လက်ရုံးတပ်မှာ ၁၇ နှစ်နီးပါး တာဝန်ထမ်းခဲ့တဲ့ CDM ဗိုလ်ကြီးဘာတွေ ရင်ဖွင့်သလဲ
2024.02.15
စစ်တပ်ထဲမှာ ဆယ်စုနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်တွေကို နောင်တရ နှမြောမိတယ်လို့ ဆိုလာသူကတော့ လုံခြုံရေးအရ အမည်လွှဲထားတဲ့ ဗိုလ်ကြီးသုတပါ။
အာဏာသိမ်း စစ်ကောင်စီဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပြင် လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် နောင်တရမိတယ်လို့ သူကပြောပါတယ်။
“အံဩတာပေါ့။ ငါတို့တွေ အချိန် ၁၇ နှစ် နီးပါးလောက် အကြမ်းဖက်စစ်တပ်ကြီးထဲမှာ တာဝန်ထမ်းဆောင်ခဲ့ပါလားဆိုတဲ့ နောက်ကျတဲ့ နောင်တတွေ ရခဲ့တယ်။ နောက်တစ်ခုက မြင်လိုက်ရတာ အကြမ်းဖက်စစ်တပ်က လူယုတ်မာပုံစံမျိုးတွေ ဖြစ်သွားပြီ။ သူတို့စိတ်ထဲမှာ အဖြူတွေ၊ အမည်းတွေ မရှိတော့ဘူး။ သူတို့မှာ လုပ်သင့်တာတွေ၊ မလုပ်သင့်တာတွေ မရှိတော့ဘူး။ အဲတော့ သူတို့က ဆက်လုပ်နေမှာပဲ။ ဒီတော့ ကျွန်တော့်အနေနဲ့ကတော့ တော်လှန်ရေးကြီး အမြန်ပြီးပါစေလို့ပဲ ကျွန်တော်ဆုတောင်းတယ်။"
နေပြည်တော်ကလက်ရုံးတပ်မှာ ၁၇ နှစ်နီးပါး တာဝန်ထမ်းဆောင်လာခဲ့တဲ့ ဗိုလ်ကြီးသုတဟာ စစ်တပ်က အာဏာသိမ်းပြီးပြီးချင်း CDM လုပ်ချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အချိန်စောင့်ဆိုင်းပြီး အာဏာသိမ်းပြီး တစ်နှစ်ကျော်ခန့်ကြာမှ CDM လုပ်လာရတယ်လို့ သူကဆိုပါတယ်။
“ပထမဆုံး ကျွန်တော်တို့ CDM မလုပ်ခင်မှာ အမျိုးသမီးနဲ့တိုင်ပင်တယ်။ ငါတော့လုပ်ချင်နေပြီ။ ဒါပေမဲ့လည်း ကျွန်တော်တို့တွေက နောက်ဆက်တွဲဖြစ်လာမယ့် ကိစ္စတွေကို အများကြီးစဉ်းစားရတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ပိုပိုပြီးတော့ ရက်စက်ကြမ်းကြုတ်လာတဲ့အချိန် ကျွန်တော်တို့က CDM လုပ်ချင်လာတဲ့အတွက် ကျွန်တော်တို့အစီအစဉ်ဆွဲပြီး CDM လုပ်ခဲ့ကြတယ်။ စိတ်ဓာတ်ကျတာ၊ ပင်ပန်းတာတော့ မရှိဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့က ကိုယ်လုပ်ချင်လို့ ကိုယ့်ဆုံးဖြတ်ချက်နောက်ကိုလိုက်ခဲ့တာဖြစ်တဲ့အတွက် နောင်တလဲ မရှိဘူး။”
သူ လူငယ်ဘဝတုန်းက ယူနီဖောင်းဝတ်စစ်သားတွေကို အထင်ကြီး အားကျခဲ့တာကြောင့် စစ်တပ်ထဲကို ဝင်ခဲ့တာဖြစ်ပေမဲ့ ကြာလာတာနဲ့အမျှ လက်အောက်ငယ်သားတွေအပေါ် စစ်တပ်က မတရားဖိနှိပ်တာတွေကို မြင်ကတည်းက စိတ်ပျက်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ ၂၀၀၀ ခုနှစ်ကျော် လူငယ်ဘဝတုန်းက စစ်သားလုပ်ချင်တော့ တပ်ထဲဝင်လိုက်တယ်။ တပ်ထဲဝင်ပြီးတော့ အချိန်တစ်ခုရောက်တဲ့အခါ တပ်မတော်အကြောင်းကို ကောင်းကောင်းသိလာတယ်။ သိလာတဲ့အချိန်မှာ မကြိုက်တော့ဘူး။ စိတ်တွေညစ်လာတယ်။ ဒါပေမယ့် အခု အာဏာသိမ်းမှုကြီးဖြစ်လာတဲ့ အချိန်မှာ ပိုပြီး ရုန်းထွက်ချင်လာတယ်။ ဘာလို့လဲဆိုတော့ အကြမ်းဖက်စစ်တပ်ကနေပြီးတော့ ပြည်သူတွေကို မတရားနှိပ်စက်အနိုင်ကျင့်တာတွေရှိတယ်။ ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်လာတာတွေရှိတယ်။ ဒါတွေကို မြင်ရတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ ပိုပြီးတွန်းအားဖြစ်လာစေခဲ့တယ်။“
