စျေးချိုတော်က တွန်းလှည်းဆွဲသမား

RFA Burmese
2024.06.12
စျေးချိုတော်က တွန်းလှည်းဆွဲသမား မန္တလေး စျေးချိုတော်အနီးတစ်နေရာတွင် တွန်းလှည်းဆွဲသူတစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေတွေကြောင့် ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေပြီး အခြေခံလူတန်းစားတွေ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်။ မန္တလေးမြို့ရဲ့ အထင်ကရ စျေးချိုတော်မှာလည်း အရောင်းအဝယ်တွေ ပါးသွားသလို တွန်းလှည်းဆွဲသူတွေလည်း အရင်ကလို ဝင်ငွေမကောင်းတော့ပါဘူး။

ကုန်အိတ်တွေကို တွန်းလှည်းပေါ်တင်ပြီး မန္တလေး စျေးချိုတော်တစ်ဝိုက်မှာရှိတဲ့ ပွဲရုံတွေဆီ ဆွဲပို့နေသူကတော့ ဦးသန့်ဇင်ပါ။ တွန်းလှည်းဆွဲတဲ့အလုပ်ကို သူ အသက် ၃၀ ကတည်းက လုပ်လာခဲ့တာမို့ အခုဆိုရင် နှစ် ၂၀ ကျော်ပါပြီ။

“တွန်းလှည်းဆွဲသူ လျော့နည်းလာတာနဲ့အမျှ တွန်းလှည်းငှားရမ်းသူတွေလည်း ဝင်ငွေ လျော့နည်းလာပါတယ်”

သူ့ရဲ့ နေ့စဥ်အလုပ်ကတော့ နယ်ကနေ စျေးချိုတော်က ပွဲရုံတွေ၊ ပွဲရုံတွေကနေ နယ်ကားဂိတ်တွေကိုပို့မဲ့ ငရုတ်၊ ဆနွင်း၊ ကြိုးခွေ စတဲ့ကုန်တွေကို တွန်းလှည်းနဲ့ဆွဲပြီး နီးစပ်ရာ ကားဂိတ်တွေဆီ ပို့ပေးရတာပါ။

မြန်မာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ မန္တလေး စျေးချိုတော်ဟာ ကုန်စည်စီးဆင်းမှုအတွက် အချက်အချာကျတဲ့ စျေးကြီးတစ်ခု ဖြစ်ပြီးတော့ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အရောင်းအဝယ်တွေ သိသိသာသာ ကျဆင်းသွားပါတယ်။ အရောင်းအဝယ်ပါးသွားတဲ့ နောက်ဆက်တွဲကတော့ ဦးသန့်ဇင်တို့လို တွန်းလှည်းဆွဲသူတွေ ဝင်ငွေ ထိခိုက်သွားပါတယ်။

“စျေးတွေ လာဝယ်တဲ့စျေးသည်တွေပေါ့။ အမှတ် (၈) ဂိတ် လိုက်ပို့စမ်းပါဆိုရင် အမှတ် (၈) ဂိတ် လိုက်ပို့ရတာ၊ အမှတ် (၇) ဂိတ် လိုက်ပို့စမ်းပါဆိုရင် အမှတ် (၇) ဂိတ် လိုက်ပို့ရတာ။ အဲဒီလိုလေးတွေက ခေါက်တိုတွေ ပေါတော့ လှည်းက တော်တော်များတယ်လေ။ အခု ဒီကိုယ်ဗစ်နောက်ပိုင်းမှာ ကားလိုင်းတွေ ပျောက်သွားတော့ စျေးသည်တွေကလည်း လိုင်းကားတွေမရှိတော့ တွန်းလှည်း သိပ်မငှားတော့ဘူးပေါ့ဗျာ။ နဂိုတုန်းကဆို မနက် ရှစ်နာရီ ရောက်ပြီဆိုရင် ရှစ်နာရီကနေ အလုပ်က တောက်လျှောက် နှစ်နာရီ၊ သုံးနာရီအထိ”

အရင်ကဆို စျေးချိုတော်တစ်ဝိုက်မှာ ဦးသန့်ဇင်လို တွန်းလှည်းဆွဲသူ ငါးဆယ်ကျော်ရှိပါတယ်။ အခုတော့ ၁၅ ဦးခန့်ပဲ ရှိပါတော့တယ်။

တွန်းလှည်းဆွဲတဲ့အလုပ်က အရင်လို ဝင်ငွေမကောင်းတော့တာကြောင့် တွန်းလှည်းနဲ့ စျေးရောင်းတာ၊ ဆိုင်ကယ်ဘေးတွဲနဲ့ ကုန်ပို့တာ၊ ခရီးသည်ပို့တာ စတဲ့အလုပ်တွေ ပြောင်းလဲလုပ်ကိုင်ကြတော့တာပါ။

