အာဏာရှင်စနစ်ကျဆုံးမယ့်နေ့ကို စောင့်မျှော်နေတဲ့ ဇနီးများ
အနားမှာမရှိတဲ့ ဖခင်အကြောင်းမေးရင်း အသက် နှစ်နှစ်ခွဲအရွယ် ကလေးတစ်ယောက် သူ့ဖခင်ကို စစ်ဘေး ဒုက္ခသည်စခန်းကနေ ညတိုင်းမျှော်နေပါတယ်။
ထိုင်း-မြန်မာနယ်စပ်အနီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်နယ်မြေမှာရှိတဲ့ ဒုက္ခသည် စခန်းတစ်ခုမှာ ဒေါ်ဘောမြာ တစ်ယောက် သူ့သားလေးနဲ့အတူ အခုလိုဖြတ်သန်းနေတာ သုံးလနီးပါး ရှိနေပါပြီ။
"သူထောင့်မှာသွားနေပြီး ပါပါး လာခဲ့တဲ့။ သူညအိပ်လို့ရှိရင် သူထလာရင် ပါပါးတဲ့ သူလိုက်ရှာတယ်။ သူ့အဖေအင်္ကျီတွေ သွားယူပြီး သူဖက်အိပ်တယ်။ အင်္ကျီတစ်ထည်ဆို ကျမ မခေါက်သိမ်းတော့ဘူး။ ကျန်တဲ့ဟာဆို အကုန်ခေါက်သိမ်းပြီးတော့ အပေါ်တင်ထားတယ်။ ကျမတို့ဟာနဲ့ ရောမှာစိုးလို့ အဲဒီ တစ်ထည်ဆို သူ့ခေါင်းရင်းမှာ ထားလိုက်၊ သူသွားတဲ့နေရာ ယူသွားလိုက် အဲမျိုးလုပ်တယ်။ အဲဒီ တစ်ထည်ဆို အမြဲ သူယူထားတယ်"
ကလေးရဲ့ဖခင်ဟာ CDM ရဲတစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ဖို့ ကရင်နီတပ်မတော်ထဲမှာ စစ်ရေးလေ့ကျင့်နေတာကြောင့် သူတို့ သားအမိနဲ့ အတူရှိမနေနိုင်တာပါ။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ပြည်သူတွေ အကြမ်းဖက် သတ်ဖြတ်ခံနေရချိန်မှာ သူ့အမျိုးသားရဲ့ အာဏာရှင်ဆန့်ကျင်ရေး ပြင်းပြတဲ့ဆန္ဒကို ဒေါ်ဘောမြာ တစ်ယောက် ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုခဲ့ပါတယ်။
"သူက ဘယ်လိုပြောလဲဆိုရင် ရွာသားတွေတောင်မှ ထပြီး တိုက်ခိုက်နေတာပဲ။ ငါတို့တွေက လက်နက် အကြောင်းလည်း သိထားရဲ့သားနဲ့ ပြန်မတော်လှန်ဘူးဆိုရင် ငါတို့က ယောက်ျား မဟုတ်ဘူး။ ထရမှာပဲ။ တော်လှန်မှာပဲ။ သေသေရှင်ရှင် အဲလိုမျိုးပြောတယ်။ သူဘယ်လိုပြောလဲဆိုရင် ငါ့မိသားစု သူကျမကို ဘယ်လောက်အထိ ပြောလဲဆိုရင် ငါ့မိသားစု ကျမတို့ မိသားစုကို မချစ်လို့မဟုတ်ဘူးတဲ့။ နင်လည်း နင့်သား သေသွားရင် နှစ်ယောက်ပဲတဲ့။ ငါတို့ လူများကိုကယ်တာ တစ်နေရာမှာ လူဆယ်လောက်လောက် ကယ်နိုင်ရင်လည်း ဆယ်ယောက်ဆိုတော့ အသက် ၁၀ သက်ပေါ့နော်။ ငါ့မိသားစု ဆုံးရှုံးသွားရင် အသက် နှစ်သက်ပဲ။ သူအဲလောက်အထိ ကျမကိုပြောတာ။ အဲဒီတော့ သူ အဲလိုမျိုးပြောတော့ တစ်ခါတလေ ကျမ တွေးတော့ သူကျမတို့ကို မချစ်ဘူးလားပေါ့။ တွေးတယ် ဝမ်းနည်းတယ်။ တစ်ဘက်ကနေတွေးလည်း သူ့ဟာမှန်တာပဲ။ ဒီချိန်မှာလည်း အဲဒီဘက်ပဲ တအား စိတ်အားထက်သန်တယ်လေ"
စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်ကိုဖီဆန်ပြီး CDM လုပ်ကြတဲ့ အစိုးရဝန်ထမ်းတွေထဲမှာ ကယားပြည်နယ်မှာဆိုရင် ရဲ CDM က အများဆုံးဖြစ်ပါတယ်။
ဒေါ်ဘောမြာရဲ့ အမျိုးသားဟာ ကယားပြည်နယ် ရှားတောမြို့မ ရဲစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။
CDM ဝင်တယ်ဆိုတဲ့ သတင်းကြောင့် စစ်တပ်က အဲဒီရဲစခန်းကို မရောက်လာခင်လေးမှာပဲ သားအမိ နှစ်ယောက်ဟာ မိသားစုတန်းလျားကနေ သီသီလေး ထွက်ပြေးလာခဲ့ကြရပါတယ်။
တောတောင်ထဲမှာ အစာရေစာ ပြတ်လပ်ပြီး အချိန်တစ်လလောက် ထွက်ပြေးပုန်းရှောင်ရင်း နောက်ဆုံးတော့ ထိုင်း-မြန်မာနယ်စပ်အနီးက ဒီဒုက္ခသည်စခန်းဆီကို ရောက်လာခဲ့တာပါ။
စစ်အာဏာရှင်ကို တော်လှန်ရာမှာ ကျရာတာဝန်ကို ထမ်းဆောင်ဖို့ သူတို့ရဲ့အမျိုးသားတွေ ထွက်ခွာသွား ပြီးနောက် အခု ဒီဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ဒေါ်ဘောမြာတို့လို အမျိုးသမီးပေါင်း ၄၀ ကျော်ရှိပါတယ်။
"မကောင်းတာကို ကောင်းတယ်လို့ မထောက်ခံနိုင်ဘူးလေ။ မတရားတာကို တရားတယ်လို့ မပြောနိုင်ဘူး"
သူတို့အမျိုးသားတွေဟာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ရှေ့တန်းမှာ ဆေးမှူးတာဝန်၊ ကယ်ဆယ် ရေးတာဝန်တွေအပြင် တိုက်ပွဲဝင်နေတဲ့ ကရင်နီတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေမှာ အသီးသီး တာဝန်ထမ်းဆောင်နေကြတာပါ။
ဒီအမျိုးသမီးတွေဟာ အရင်က သူတို့အမျိုးသားတွေရဲ့ လစာနဲ့ ရပ်တည်ခဲ့ကြပေမယ့် အခုတော့ စစ်ဘေး ဒုက္ခသည်စခန်းမှာ အလှူရှင်တွေရဲ့အကူအညီကိုပဲ အားကိုးနေကြရပါတယ်။
ကရင်နီအမျိုးသမီးအစည်းအရုံးက မော်ဖရေမြာဟာ ဒုက္ခသည်စခန်းကို ခိုလှုံလာကြတဲ့ အဲဒီအမျိုးသမီးတွေ အပါအဝင် မိတကွဲ၊ ဖတကွဲ ရောက်လာတဲ့ ကလေးတွေကိုပါ တတ်နိုင်သလောက် ကူညီပေးနေသူတစ်ဦးပါ။
