စစ်ဘေးသင့်ကလေးတွေ ခိုလှုံရာ ချစ်ခြင်းမေတ္တာ ပရဟိတဂေဟာ

2022.10.27
Share on WhatsApp
Share on WhatsApp
စစ်ဘေးသင့်ကလေးတွေ ခိုလှုံရာ ချစ်ခြင်းမေတ္တာ ပရဟိတဂေဟာ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်ရှိ ချစ်ခြင်းမေတ္တာ ပရဟိတဂေဟာတွင် ခိုလှုံနေကြသည့် ကလေးငယ်များအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ချစ်ခြင်းမေတ္တာ ပရဟိတဂေဟာလေးဟာ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သန်လျင်-ကျောက်တန်း ကားလမ်းမအနီးမှာ တည်ရှိပါတယ်။

 ၂၀၀၅ ခုနှစ် စတင်ဖွင့်လှစ်ချိန်မှာ အနီးဝန်းကျင်က ကလေးငယ်အချို့ကိုသာ ပညာသင်ပေး ရာကနေ အခုတော့ ရန်ကုန်အနီးတစ်ဝိုက်သာမက စစ်ဘေးဒဏ်ခံနေရတဲ့ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ ရခိုင် စတဲ့ ဒေသတွေက အသက် ၁၈ နှစ်အောက် ကလေးတွေနဲ့ အသက် ၁၈ နှစ်အထက် လူငယ်တွေအပါအဝင် စုစုပေါင်း မှီခိုသူ ၁၉၆ ဦးကို စားဝတ်နေရေးနဲ့ ပညာ ရေးကအစ ကူညီစောင့်ရှောက်ပေးနေပါတယ်။

“တိုင်းရင်းသားတွေကတော့ များပါတယ်။  ဒုက္ခရောက်တာတော့ အမျိုးမျိုးပဲပေါ့နော်"

ဘုရားသခင်အဆုံးအမမှာပါဝင်တဲ့  စာငှက်တစ်ကောင်ကိုမျှ အငတ်မထားဘူးဆိုတဲ့အတိုင်း ကလေးတွေကို  မပြည့်စုံရင်တောင် ထမင်းကို ဆားနဲ့ကျွေးပြီး အမိုးအကာအောက်မှာ ပညာ ပြုစုပျိုးထောင်ခြင်းအားဖြင့် ကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးလိုတဲ့ စိတ်တစ်ခုတည်း နဲ့  ဒီဂေဟာလေးကို ဖွင့်လှစ်ခဲ့တာလို့  တည်ထောင်သူ ဒေါ်နန်ခေါန် က  ပြောပါတယ်။

အခုနောက်ပိုင်းမှာ တိုင်းရင်းသား ပြည်နယ်က စစ်ဘေးဒုက္ခသည် ကလေးငယ်တွေ ပိုရောက်လာတယ်လို့ ဒေါ်နန်ခေါန်က ပြောပါတယ်။

“တိုင်းရင်းသားတွေကတော့ များပါတယ်။  ဒုက္ခရောက်တာတော့ အမျိုးမျိုးပဲပေါ့နော်၊ မနှစ်က စောစောပိုင်းကဆို ရှမ်းပြည်ဘက်က စစ်ဘေးရှောင်တဲ့ ကလေးတွေ အယောက် ၂၀ ရောက် လာခဲ့တယ်။ အခု ကိုဗစ်နောက်ပိုင်းမှာလည်း မြစ်ကြီးနားဘက်ကပေါ့ စစ်ဘေးရှောင်ကလေးတွေ ရောက်လာခဲ့တယ်။ နောက်ပြီးတော့ ကရင်ပြည်နယ်ဘက်က စစ်ဘေးရှောင်ကလေးတွေ ရောက်လာခဲ့တယ်။ နောက်ပြီးတော့ ရခိုင်ရောက်တယ်။ နောက်ပြီး ဒီမြို့ရွာအနီးဝန်းကျင်က ကလေးတွေလည်း ရောက်ပါတယ်”