အသက် ၆၇ နှစ်အရွယ် ဦးဆယ်ပြားကလည်း တွန်းလှည်းဆွဲရင်း ဆိုက်ကားနင်းပြီး မိသားစုစားဝတ်နေရေး ကာမိအောင် ရုန်းကန်နေရသူပါ။

“ကုန်လာလို့ရင် ဖောက်သည်လာလို့ရင် လှည်းသွားထုတ်လိုက်တာ။ ဖောက်သည် မလာရင် လှည်းမထုတ်ဘူး။ တော်တော်ကို ပါးတာ။ နည်းနည်းနောနောပါးတာမဟုတ်ဘူး၊ တော်တော်ကိုပါးတာ။ ခုဆိုရင် ခုနစ်ထောင်၊ ရှစ်ထောင်ရဖို့ကို တော်တော်ခဲယဥ်းတာ”

မန္တလေး စျေးချိုတော်အနီးတစ်နေရာအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)
မန္တလေး စျေးချိုတော်အနီးတစ်နေရာအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

တွန်းလှည်းဆွဲသူတွေဟာ တွန်းလှည်းတစ်စီးကို တစ်ရက် ငွေ ၁၅ဝဝ ပေးပြီး ငှားဆွဲကြတာပါ။ တွန်းလှည်းဆွဲသူ လျော့နည်းလာတာနဲ့အမျှ တွန်းလှည်းငှားရမ်းသူတွေလည်း ဝင်ငွေ လျော့နည်းလာပါတယ်။

“စျေးချိုကလည်း ပါးသွားပြီ။ စျေးရောင်းတဲ့သူတွေကအစ အရောင်းအဝယ်မကောင်းကြဘူး။ စျေးသည်တွေကပါးတော့ အစ်မတို့လှည်းလည်း အစ်မတို့လှည်းလည်း ပါးတာပဲလေ။ အစ်မတို့လှည်းဆိုရင် တော်တော့်ကို ပါးသွားတာ။ အခုကျတော့ ကုန်စိမ်းတွေကလည်း စျေးတွေတန်၊ ကားတွေကမဝင်၊ အဲဒီလိုမျိုးတွေဆိုတော့ သိပ်ပြီးတော့ မငှားကြတော့ဘူးပေါ့”

ဦးသန့်ဇင်က အမရပူရမြို့နယ် အိုးတော်တိုက်နယ် အမှိုက်စုရပ်ကွက်မှာနေထိုင်ပြီး မိသားစုဝင် ခြောက်ဦးရှိပါတယ်။ အရင်ကတော့ သူတွန်းလှည်းဆွဲလို့ ရတဲ့ငွေဟာ မိသားစုအသုံးစရိတ် ကာမိတဲ့အပြင် ငွေပိုငွေလျှံရှိခဲ့ပါတယ်။

“သုံးဘီးတစ်စီး အသစ်ဆိုရင် တစ်ရာကျော်ရှိတယ်။ Second (အသုံးပြုပြီး)ဆိုရင်ကို ခုနစ်ဆယ်လောက်ရှိတယ်။ ဆိုင်ကယ်နဲ့ တွဲတဲ့ဟာတွေဆိုရင် ရှစ်သိန်းလောက်ကျတယ်။ အဲဒါကို ဝယ်နိုင်ဖို့ကလည်း မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်နေ့ ရတဲ့ဟာက ကုန်စျေးနှုန်းက မြင့်နေတော့ မိသားစု စားဝတ်နေရေး ဒါနဲ့ပဲ ပိုမယ့်ဟာ မပိုတော့ဘူးပေါ့”

အခုတော့ ဦးသန့်ဇင် တွန်းလှည်းဆွဲလို့ရတဲ့ငွေက မိသားစုအသုံးစရိတ်ကို ကာမိရုံပဲလို့ ဦးသန့်ဇင်ရဲ့ဇနီး ဒေါ်ဝေဝေစိုးက ပြောပါတယ်။

“ဆန်ကိုက တစ်ပြည် ရှစ်ထောင်ဆိုတော့လေ။ တစ်သောင်းကျော် နှစ်သောင်းလောက်တော့ရှိတယ်။ အကုန်လုံး စရိတ်တွေက”

စျေးချိုတော်လို ကုန်ရောင်း ကုန်ဝယ် အသွားအလာများတဲ့နေရာအတွက် တွန်းလှည်းတွေက ခရီးတိုပို့တဲ့အခါမှာ ကုန်ကျစရိတ်သက်သာပြီး အသုံးဝင်တာကြောင့် ဒီအလုပ်တွေ တိမ်ကောသွားမှာမဟုတ်ဘူးလို့ တွန်းလှည်းဆွဲသမားတွေက ယုံကြည်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။