"အဓိက မိဘမဲ့ကလေးမျိုးတွေ နောက်ပြီးတော့မှ သူများနဲ့ အနီးကပ်သွားနေတာမျိုး ဆိုလို့ရှိရင်တော့ ကျမ တို့က ပိုပြီးတော့မှ သွားကြည့်ပြီး ဥပမာ ဟင်းခွက်ပန်းကန်ကအစ ဘယ်လိုမျိုးလိုအပ်လဲ၊ နောက်ပြီးလို့ ရှိရင် စောင်တွေပေါ့နော်၊ စောင်တွေဆိုလို့ရှိရင် လုံလောက်ရဲ့လား။ နောက်ပြီးတော့ သူများထုတ်ပေးနေတဲ့ ရိက္ခာတွေမှာကော သူတို့အတွက် လုံလောက်မှုရှိရဲ့လားပေါ့နော်။ နောက်ပြီးတော့မှ တစ်ကိုယ်ရေ သန့်ရှင်း ရေးနဲ့ဆိုင်တဲ့ အမျိုးသမီး အသုံးအဆောင်ပစ္စည်းတွေ၊ ပြီးလို့ရှိရင် ဒီကျန်းမာရေးနဲ့ ဆိုင်တဲ့ အသုံးအဆောင် ပစ္စည်းတွေကအစပေါ့၊ ဘာတွေလိုအပ်နေလဲ လိုအပ်မှုရှိတယ်ဆိုတဲ့အပေါ်မှာ သွားမေးမြန်းပြီး သူတို့ရဲ့ လိုအပ်ချက်အပေါ်မှာ ကျမတို့ အတတ်နိုင်ဆုံး ကူညီပေးတာမျိုးရှိပါတယ်"
ပဲသီး၊ အာလူး၊ ကြက်ဥ၊ မြေပဲ၊ ဆီ၊ ခရမ်းသီး အစရှိတဲ့ စားနပ်ရိက္ခာတွေကိုလည်း ကရင်နီအမျိုးသမီး အစည်းအရုံးအဖွဲ့က ခွဲတမ်းစနစ်နဲ့ ကူညီပေးနေပါတယ်။
ဒုက္ခသည်စခန်းမှာ နေရေးထိုင်ရေး ခက်ခဲပေမယ့် ဒေါ်ဘောမြာကတော့ သူ့အမျိုးသားရဲ့ ရွေးချယ်မှုကို ထောက်ခံအားပေးနေပါတယ်။
"ဒီနိုင်ငံရေးကို ပြောချင်တာက သူတို့က မတရားလုပ်တာပဲကိုး။ မတရားလုပ်တော့ ကျမတို့လည်း ကိုယ့်လူမျိုး အချင်းချင်းကိုပဲ မတရားလုပ်တာတော့ ဘယ်သူကမှ ငြိမ်ပြီးတော့ ကြည့်မနေချင်ဘူးလေ။ ကျမတို့ကလည်း ရဲတစ်ယောက် ဘယ်လိုပြောရမလဲ။ သူတို့အစိုးရဝင် တစ်ယောက်ပဲ။ ဒါပေမဲ့လည်း မကောင်းတာကို ကောင်းတယ်လို့ မထောက်ခံနိုင်ဘူးလေ။ မတရားတာကို တရားတယ်လို့ မပြောနိုင်ဘူး။ တခြားလူတော့ ပြောရင်ပြောမှာပေါ့။ ကျမကတော့ မပြောနိုင်ဘူး။ ဒါကြောင့်မိုလို့ သူ့အဖေ ရွေးချယ်တဲ့ လမ်းပဲ ကျမလိုက်တယ်။ သူ့အဖေ ရွေးချယ်တဲ့လမ်း မှားမှားမှန်မှန် သူ့အဖေက မှန်တယ်ဆိုရင် ကျမလည်း မှန်တယ်"
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး အချိန်ရှစ်လကျော် ကြာလာတဲ့အထိ ပြည်သူတွေ နေ့စဉ်နဲ့အမျှ သေဆုံးနေကြရဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီအပေါ် ရရာလက်နက်နဲ့ ခုခံတော်လှန်မှုတွေကလည်း နိုင်ငံတစ်ဝန်းမှာ ပြင်းထန် နေဆဲပါ။
ဒေါ်ဘောမြာကတော့ အာဏာရှင်စနစ်ကျဆုံးပြီး သူ့သားလေးနဲ့ ဖခင်တို့ ပြန်ဆုံနိုင်မယ့်နေ့ကို စောင့်မျှော် နေပါတယ်။