ဒီဂေဟာလေးမှာ ကချင်၊  ကရင်၊  ရှမ်း၊ ပလောင်၊ လားဟူ၊ နာဂ၊ လီဆူ၊ ဗမာ စတဲ့ တိုင်းရင်းသားမျိုးစုံ ခိုလှုံနေပြီး လူမျိုးဘာသာ မခွဲခြားဘဲ စောင့်ရှောက်ပေးနေတယ်လို့ ဒေါ်နန်ခေါန်က ဆိုပါတယ်။

ဒီဂေဟာမှာ အသက် သုံးလ အရွယ်ကနေ အသက် ၂၀ ကျော်အထိ ခိုလှုံနေပြီး သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအဆင့်အထိ တတ်နိုင်သမျှ ပညာသင်ကြား ပေးနေပါတယ်။ ဒုက္ခမျိုးစုံ ကြုံခဲ့ရပြီး မိဘရင်ငွေ့နဲ့ ကင်းကွာနေပေမယ့်  ဒီဂေဟာလေးက လူငယ်တွေမှာ ဘဝရဲ့ရည်မှန်းချက်ကိုယ်စီ ရှိနေပါတယ်။

အသက် သုံးနှစ် အရွယ်ကတည်းက ရောက်လာပြီး အခု အသက် ၂၁ နှစ်အရွယ်ထိ ဒီဂေဟာ ရဲ့ အရိပ်အောက်မှာပဲ ပညာသင်နေဆဲ ကချင်တိုင်းရင်းသား ဘရန်ဆိုင်းအောင် ကတော့ ဒီဂေဟာလေးရဲ့ ကူညီစောင့်ရှောက်မှုကြောင့် ၁၀ တန်းအောင်ပြီးပါပြီ။ ခေတ်ပျက်မှာ တက္ကသိုလ် ဆက်မတက်နိုင်တာကြောင့် အင်္ဂလိပ်စာကို ဒီပလိုမာအောင်လက်မှတ်ရဖို့ ကြိုးစားနေပါတယ်။

ဘဝရဲ့ ခက်ခဲတဲ့ လှေကားထစ်အစကို ဒီဂေဟာလေးက ကူညီဖန်တီးပေးတာကြောင့် ကျေးဇူးအထူး တင်ရတယ်လို့ ဘရန်ဆိုင်းအောင်က ပြောပါတယ်။

“ကျနော်တို့ အပြင်မှာနေမယ်ဆိုရင်တော့ မတတ်နိုင်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ အခုနိုင်ငံရေးအခြေအနေရယ်၊ ကပ်ရောဂါရယ်၊ ပြီးတော့ ကုန်ဈေးနှုန်းတွေ တက်နေ တယ်ဆိုတော့ ကိုယ့်ဟာကိုယ် အပြင်မှာရပ်တည်ဖို့ အဆင်မပြေနိုင်ဘူးပေါ့။ ဒီမှာဆို ရင်တော့ အနောက်ကနေ ထောက်ပံ့တဲ့သူတွေက ရှိတယ်ဆိုတော့ ကိုယ် ဘာဝါသနာ ပါလဲဆိုတဲ့အပေါ် ထောက်ပံ့ပေးတယ်။ ပိုပြီးကျေးဇူးတင်ရတာပေါ့။ ကိုယ့်ရဲ့ဘဝအစပြု ဖို့အတွက် လှေကားထစ် အစပြုတာနဲ့ အတူတူပဲဆိုတော့ လှေကားထစ်ဖောက်ပေးတဲ့သူ ကို ပိုပြီးကျေးဇူးတင်ရတာပေါ့”

ကိုဘရန်ဆိုင်းအောင် ဟာ ကချင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး တည်ထောင်သူ ဒေါ်နန်ခေါန် အနားယူတဲ့အခါ ဒီဂေဟာလေးကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ဖို့ အခု အသက် ၂၁ နှစ်အရွယ်ထိ သူ ဒီမှာ ဆက်ရှိနေတာပါ။

စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် KIA တို့အကြား ကာလကြာရှည် စစ်ပွဲဒဏ်ကို ခံနေရတဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့က အသက် ၁၉ နှစ် အရွယ် မလဘန်လွန်း(မ်)နော် ကတော့ မိဘနှစ်ပါးလုံး မရှိတော့တဲ့အတွက် ဒီဂေဟာလေးကို ရောက်လာတာပါ။ သူနာပြုအကူ သင်တန်းကို တက်ရောက်သင်ကြားထားပြီး ဒီကျောင်းမှာရှိတဲ့ ကလေးတွေကို ကျန်းမာရေး စောင့်ရှောက်ပေးမယ်လို့ သူက ဆိုပါတယ်။

သူဟာ ဘုရားသခင်ရဲ့ အမှုတော်ကို ထမ်းဆောင်ရင်း ရောက်တဲ့နေရာမှာ နာမကျန်းသူတွေ ကို ဆေးကုပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ မလဘန်လွန်း(မ်)နော် က  ပြောပါတယ်။

“ညီမဖြစ်ချင်တာကတော့ Worship leader (ဝတ်ပြုကိုးကွယ်ခြင်းမှာ ဦးဆောင်သူ) ဖြစ်ချင်တယ်။ အခု Diploma တက်ပြီးရင် USA အထိ သွားချင်တယ်။ နိုင်ငံပတ်ပြီးမှ ဧဝံဂေလိ (သာသနာပြု သို့မဟုတ် သတင်းကောင်းဝေမျှခြင်း) လုပ်ချင်တယ်။ ကိုယ့်အိမ် နဲ့ကိုယ် ရှိလာခဲ့ရင်လည်း ဒီအဆောင်က ကလေးတွေကိုတော့ ပြန်ပြီး ပံ့ပိုးပေးချင်တယ်။ ကိုယ်တတ်တဲ့ပညာနဲ့ ကလေးတွေကို ပြန်ဝေမျှချင်တယ်။ အခုဆိုရင် နေမကောင်းတဲ့ ကလေးတွေကို ဆေးကုပေးတယ်။ ပြုစုပေးပြီး ပါဝင်နေပါတယ်”

ဒီဂေဟာကနေ ပညာစုံလို့ ထွက်ခွာသွားသူ ၅၀ ကျော် ရှိပေမယ့် သူကတော့  ဒီကျောင်းက ကလေးတွေကိုပဲ တတ်နိုင်သလောက် ပြန်လည်ပြုစုပျိုးထောင်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

Charity center children (2).JPG
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်ရှိ ချစ်ခြင်းမေတ္တာ ပရဟိတဂေဟာတွင် ခိုလှုံနေကြသည့် ကလေးငယ်များအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီဂေဟာလေးမှာ ခိုလှုံနေသူ နောက်တစ်ဦးဖြစ်တဲ့ မမို့မို့သိင်္ဂီ ကတော့ ရှစ်တန်းအရွယ် ကတည်းက  ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကနေ ရောက်လာသူပါ။ သူက ဒီဂေဟာ လေးရဲ့ အကူအညီနဲ့ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သလို ခရစ်ယာန် ကျမ်းစာ နဲ့အတူ  အင်္ဂလိပ်စာသင်ကြားနေပါတယ်။

သူကတော့ စက်ချုပ်ပညာသင်ပြီး အနာဂတ်မှာ အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက် ဖြစ်ချင်သလို ဒီဂေဟာလေးကိုလည်း ကူညီစောင့်ရှောက်ဖို့ ဆုံးဖြတ်ထားပါတယ်။

