ခံယူချက် မပြောင်းတဲ့ CDM ဆရာမ
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က လုပ်သက် ၂၅ နှစ်ရှိတဲ့ အလယ်တန်း ကျောင်းဆရာမ ဒေါ်ယုဝါဟာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ အလုပ်ထုတ်ခံထားရသူပါ။
ကျောင်းဆရာမ လစာကို အဓိကမှီခိုနေရတဲ့ ဒေါ်ယုဝါတို့ မိသားစုဟာ သူ CDM ဝင်လို့ မေလမှာ အလုပ်ထုတ် ခံခဲ့ရပြီးနောက်ပိုင်း ပိုပြီးကျပ်တည်းလာတဲ့ နေ့စဉ်စားသောက်ရေးအပြင် လှိုင်သာယာမှာ နိုဝင်ဘာလက ကျုးကျော်တွေအဖျက်ခံရတဲ့အခါမှာလည်း ဒေါ်ယုဝါရဲ့ ပျဉ်ခင်း၊ သွပ်မိုးအိမ်လေးလည်း ပါသွားခဲ့ပါတယ်။ အဲဒါကြောင့် ဆရာမ ဒေါ်ယုဝါတို့မိသားစုဟာ မိတ်ဆွေတစ်ယောက်ရဲ့ အိမ်မှာ ယာယီမှီခိုနေကြရပါတယ်။
“ကိုယ့်အရင် သူများတွေက နှစ်နှစ်ဆယ်လောက်နေတယ်။ ဒီလိုလည်း တစ်ခါမှ အဖျက်မခံရဘူးဆိုတော့ ကိုယ်လည်း ကိုယ့်မှာရှိတဲ့ပိုက်ဆံလေးနဲ့ ဝယ်ရတာပေါ့နော်။ စုဆောင်းထားတာလေးနဲ့ ဝယ်ထားတာ ဒီလိုကျဉ်းထဲ ကြပ်ထဲရောက်မှ တစ်ခါဖျက်ရတယ်ဆိုတော့ ဘယ်သူ့အားကိုးလို့ အားကိုးရမှန်းမသိဘူး။ အဲဒီနေ့က လက်ထဲမှာ ရှစ်သောင်းပဲရှိတယ်။ အဲရှစ်သောင်းနဲ့ အိမ်လိုက်ငှားတာ ဘယ်လိုမှ အဆင်မပြေ ဘူး။ အဲဒါနဲ့အသိတစ်ယောက်က သူတို့အိမ်မှာနေဆိုတာနဲ့ အဲမှာပဲ သောင်တင်သွားတာပေါ့နော်“
အိမ်တိုင်တွေကျိုး၊ မိုးထားတဲ့သွပ်တွေက သုံးမရအောင် စက္ကူတွေလို ပိန်လိမ်သွားတဲ့အထိ အဖျက်ခံခဲ့ရတဲ့ သူ့ရဲ့အိမ်လေးကို ရင်နာနာနဲ့ ကြည့်နေခဲ့ရတာပါ။ အခုတော့ အဖျက်ဆီးခံလိုက်ရတဲ့ အိမ်က သုံးလို့ရ သလောက် သစ်တို၊ သစ်စ အပိုင်းလေးတွေ ပြန်စုဆောင်းထားပြီး မိတ်ဆွေရဲ့ ခြံထဲမှာ တဲသာသာ နေစရာ လေးရအောင် ဆောက်ဖို့ စီစဉ်နေပါတယ်။
"ညဘက်ခွေးဟောင်တိုင်း အိပ်လို့မပျော်ဘူး။ ခွေးဟောင်တိုင်းနိုးပြီး အသံစွင့်နေရတယ်"
အလုပ်ဖြုတ်ခံရပြီး လစာမရတော့တဲ့အခါ သမီးဖြစ်သူရဲ့ ဝင်ငွေ တစ်လနှစ်သိန်းလောက်ကို မကျန်းမာတဲ့ ခင်ပွန်းဖြစ်သူရဲ့ ဆေးဖိုး အပြင်၊ နေ့စဉ်လိုအပ်တဲ့ ဆန်၊ ဆီ၊ ထင်းဖိုးအတွက် ၅ ထောင်လောက်နဲ့ လောက်ငှ အောင်စားနိုင်ဖို့ မိခင်တစ်ယောက်အနေနဲ့လည်း စီစဉ်နေရပါတယ်။
တစ်ချိန်က ဆီပြန်၊ အရည်သောက်ဟင်းနဲ့ ဖွယ်ဖွယ်ရာရာရှိခဲ့တဲ့ ထမင်းပွဲဟာ အခုချိန်မှာတော့ ကန်စွန်းရွက် ကြော်နဲ့ ခေါက်ဆွဲပြုတ်က ပင်တိုင်ဟင်း ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း တော်လှန်ရေးအတွက် အသက်စွန့် လှုပ်ရှားနေတဲ့ လူငယ်တွေထက်စာရင် သူ့ရဲ့ဒုက္ခက မပြောပလောက်ဘူးလို့ ဒေါ်ယုဝါ ခံယူထားပါတယ်။
“ကိုယ်လည်းဘယ်သူ့ဆီကမှ အကူညီမတောင်းဘူး။ တကယ်ဒုက္ခရောက်နေကြတာလေ လူတိုင်း၊ နောက် ပြီး ကိုယ့်ထက်ဆိုးတာက တောထဲကကလေးတွေက ပိုဒုက္ခရောက်နေတော့ မတောင်းရက်တော့ဘူး။ သူတို့က ဘော်ကျော့နေတဲ့ကလေးတွေ မြို့ပေါ်မှာ။ တောထဲရောက်ပြီး သူတို့တွေ အရမ်းဒုက္ခရောက်နေ တယ်။ သူတို့တောင် စားနိုင်သေးတာပဲ ကိုယ်လည်းစားနိုင်တာပေါ့။ ကလေးတွေက ဟင်းမကောင်းလို့ပြော ရင်လည်း တောထဲက ကလေးတွေတောင် ဘယ်လိုစားလဲ ပြောလိုက်ရင် သူတို့လည်း မညည်းတော့ဘူး“
