါးကို သူတို့နဲ့အတူနေဖို့ ထိုင်းနိုင်ငံကို အခုနှစ်စမှာ ခေါ်ယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာတော့ ဖခင်ဦးမောင်မြင့်ဟာ ရင်ဘတ်အောင့်တဲ့ ဝေဒနာခံစားရလို့ ဆေးရုံ သွားပြတဲ့အခါ အဆုတ်နဲ့ သွေးကင်ဆာရောဂါ ဖြစ်ပွားနေတာကို သိခဲ့ရပါတယ်။ ခန္ဓာကိုယ်တစ်ခြမ်း ယောင်ယမ်းရုံသာမက ဖခင်ရဲ့မျက်နှာက ပုံမှန်အတိုင်း မဟုတ်တော့ဘဲ နှုတ်ခမ်းနဲ့သွားဖုံးတွေက မတန်တဆယောင်ယမ်းကြီးထွားလာတဲ့အတွက် မြင်ရသူတိုင်း စိတ်မချမ်းမမြေ့ ဖြစ်ခဲ့ပါတယ်။ သူရော ညီမဖြစ်သူပါ အလုပ်လုပ်လို့ရသမျှဝင်ငွေနဲ့ ဖခင်ဖြစ်သူကို ဆေးကုသပေးခဲ့ပေမဲ့ ကုန်ကျစရိတ်များလာတဲ့အခါ အခက်အခဲဖြစ်ပြီး နေ့စဉ် စိတ်သောကရောက်နေပါတယ်။
“အဖေက ရင်ဘတ်အောင့်တယ် အောင့်တယ်နဲ့ လက်တွေယောင်တယ်။ ဆေးရုံကို သွားပို့တယ်။ ပိုက်ဆံမနိုင်ဘူးလို့ ပြောတာ ဆရာဝန်တွေက ပိုက်ဆံမနိုင်ရင် ပြန်တဲ့ အဲဒီလို ပြောတယ်။ နောက်တစ်ခေါက်သွားတော့လဲ အဲဒီလိုပဲ။ တစ်သောင်း ရှစ်ထောင် - တစ်သောင်းကိုးထောင် ချက်ချင်းပေးရမယ်တဲ့။ ပိုက်ဆံမနိုင်ဘူးဆိုတော့ မနိုင်ရင်ပြန်တဲ့ ဆိုပြီး ဆေးပေးလိုက်တယ်၊ နောက်တစ်ခေါက် မဟာချိုင် စမွတ်စကန် ဆေးရုံသွားတယ်၊ ဟိုကချေး ဒီကချေးနဲ့ ကုတယ်။ နောက်ဆုံး မနိုင်တော့ဘူး။ မနိုင်တော့ ဆေးရုံမသွားတော့ဘူး”
ဦးမောင်မြင့်ဟာ မြန်မာပြည်မှာ ရင်ဘတ်အောင့် ဝေဒနာခံစားရလို့ ဆေးရုံပြ စစ်ဆေးခဲ့ပေမဲ့ ဘာရောဂါမှ ရှာမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ အခု ရောဂါသိရပြီးနောက် ဆေးကုသဖို့ မတတ်နိုင်လို့ အခြေအနေပိုဆိုးလာခဲ့တယ်လို့ ဦးမောင်မြင့်ရဲ့ဇနီး ဒေါ်ထွေးက ပြောပါတယ်။
“ရင်ဘတ်အောင့်ပြီး လက်တစ်ဖက် ယောင်တတ်လာတယ်။ လက်ယောင်ပြီး အကျိတ်တစ်လုံးထွက်တယ်။ အဲဒီကနေ အဖိုးက ကိုယ်တစ်ခြမ်းလုံး နာလာတယ်။ တစ်ညလုံး လှိမ့်နေရတယ်။ မောတယ် ချောင်းဆိုးတယ်”
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ကျန်းမာရေးအာမခံမှာ ထည့်ဝင်ထားရင် နာမကျန်းဖြစ်တာ။ ထိခိုက်ဒဏ်ရာရတာ မီးဖွားတာ စတာတွေအတွက် အကျိုးခံစားခွင့်ရှိပါတယ်။ ဒါပေမယ့် မိဘဖြစ်သူအတွက်တော့ မပါဝင်ပါဘူး။ ဖခင် ဦးမောင်မြင့်က သူတို့ ဆေးဖိုး ခက်ခဲလာတာ သိတဲ့အတွက် ဆေးရုံတက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ မမိုးစန္ဒာရဲ့ ညီမဖြစ်သူကလည်း ပြောပါတယ်။
