တော်လှန်ရေးလက်နက်ဖြစ်လာတဲ့ ချင်းရိုးရာ တူမီးသေနတ်
ချင်းလူမျိုး ယောက်ျားကောင်းတစ်ယောက်မှာ တူမီးသေနတ်ဟာ ရှိကိုရှိရမယ့် လက်နက်တစ်ခုလို့ အစဉ် အဆက် ယူဆလာခဲ့ကြတာကြောင့် ချင်းလူမျိုးနဲ့ တူမီးသေနတ်ဟာ အမြဲအတူရှိနေတဲ့ ရိုးရာတစ်ခုဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း နယ်ချဲ့အင်္ဂလိပ်တွေကို တိုက်ထုတ်ခဲ့တုန်းကလည်း ချင်းလူမျိုးတွေက တူမီးသေနတ် ကိုပဲ အဓိကထားပြီး အသုံးပြုခဲ့ကြတာပါ။ ချင်းဒေသကိုဝင်ရောက်ဖို့ ကြိုးစားတဲ့ အင်္ဂလိပ်တပ်တွေကို စီယင် ချင်းခေါင်းဆောင် ဗိုလ်ခိုင်ကမ်းနဲ့အဖွဲ့ဟာ ရှာလ်လုမ်း ခံတပ်ကနေ တူမီးသေနတ်တွေနဲ့ ခုခံတော်လှန်ခဲ့တဲ့ တိုက်ပွဲဟာ သမိုင်းမှာထင်ရှားပါတယ်။
“တူမီး ဆိုတဲ့ဟာက ယမ်းနဲ့ ခဲလုံးလေးတွေကို ပြောင်းဝကနေထည့်တယ်။ မီးခြစ်ဆံကို ပျားဖယောင်း ပေါ်မှာထားတယ်။ ပစ်ချင်တဲ့အခါ အဲဒီမီးခြစ်ဆံကို တပ်တယ်။ ပြီးတော့ သားကောင်ကို မပစ်ရသေးဘူး ဆိုတော့ ဒီဟာနဲ့ ထိန်းထားတာပေါ့နော်။ ပစ်ချင်တဲ့ အခါမှာ ဒီဟာကို ဆွဲပြီးတော့ ပစ်ရတာပေါ့နော်။ မောင်းကိုဆွဲပြီး ဒီမီးခြစ်ဆံထားတဲ့ နေရာကို ရိုက်ပြီးတော့ မီးတောက်လာပြီး ထည့်ထားတဲ့ ယမ်းနဲ့ ခဲတွေကို ပစ်လို့ရတာဖြစ်ပါတယ်”
နယ်ချဲ့ အင်္ဂလိပ်တွေ ချင်းဒေသကို သိမ်းပိုက်ပြီးတဲ့နောက်မှာတော့ တိုက်သူကြီးတွေ၊ စော်ဘွားတွေကို အုပ်ချုပ်စေခဲ့ပြီး တူမီးသေနတ်ကို တရားဝင်ကိုင်ဆောင်ခွင့် လိုင်စင်ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဥရောပကလာတဲ့ မီးခတ်သေနတ်တွေကို နမူနာယူပုံစံတူပြုလုပ်ပြီး ချင်းဒေသမှာ လူတိုင်းနီးပါး တူမီးကိုင်တဲ့ အလေ့အထ ပျံ့နှံ့လာခဲ့ပါတယ်။
“တူမီးသေနတ်ကတော့ ဒုတိယ ကမ္ဘာစစ်မတိုင်မီက ချင်းတောင်မှာ အသုံးပြုနေပါပြီ။ အင်္ဂလိပ်တွေက အုပ်ချုပ်နေပြီဆိုတော့ တူမီးသေနတ်ကို ချင်းတောင်က တိုက်သူကြီးတွေ၊ စော်ဘွားတွေကို အင်္ဂလိပ်တွေက ပေးနေပါပြီ။ ဒါပေမဲ့ တူမီးသေနတ်ကိုတော့ လူတိုင်းမကိုင်နိုင်ကြသေးပါဘူး။ တစ်ရွာမှာ လေးအိမ်လောက် ကပဲ တူမီးသေနတ်ရှိကြတယ်။ ချင်းတောင်မှာ တူမီးသေနတ် အသုံးပြုတာကြာခဲ့ပြီ။ ချင်း တောင်ပေါ်သား တွေက တူမီးသေနတ်နဲ့ ဇနီး နှစ်ခုထဲက တစ်ခုကို ရွေးချယ်ခိုင်းရင် ဘာကိုရွေးရမလဲ ဆိုတာကို ဆုံးဖြတ်ရဖို့ ခက်ခဲပါတယ်။ ဟိုတုန်းကဆိုရင် တူမီးကို ရွေးခဲ့တဲ့လူတောင်ရှိပါတယ်။ အဲလောက်ထိ တန်ဖိုးထားကြ တာပါ”