အာဏာဖီဆန်ရေး CDM လုပ်လို့ ထောက်ပံ့ငွေ ငါးသောင်းကို အလှူရှင်တွေဆီက နှစ်ခါပဲ ရဖူးတယ်လို့ ဒေါ်ယုဝါက ပြောပါတယ်။
မဲစာရင်းတွေလိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းတာ၊ ဆန္ဒပြလူငယ်တွေကို ပစ်ခတ်သတ်ဖြတ် တာတွေဟာ မဲရုံမှာတာဝန်ယူခဲ့ရတဲ့ ဒေါ်ယုဝါလို ကျောင်းဆရာမတွေအတွက်က မခံမရပ်နိုင်စရာ ဖြစ်ခဲ့ တာပါ။
ကြည့်မြင်တိုင်မြို့နယ်၊ ပညာရေးမှူးရုံးရှေ့မှာ ဖေဖော်ဝါရီ ၂၈ ရက်က အကြမ်းဖက်ဖြိုခွင်းခံရတာကို ကိုယ် တိုင်ကြုံတွေ့ခဲ့ရတဲ့အခါ၊ ဆန္ဒအတူပြခဲ့တဲ့ ကျောင်းဆရာမ ဒေါ်တင်နွဲ့ရီလို ဘဝတူကျောင်းဆရာမတွေ သေဆုံးရတာတွေဟာ ဒေါ်ယုဝါအတွက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်ဖို့ လုံလောက်တဲ့ အကြောင်းအရင်းတွေ ဖြစ်လာခဲ့ပါတယ်။
“ဖောင်းဆို အသံအကျယ်ကြီးပဲ ဖောက်လိုက်တယ်။ ကျမက ကားဘီးပေါက်တယ်ပဲ ထင်တာ။ ဪ ကားဘီးပေါက်တာပေါ့လို့၊ နောက်မှ တဒိုင်းဒိုင်းနဲ့ ဆက်တိုက်မြည်လာတယ်။ မြည်လာတဲ့အခါကျ ကောင်းကင်ကိုကြည့်လိုက်တော့ မီးခိုးတွေဖုံးနေတာ၊ တကယ်စစ်မြေပြင်ကို ရောက်သွားတဲ့အတိုင်းပဲ၊ ကြောက်လန့်ပြီး အသက်လုပြေးရတာ“
ငယ်ငယ်ကတည်းက စာသင်ရတာကို ဝါသနာပါလွန်းလို့ ကျောင်းဆရာမလုပ်ခဲ့တာဖြစ်တဲ့အတွက် စာသင်ချိန်၊ စာဖတ်သံတွေကြားရတဲ့အချိန်တွေဟာ သူ့အတွက် အပျော်ရွှင်ဆုံး ကာလတွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာ ရှင်အောက်မှာ တာဝန်မထမ်းချင်တဲ့စိတ်၊ မခံချင်တဲ့စိတ်တွေနဲ့ သူဝါသနာပါတဲ့ကျောင်းဆရာမဘဝကို စွန့် လွှတ်ထားခဲ့ရပါတယ်။
CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ဖမ်းဆီးတာတွေရှိတာကြောင့် အိပ်မပျော်တဲ့ညတွေများနေပြီး အခက်ခဲ တွေရှိပေမဲ့လည်း ဒေါ်ယုဝါကတော့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် လုံးဝနောင်တမရပါဘူး။

“ကြောက်တာပေါ့နော်။ ညဘက်ခွေးဟောင်တိုင်း အိပ်လို့မပျော်ဘူး။ ခွေးဟောင်တိုင်းနိုးပြီး အသံစွင့်နေ ရတယ်။ အဲလိုအဖြစ်တွေက စီဒီအမ်ဝင်ကတည်းက ဖြစ်နေတဲ့အဖြစ်တွေ၊ ဘဝမှာ အစိုးရိမ်ရဆုံး အခြေ အနေပဲ အခုဖြစ်နေတာတွေက၊ နေစရာ၊ စားစရာ၊ ဒီရာဇဝတ်ဘေး၊ ဘေးအပေါင်းနဲ့ ရင်ဆိုင်နေရတာ ပေါ့နော်။ နောင်တလည်းမရဘူး။ ဒါပေမဲ့ အမြဲကျေနပ်တယ်။ ငတ်ပေမဲ့လည်း ကျေနပ်နေတယ်“
အာဏာသိမ်းစစ်အုပ်စု ပြုတ်မကျမချင်း ကျောင်းမှာစာမသင်ဖို့ ဒေါ်ယုဝါက ဆုံးဖြတ်ထားပါတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရတက်လာရင်တော့ သူ့မိသားစုရင်ဆိုင်နေရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝလည်း ပြေလည်တိုးတက်လာလိမ့်မယ်လို့ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်ယုဝါက မျှော်လင့်ထားပါတယ်။