ပြည်သူကို အကြမ်းမဖက်ချင်တဲ့ ရဲတပ်သား

RFA Burmese
2024.03.21
ပြည်သူကို အကြမ်းမဖက်ချင်တဲ့ ရဲတပ်သား ထိုင်းနယ်စပ်မြို့ရောက် CDM ရဲတပ်သား ကိုကျော်စွာ (အမည်လွှဲ)။
Photo: RFA

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသလို ဝန်ထမ်းတွေကလည်း အကြမ်းမဖက်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM လုပ်ခဲ့ကြပါတယ်။

ဆန္ဒပြလူထုကို အကြမ်းဖက်နှိမ်နင်းတာ၊ အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်တာတွေ မလုပ်ချင်တဲ့အတွက် CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့တဲ့သူကတော့ လုံခြုံရေးအရအမည်လွှဲထားတဲ့ ရဲတပ်သား ကျော်စွာပါ။

“ကိုယ်က ဒီလိုမျိုး အကြမ်းဖက်နှိမ်နင်းဆောင်ရွက်တာတွေကို ကိုယ်မလုပ်ချင်ဘူး။ အဲဒီတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီအဖွဲ့မှာ ကျွန်တော်ရှိနေခဲ့ရင် တစ်ချိန်တစ်ခုမှာ ကဲ သွား မင်း ဆန္ဒပြတဲ့ ပြည်သူတွေ ဖြိုခွင်း၊ ရိုက်နှက်၊ ပစ်ခတ် ဆိုတဲ့ အမိန့်ပေးလာခဲ့ရင် ကျွန်တော်ရှိနေခဲ့ရင် ဆောင်ရွက်ရမယ်လေ။ အဲဒီတော့ ကျွန်တော် အဲဒီအချိန်ရောက်ရင် ကျွန်တော့်မှာ ရှောင်လွှဲလို့မရတော့ဘူး။ ဒီလိုစဉ်းစားချက်တွေ စဉ်းစားမိတဲ့အခါမှာကျတော့ ပိုပြီး ဆုံးဖြတ်ချက်ခိုင်မာသွားတယ်။ ဒီအခြေအနေကို မရောက်ခင်မှာပဲ ငါမြန်မြန် လမ်းခွဲတာကောင်းမယ်ဆိုတဲ့ စဉ်းစားချက်ပေါ့"

သူ့ရဲ့မိဘနှစ်ဦးစလုံးက အစိုးရဝန်ထမ်းတွေဖြစ်တဲ့အတွက် ဝန်ထမ်းဖြစ်ချင်တဲ့စိတ်နဲ့ ရဲတပ်ဖွဲ့ထဲကို ကိုကျော်စွာ ဝင်ရောက်ခဲ့တာပါ။ နေပြည်တော်ရဲတပ်ဖွဲ့မှာ ရှစ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေမဲ့လုပ်ရပ်တွေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို လက်မခံနိုင်တာကြောင့် အာဏာသိမ်းပြီး တစ်လအကြာမှာပဲ လူထုနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

"အလုပ်လုပ်နေခဲ့တဲ့ ကာလမှာတော့ ကိုယ့်အလုပ်ကိုယ် လေးလေးစားစားပဲလုပ်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာတော့ မထင်မှတ်ထားတဲ့ ကိုယ်လုပ်ခဲ့တဲ့ ကိုယ်လေးစားခဲ့ရတဲ့အလုပ်က မမှန်မကန်၊ တရားဥပဒေဖက်ကနေ ရပ်တည်ဆောင်ရွက်ရမယ့်အဖွဲ့အစည်းတစ်ခုကတရားဥပဒေမဲ့ လက်လွတ်စပါယ် ဆောင်ရွက်နေတာကတော့ ကျွန်တော်တို့အတွက် လက်ခံလို့မရတော့တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်သွားတဲ့အတွက် စိတ်မကောင်းဘူး"