“စမွတ်စခွန် ဆေးရုံသွားတော့ ပထမ ဖေဖေ့ကို စစ်ဆေးတယ်၊ အဲဒီနေ့မှာ နှစ်သောင်းလောက် ကုန်သွားတယ် တစ်နေ့တည်း။ နောက် အဲဒီမှာ လေးည အောက်စီဂျင်ပိုက် ပေးရတယ်။ အသက်ရှုမရလို့။ အဲဒီမှာ လေးသောင်း ငါးသောင်းလောက် ကုန်တယ်။ နောက်တော့ ဖေဖေက မနေနိုင်တော့ဘူးဆိုပြီး ပိုက်တွေဖြုတ်ပြီး ဆေးရုံက ဆင်းလာတာ ”
ဦးမောင်မြင့် နာမကျန်းဖြစ်နေတဲ့အခြေအနေ၊ ဆေးကုသဖို့ အခက်အခဲဖြစ်နေတာတွေကို ကြားသိတဲ့အတွက် အိမ်နီးချင်းတွေက အစားအသောက်တွေ ပံ့ပိုးကူညီတာရှိသလို ရွှေ့ပြောင်းမြန်မာလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖြူရောင်လူမှုကူညီရေးအဖွဲ့ကလည်း အလှူငွေတွေ လိုက်လံကောက်ခံကူညီပေးနေပါတယ်။
“အဖိုးရဲ့ပုံတွေ ကျွန်တော်တို့ဆီ ပို့လာတယ်။ အကူအညီတောင်းတယ်ဆိုတော့ ကျွန်တော်တို့လဲ အသင်းအဖွဲ့လေးဖွဲ့ပြီး ကူညီဖို့ စိတ်ကူးလိုက်တယ်။ ပြီးတော့ ဒီအဖြူရောင်လူမှုကူညီရေးအဖွဲ့ကို ဖွဲ့ပြီး အဖိုးအတွက် ဆေးဖိုးဝါးခလေးရအောင် ကျွန်တော်တို့ တတ်နိုင်သမျှ လိုက်ပြီးအလှူလိုက်ခံတယ်။ အနီးအနားက စက်ရုံတွေဆီသွားပြီး စာအိတ်တွေပေးပြီး အလှူခံဖြစ်တယ်ပေါ့။ အလှူငွေထည့်ဝင်ချင်သူတွေအနေနဲ့လည်း 0660456679 ကို လှူဒါန်းနိုင်ပါတယ်ခင်ဗျ"
ဖခင်ဖြစ်သူကို ဆေးကုသဖို့ အခက်အခဲတွေ့နေတဲ့ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်း မိသားစုတစ်စုရဲ့ ဘဝအကြောင်း ကြားခဲ့ရတာပါ။ သူတို့ကို ကူညီချင်သူတွေအနေနဲ့ သမီးဖြစ်သူ မမိုးစန္ဒာ ထိုင်းဖုန်းနံပါတ် ၀၆၂၁၇၉၁၇၄၄ ကို ဆက်သွယ်နိုင်ကြောင်းလည်း သိရပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ ကြုံရရဲ့ဒုက္ခတွေက အများကြီးပါပဲ။ ကျန်းမာရေးကြောင့် ဒုက္ခရောက်ရတာ၊ အလုပ်ရှင်က လုပ်အားခမပေးတာ၊ လုပ်ငန်းခွင်မှာ ဒဏ်ရာရပြီး လျော်ကြေးမရတာ စတဲ့ ဒုက္ခမျိုးစုံ ကြုံရတာပါ။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေတွေက ဆိုးရွားနေတဲ့အတွက် ဒီလိုဒုက္ခအခက်အခဲတွေ အများကြီး ရှိပေမဲ့လည်း ထိုင်းနိုင်ငံကို မြန်မာတွေ နေ့စဉ်ဝင်ရောက်လာနေကြဆဲဖြစ်ပါတယ်။