လက်ရှိ တပ်မတော်သားတွေရဲ့အခြေအနေတွေကလည်း စစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေကြောင့် ယူနီဖောင်းဝတ်ပြီးတောင် အပြင်မထွက်ရဲကြသလို တပ်အတွင်း အထက်အမိန့်နာခံမှုတွေလည်း ကျဆင်းနေပြီး အထက်အရာရှိနဲ့ လက်အောက်ငယ်သားတွေအကြား မကြာခဏ ပြဿနာတက်မှုတွေလည်း ကြုံနေရတယ်လို့ ဗိုလ်ကြီးသုတက ပြောပါတယ်။
“တပ်ထဲမှာအုပ်စုကွဲနေတယ်။ တပ်မှတပ်ပဲဆိုတဲ့ လူတွေကလည်း မရှိဘူးလို့ မပြောလိုဘူး။ ရှိတယ်။ နောက်တစ်ခုက ရွံရှာပြီးတော့ တပ်ကိုမုန်းပြီး ရွံရှာနေတဲ့ သူတွေလည်း တဖြည်းဖြည်း များလာပြီ။ ဘာလို့လဲဆိုတော့ အခြေအနေတွေက ပိုပြီးတော့ဆိုးလာတဲ့အတွက်။ အရင်က မဖြစ်ခဲ့တဲ့ ကိစ္စတွေ၊ အရာရှိနဲ့ အောက်လက်ငယ်သားနဲ့ အရင်ကဆို မဖြစ်ခဲ့တဲ့ကိစ္စတွေမှာ ကျွန်တော်တို့ ထွက်မလာခင်မှာ ပြဿနာတက်တဲ့ကိစ္စတွေ တဖြည်းဖြည်းနဲ့ ဖြစ်လာကြတယ်။ တဖြည်းဖြည်းနဲ့ မခံစားနိုင်တော့ဘူး။ မကြိုက်တော့ဘူး။ ရုန်းထွက်ချင်နေပြီ။”
တပ်တွင်းမှာ ဘယ်လောက်ပဲ သတင်းအမှောင်ချချ၊ အချို့က ပြင်ပ ပကတိအခြေအနေတွေကို သိရှိနားလည်နေပြီး CDM လှုပ်ရှားမှုမှာ ပါဝင်နိုင်ဖို့ စိတ်အားထက်သန်နေကြတယ်လို့လည်း သူက ပြောပါတယ်။
ဗိုလ်ကြီးသုတဟာ CDM လုပ်လာပြီး လွတ်မြောက်နယ်မြေကို ဇနီးဖြစ်သူနဲ့အတူ ခက်ခက်ခဲခဲ ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။ နယ်စပ်မှာ တရားမဝင်နေထိုင်နေရတာကြောင့် သူတို့ဇနီးမောင်နှံအတွက် အခက်အခဲတွေ ကြုံခဲ့ရပေမဲ့ ဒီအခက်အခဲတွေကို အားအင်အပြည့်နဲ့ ကျော်ဖြတ်နေတယ်လို့ သူက ပြောပါတယ်။
“ဒီဘက်မှာ တရားမဝင်နေထိုင်နေရဲ့အတွက် အထိုက်အလျောက်တော့ အခက်အခဲရှိတယ်။ သွားရေး၊ လာရေး၊ နေရေးထိုင်ရေးအတွက် အခက်အခဲရှိတယ်။ ဒါပေမဲ့ ကျွန်တော် အခုဆိုရင် သမာအာဇီဝကျကျ ကွမ်းယာရောင်းတယ်။ ပြီးရင် ဆိုင်ကယ်ကယ်ရီဆွဲတယ်။ အားတဲ့အချိန် သတင်းမီဒီယာတစ်ခုမှာ ဗီဒီယိုတည်းဖြတ်လုပ်တယ်။ အဲတော့ အဆင်ပြေတယ်။ အခက်အခဲတွေရှိပေမဲ့ ကိုယ့်ထက် ခက်ခဲနေတဲ့သူတွေရှိတဲ့အတွက် ကျွန်တော်တို့အတွက် ဒီအခြေအနေက ဘာမှမဟုတ်ဘူး။ ကျွန်တော်တို့မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်ဆိုင်ပြီးတော့ ဖြေရှင်းနေတယ်။“
ဒီလို အခက်အခဲတွေရှိခဲ့တာကြောင့် သူ့လို ဘဝတူ CDM တွေရဲ့အခက်ခဲတွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ ပြည်သူ့မေတ္တာဆိုတဲ့အဖွဲ့ကို ၂၀၂၃ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ စတင်ထူထောင်ပြီး မိသားစု ၁၅ စုကို လစဉ် ဆန်နဲ့ ဆီ ထောက်ပံ့ပေးခဲ့သလို အလုပ်အကိုင်အခွင့်အလမ်းအတွက်လည်း တခြားအဖွဲ့တွေနဲ့ ချိတ်ဆက် စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပြည်သူ့တပ်မတော်သားတွေအနေနဲ့လည်း ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကနေ ရုန်းထွက်ပြီး CDM လုပ်ကြဖို့ ဗိုလ်ကြီးသုတက တိုက်တွန်းလိုက်ပါတယ်။
“ကျွန်တော်တို့နဲ့ တူတူတာဝန်ထမ်းဆောင်ခဲ့တဲ့ ညီအစ်ကိုတွေ၊ ရဲဘော်ရဲဘက်တွေ၊ ဆရာတွေတပည့်တွေကို ပြောချင်တာက သူတို့ရဲ့ မြဝတီသတင်းတို့ တခြားလော်ဘီတွေရဲ့ စကားတွေကိုယုံမနေဘဲနဲ့ ပြင်ပအခြေအနေတွေကို ထွက်ကြည့်စေချင်တယ်။ နောက်တစ်ခုက CDM ကိုလည်း ရဲရဲဝံ့ဝံ့လုပ်စေချင်တယ်။"