ရဲတပ်သားကျော်စွာဟာ CDM လုပ်ခဲ့ပြီးနောက် သူ့ရဲ့လုံခြုံရေးအတွက် ပြည်တွင်းမှာပဲ ကာလအတန်ကြာ ပုန်းရှောင်နေခဲ့ပြီးနောက်ပိုင်းမှာ ထိုင်းနယ်စပ်ကို ထွက်ပြေးလာခဲ့ပါတယ်။

ထိုင်းနယ်စပ်မြို့တွင် အဝယ်တော်အလုပ်လုပ်ကိုင်နေသည့် CDM ရဲတပ်သား ကိုကျော်စွာ (အမည်လွှဲ)။
ထိုင်းနယ်စပ်မြို့တွင် အဝယ်တော်အလုပ်လုပ်ကိုင်နေသည့် CDM ရဲတပ်သား ကိုကျော်စွာ (အမည်လွှဲ)။

ထိုင်းနယ်စပ်မြို့လေးကို ရောက်ခါစက သူ့ဘဝရပ်တည်နိုင်ဖို့အတွက် ရရာအလုပ်ကြမ်းတွေကို သူ လုပ်ကိုင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူပို့ဆောင်ပေးတဲ့ အဝယ်တော်အလုပ်လုပ်ပြီး စားဝတ်နေရေးကို သူဖြေရှင်းနေရပါတယ်။

“အစကတော့ ဒီမှာရောက်ရောက်ချင်း ကျွန်တော် ကုန်တင် ကုန်ချတို့၊ ပန်းရန်တို့ အလုပ်ကြမ်းတွေ လုပ်တယ်။ အလုပ်ကြမ်းလုပ်ရင်းနဲ့မှ နောက်ပိုင်း အပေါင်းအသင်းမိတ်ဆွေတွေ ရှိလာတယ်။ ဒီလိုနဲ့မှ တဖြည်းဖြည်း ပစ္စည်းပို့တဲ့အလုပ်ကို ဆောင်ရွက်ပါတယ်။ ပျမ်းမျှကတော့ ကျွန်တော်တစ်နေ့ ဘတ် ၃ဝဝ ၊ ၃၅ဝ လောက်ကတော့ ဝင်ငွေရှိပါတယ်။ ဒါဆိုရင်တော့ ဒီဘက်မှာ တစ်ရက်စာ လုပ်ခလစာအနေနဲ့ကတော့ လုံလောက်ပါတယ်"

အခုဆိုရင် စစ်တပ်အာဏာသိမ်းတာ သုံးနှစ်ကျော်လာခဲ့ပြီဖြစ်ပြီး ပြည်သူတွေရဲ့ ဘဝတွေ၊ အသက်အိုးအိမ်တွေလည်း များစွာ ဆုံးရှုံးနေရတာကြောင့် လက်ရှိ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေအနေနဲ့ အလေးအနက်စဉ်းစားပြီး ဘယ်ဘက်မှာ ရပ်တည်မလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို အမြန်ဆုံးချသင့်တယ်လို့ ရဲတပ်သားကျော်စွာက ဆိုပါတယ်။

“ကိုယ်ချင်းစာစိတ်ရှိရင်၊ လူသားဆန်တဲ့စိတ် ရှိတယ်ဆိုရင်ပဲ ဆုံးဖြတ်လို့ရတဲ့ ကိစ္စတွေပဲ။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီရဲ့အလိုတော်ရှိတွေအနေနဲ့ လူသားဆန်တဲ့စိတ်၊ ကိုယ်ချင်းစာတဲ့စိတ်ရှိရင် ဘယ်ဘက်မှာ ရပ်တည်သင့်လဲဆိုတာ သူတို့သိနိုင်မှာပါ"

သူ့အနေနဲ့လည်း တော်လှန်ရေးကြီးမပြီးမချင်း အခုလိုရုန်းကန်လှုပ်ရှားရင်း တော်လှန်ရေးအတွက် နိုင်ရာတာဝန် ဆက်လက်ထမ်းဆောင်သွားမယ်လို့ CDM ရဲတပ်သား ကိုကျော်စွာက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။