အရင်က တောတောင်တွေထူထပ်ပြီး တောရိုင်းတိရစ္ဆာန်တွေ ပေါများခဲ့တဲ့ ချင်း တောင်ပေါ်ဒေသတွေမှာ တောရိုင်း တိရစ္ဆာန်ရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အပြင် တောင်ယာလုပ်ငန်း၊ နွားနောက် မွေးမြူရေးလုပ်ငန်း၊ အမဲလိုက်လုပ်ငန်းတွေနဲ့ ချင်းလူမျိုးတွေက အသက်မွေးဝမ်းကျောင်းခဲ့ကြတာကြောင့် တူမီးသေနတ်ဟာ ချင်းဒေသမှာ အားထားရတဲ့ လုပ်ငန်းသုံးလက်နက်တစ်ခုဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ တိုင်းပြည်ကို အကြိမ်ကြိမ်အာဏာ သိမ်းခဲ့တဲ့အခါ ပြည်သူတွေရဲ့ လက်နက်ကိုင် တော်လှန်မှုတွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ တူမီးသေနတ်တွေကိုသုံးပြီး နိုင်ငံတဝန်း ကျယ်ကျယ်ပြန့်ပြန့် စစ်အာဏာရှင်ကို ခုခံတော်လှန်ကြတာကတော့ အခုနောက်ဆုံး အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နောက်ပိုင်းမှာ ရှိလာခဲ့တာပါ။ တိုင်းပြည်ကို အကာအကွယ်ပေးရမယ့် စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်လို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ဖြိုခွဲမှုတွေကြောင့် တူမီး တော်လှန်ရေး နိုင်ငံတဝန်းမှာ ဖြစ်ပေါ်လာခဲ့တာပါ။
"ချင်းတောင်ပေါ်သားတွေက တူမီးသေနတ်နဲ့ ဇနီး နှစ်ခုထဲက တစ်ခုကို ရွေးချယ်ခိုင်းရင် ဘာကိုရွေးရမလဲဆိုတာကို ဆုံးဖြတ်ရဖို့ ခက်ခဲပါတယ်"
စစ်ကိုင်းတိုင်း ကလေးမြို့ ချင်းလူမျိုးတွေနေတဲ့ ရပ်ကွက်တွေက ချင်းလူငယ်တွေဟာ ဆန္ဒပြလူငယ်တွေကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ရိုးရာတူမီးသေနတ်တွေသုံးပြီး ခုခံဆန့်ကျင် ရာကနေ တူမီးတော်လှန်ရေး တခေတ်ဆန်းလာတယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ ဧပြီလက ချင်းပြည်နယ် မင်းတပ် မြို့တွင်း တိုက်ပွဲကစလို့ ချင်းပြည်နယ်တဝန်း ဒေသကာကွယ်ရေး PDF တပ်ဖွဲ့တွေ အသီးသီးပေါ်ပေါက်ခဲ့ပြီး စစ်ကောင်စီတပ်တွေကို အခုထိ ဆက်ပြီးခုခံတော်လှန်နေကြပါတယ်။
“တူမီးသေနတ်ဆိုတာ ဟိုး ၁၈၊ ၁၉ ရာစုခေတ်ကတည်းက ကိုင်ခဲ့တဲ့ သေနတ်တွေပါ။ ချင်းပြည်နယ်က လူငယ်တွေ အကုန်လုံးမှာ အိမ်တိုင်းနီးပါးမှာ တူမီးသေနတ်တွေရှိတယ်။ တချို့သေနတ်ဆိုရင် ဒုတိယ ကမ္ဘာစစ်၊ ပထမကမ္ဘာစစ်က သေနတ်တချို့တောင်ပါတယ်။ ကျွန်တော် တို့ တောကျွမ်းတယ်။ တူမီး ကိုင်တာများတယ်။ အမဲလိုက် မုဆိုးတွေများတယ်။ စစ်ကောင်စီတပ်က ရမ်းသမ်းပြီးပစ်ကြတာ။ ကျွန်တော်တို့က တစ်ချက်တည်း ပစ်လို့ရတယ်။ နောက်တစ်ချက် ပြန်ပစ်ဖို့ ခဲယမ်းဘာညာပြန်ထည့်ဖို့ကျတော့ တော်တော်ကြာတယ်။ ဆိုတော့ ကျွန်တော်တို့က တစ်ချက်ပစ်လိုက်ရင် အဲတစ်ချက်ကို ကျိန်းသေပေါက် အသေအချာကို ချိန်ပြီးတော့ ပစ်တယ်။ ရမ်းသမ်းပြီး ကျည်ဖြုန်းလို့ရတဲ့သူတွေ မဟုတ်ဘူး။ မထိ ထိအောင်ဖြစ်တယ်။ အချိန်ယူပြီး ပစ်တယ်”