“ကျမ်းစာမှာပါတဲ့အတိုင်း နိုင်ငံတော်ရဲ့ ဖြောင့်မတ်ခြင်းကို ရှေးဦးစွာ ရှာကြလော့ ဆိုတဲ့အတိုင်းပဲ ညီမက အရင်ဦးဆုံး ကျမ်းစာကျောင်းကို ရွေးခဲ့တယ်။ လက်ရှိမှာ ကျမ်းစာကျောင်းတက်နေတယ်။ အခု ဒီနှစ်နှစ် ပြီးသွားတဲ့အခါကျတော့ ဒီဇိုင်နာ သင်တန်းတက်ဖို့ ရှိပါတယ်။ ဖြစ်ချင်တာ၊ တက်ချင်တာ ကိုယ်တက်ပြီးသွားရင် ဒီက ကလေးတွေအတွက် ပြန်ပြီးတော့ လက်ဆင့်ကမ်းပေးမယ်ပေါ့။ အဲလိုမျိုး လက်ဆင့်ကမ်း တာတွေလုပ်ဖို့အတွက် ညီမစဉ်းစားထားပါတယ်”

ဒီဂေဟာမှာ ခရစ်ယာန်ဓမ္မတက္ကသိုလ် တက်ရောက်နေသူ ဆယ်ဦးရှိပြီး၊ သူနာပြုအကူ သင်တန်း တက်နေသူ သုံးဦးနဲ့ ကွန်ပျူတာသင်တန်းတက်နေသူ သုံးဦး ရှိပါတယ်။

နေ့စဉ်စားသောက်ရေးအတွက်ကတော့ လတ်တလောမှာ  အလှူရှင်တွေ ရှိနေသေးတာ ကြောင့် အခက်အခဲ မရှိသေးဘဲ ကလေး ၂၀၀ နီးပါးအတွက် နေ့စဉ် ထမင်းတစ်နပ်ကို ကျပ် နှစ်သိန်းကျော် လောက်ကုန်ကျတယ်လို့ တည်ထောင်သူ ဒေါ်နန်ခေါန် က ပြောပါတယ်။

“ကိုယ်လုပ်တဲ့အလုပ်က ကလေးများ ပြုစုတယ်ဆိုတဲ့ စိတ်တစ်ခုလေးပဲ။ ဒီကလေးတွေ ဆယ်တန်းအထိ တက်သွားရင် ကျေနပ်ပြီ။ လမ်းဘေးမရောက်ဖို့၊ လူဆိုးလူမိုက်မဖြစ်ရင် ကျေနပ်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရင် ကျေနပ်တယ်။ သူတို့လည်း လူကောင်းဖြစ်သွားရင် ကျေနပ်တဲ့သဘောရှိပါတယ်။ ခက်ခဲမှုကတော့အများကြီးပါ။ အဓိကကတော့ ပညာတတ်ပြီးမှ ရာထူးရာခံလေးနဲ့ ကောင်းကောင်းမွန်မွန် တင့်တောင်းတင့်တယ် အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်တဲ့ မိသားစုလေးကို မြင်ချင်တာပေါ့နော်”

နေ့စဉ် အစားအစာအတွက် အခက်အခဲ မရှိပေမယ့်လည်း ကလေးတွေပညာရေးအတွက် လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်လို့ စိတ်မကောင်းဖြစ်ရတယ်လို့ ဒေါ်နန်ခေါန်က ဆိုပါတယ်။

ဒီဂေဟာလေးကနေ ပညာစုံလို့ ကိုယ့်ခြေပေါ်ကိုယ်ရပ်ပြီး ဘဝခရီးဆက်နေတဲ့ လူငယ် တွေကို မြင်ရရင် ပီတိဖြစ်ရတယ်လို့ ချစ်ခြင်းမေတ္တာ ဂေဟာ တည်ထောင်သူ ဒေါ်နန်ခေါန် က ပြောပါတယ်။

အခက်အခဲတချို့ ရှိနေပေမယ့်လည်း အနာဂတ်မျိုးဆက်သစ် ကလေးငယ်တွေရဲ့ ဘဝကို တစ်ထောင့်တစ်နေရာကနေ ကူညီဖြည့်ဆည်းပေးနေတဲ့ ဒီဂေဟာလေး ရေရှည်တည်တံ့ နိုင်အောင် ဆက်လက်ကြိုးစားသွားဖို့ ဒေါ်နန်ခေါန် က ဆုံးဖြတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။