CDM တွေ ရေရှည်ရပ်တည်နိုင်ဖို့ မဲဆောက်မှာ တောင်ယာလုပ်နေကြရ
2023.11.13
စစ်ကောင်စီအာဏာသိမ်းတာကို ဆန့်ကျင်နေကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းအများစုဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လာရောက်တိမ်းရှောင်နေကြပြီး ရေရှည်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေဖို့ တောင်ယာလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်း သုံးခုကျော်လောက်ကတည်းက မဲဆောက်မြို့မှာလာရောက်အခြေချနေထိုင်ကြတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ ထိုင်းလူမျိုး မြေပိုင်ရှင်တွေဆီကနေ မြေငှားပြီး ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံပင်တွေကို စိုက်ပျိုးရောင်းချနေကြတာဖြစ်ပါတယ်။
အခုဆိုရင် မဲဆောက်မြို့မှာ ရွှေ့ပြောင်းမြန်မာလုပ်သား သုံးသိန်းနီးပါးလောက်ရှိနေပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရောက်လာကြသူက လေးသောင်းနီးပါးအထိရှိနေပြီလို့ မဲဆောက်အခြေစိုက် အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။
ထိုင်းနိုင်ငံထဲမှာနေထိုင်ခွင့်ရဖို့ အထောက်အထားလုပ်ကြရသလို အလုပ်လုပ်မယ်ဆိုရင်လည်း အလုပ်ရှင်ဆီကရထားတဲ့ အလုပ်လုပ်ကိုင်ခွင့်အထောက်အထားတွေနဲ့ ထိုင်းအာဏာပိုင်တွေဆီမှာ လျှောက်ထားကြရပါတယ်။
ရေရှည်ရပ်တည်နိုင်ဖို့ အလုပ်ရွေးနေလို့မရတဲ့အပြင် အလုပ်တစ်ခုရဖို့ကခက်ခဲလို့ မဲဆောက်မြို့ပြင်ကျေးရွာတွေက တောင်ယာစိုက်ခင်းတွေထဲမှာ မြေငှားပြီး တောင်ယာစိုက်ပျိုးကြရတာလို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။
မဲ့ဆောက်မြို့မှာ တောင်ယာစိုက်ပျိုးရေးလုပ်ကိုင်ကြသူအများစုဟာ အခုဆိုရင် မြန်မာလူမျိုးတွေ ဖြစ်ကုန်ကြ ပြီး ထိုင်းနိုင်ငံသားတွေက ခုလိုစိုက်ပျိုးရေးလုပ်ငန်းတွေကို မလုပ်ကြတော့ဘူးလို့လည်း သိရပါတယ်။
ဖိုးလေးငယ်ဟာ ကရင်တိုင်းရင်းသားဖြစ်ပြီး မဲ့ဆောက်မြို့မှာ အခြေချနေတာ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ နောင်ဘွားရွာရဲ့ လက်ထောက်အုပ်ချုပ်ရေးမှုးဖြစ်သလို မြန်မာပြည်ထဲကနေ ခုလိုနိုင်ငံရေးကြောင့် ရောက်လာကြသူတွေကို ကူညီပေးနေသူလည်း ဖြစ်ပါတယ်။
မဲဆောက်မြို့မှာ စပါး၊ ပြောင်း၊ ပဲ၊ ပန်း၊ ဟင်းသီးဟင်းရွက်မျိုးစုံတို့စိုက်ပျိုးတဲ့ တောင်ယာစိုက်ခင်း ဧကပေါင်း တစ်သိန်းကျော်လောက်ရှိတယ်လို့လည်း ဖိုးလေးငယ်က ပြောပါတယ်။
တောင်ယာစိုက်ပျိုးလုပ်ကိုင်ကြသူတွေဟာ စိုက်ပျိုးရရှိတဲ့သီးနှံတွေကို မဲဆောက်စျေးကြီးထဲမှာပဲ ရောင်းချဖို့ စျေးကွက်ရှိတဲ့အတွက် တစ်နှစ်စာဝမ်းရေးဖူလုံရုံလောက်သာရကြပြီး ပိုလျှံတဲ့အထိတော့ မရကြဘူးလို့ တောင်ယာစိုက်ပျိုးသူတွေက ပြောကြပါတယ်။
ထိုင်းအခေါ် (လိုက်) လို့ခေါ်တဲ့ မြေကွက်နှစ်ကွက်ကျော်ဆိုရင် တစ်ဧကလောက်ရှိပြီး ၁၆ လိုက် အတွက် ထိုင်းဘတ် ၁၃၀၀၀ ပေးရတယ်လို့ ဆိုပါတယ်။
မြေပိုင်ရှင်ထိုင်းလူမျိုးတွေဆီမှာ တန်ခူးလ (ဧပြီလ) ကနေစပြီး တစ်နှစ်စာစိုက်ပျိုးလုပ်ကိုင်ဖို့အတွက် မြေငှားရမ်းခပေးကာ လုပ်ကိုင်ကြရတာပါ။
မဲ့ဆောက်မြို့ကထွက်တဲ့ သီးနှံတွေထဲမှာ ပြောင်း၊ မေမြို့ပန်း၊ ချဉ်ပေါင် တို့ဆိုရင် မဲ့ဆောက်စျေးကြီးထဲက ကုန်သည်တွေကနေတစ်ဆင့် ဘန်ကောက်၊ ချင်းမိုင် နဲ့ ချွန်ဘူရီ တို့လို မြို့ကြီးတွေအထိ ပို့ကြတယ်လို့ တောင်ယာလုပ်သူတွေက ပြောပါတယ်။
အမြတ်များများမရပေမယ့် ခုလိုတောင်ယာလုပ်နေရတာကိုပဲ ပျော်နေပါပြီလို့ မဲဆောက်မြို့ရောက်တာ အနှစ် ၂၀ နီးပါးရှိနေပြီဖြစ်တဲ့ ကရင်တိုင်းရင်းသား ကိုအကျော် က ပြောပါတယ်။
ကိုယ့်နိုင်ငံထဲ တည်ငြိမ်အေးချမ်းလို့ အလုပ်အကိုင် အခွင့်အလမ်းရှိရင် အိမ်ပြန်ချင်ကြတယ်လို့ မဲ့ဆောက် ရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေက ပြောကြပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ CDM ဝန်ထမ်းတစ်ချို့ကလည်း တောင်ယာလုပ်ငန်းခွင်ထဲကနေ ဘယ်တော့ အိမ်ပြန်ရမလဲဆိုတာကို စောင့်မျှော်နေကြတယ်လို့ ပြောကြပါတယ်။