တောရိုင်းတိရစ္ဆာန်တွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့နဲ့ အမဲလိုက်ဖို့ ကိုယ်နဲ့မကွာ ယူဆောင်သွားလေ့ရှိတဲ့ တူမီးသေနတ်တွေဟာ အခုတော့ စစ်ကောင်စီတပ်ကို ခံတိုက်ခိုက်ဖို့ လက်နက်တွေဖြစ်လာခဲ့ပါပြီ။
“တောင်သူတွေဆိုတော့ တူမီးသေနတ်ကို ဘယ်သွားသွား သယ်ယူကြတယ်။ တောင်ယာသွားတဲ့ အခါမှာ တူမီးသေနတ်ကို ပုခုံးပေါ်မှာ ထမ်းလာပြီး တောင်ယာသွားတဲ့လမ်းမှာ တိရစ္ဆာန်ရိုင်းတွေရဲ့ အန္တရာယ်မှာ ကာကွယ်နိုင်ဖို့ အတွက် သေနတ်ကို အမြဲယူသွားကြပါတယ်။ တူမီးသေနတ်က လူတိုင်းရတာ မဟုတ်ဘူး ဆိုတော့ လိုင်စင်နာမည်ပေါက်တဲ့ တစ်ယောက်ကသာ ကိုင်ခွင့်ရလို့ သူ့ခန္ဓာကိုယ်နဲ့ မခွာရဲဘူး။ ညအိပ်တဲ့ အခါမှာ သူ့မိန်းမနဲ့ အိပ်ရင်တောင်မှ အိပ်ယာနားမှာ ထားခဲ့သေးတယ်။ အဲလောက် ထိချစ်တာပေါ့နော်”
တူမီးသေနတ်တွေကို ရှေးတုန်းက လူသေနာရေးရှိတဲ့အခါ တစ်ရွာတစ်ရွာ အသိပေးအကြောင်းကြားဖို့အတွက် ပစ်ဖောက်ကြတယ်လို့ ချင်းလူကြီးတွေက ဆိုပါတယ်။
တူမီးသေနတ်မှာ အသုံးပြုတဲ့ ယမ်းစိမ်းကို အရင်တုန်းကတော့ အိမ်မွေးတိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေနဲ့ မြေသားနဲ့ နှစ်ချို့အောင်ထားပြီး ဖန်တီးခဲ့ကြပေမဲ့ အခုကာလမှာတော့ အသင့်လုပ်ပြီးသားယမ်းမှုန့်ကို အသုံးပြုလာပါပြီ။
“ဟိုးရှေးတုန်းကဆို အိမ်အောက်မှာ ဝက်တွေ၊ နွားနောက်တွေ၊ ဆိတ်တွေ မွေးထားတယ်။ တိရစ္ဆာန်ချီးတွေ အများကြီးပဲရှိတယ်။ အဲလို နှစ်တွေကြာလာတဲ့အခါ တိရစ္ဆာန်စွန့်ပစ်တဲ့ မစင်တွေကနေ မြေသားတွေက အဖြူလေးတွေ အသားတက်လာတယ်။ အဲဒီမြေသားအဖြူလေးတွေကို ခြစ်ပြီးတော့ ယူရတယ်။ ပြီးတော့ အဲဒီမြေသားတွေကို ယူပြီးတော့ စကာပေါ်တင်ပြီးတော့ ရေလောင်းချရတယ်။ အဲဒီရေကို ခံထားပြီးတော့ ယူတယ်။ မီးဖိုမှာ ထင်းမီးနဲ့ ဒယ်အိုးထဲထည့်ပြီးတော့ ရေခမ်းအောင်ချက်ရတယ်။ အဲဒီအခါ အမှုန့်လေးတွေ ရလာတယ်။ ယမ်းစိမ်းပေါ့။ အဲဒီယမ်းစိမ်းကို နေလှန်းပြီးတော့ မီးသွေးအမှုန့်နဲ့ ရောပြီးတော့ ထောင်းရတဲ့ အခါမှာ တူမီးသုံးမယ့် ယမ်းရလာတာပေါ့။ ယမ်း ကောင်းကောင်းလိုချင်ရင်တော့ များများထောင်းမှရမယ်”
အာဏာသိမ်း စစ်ကောင်စီအတွက်တော့ တူမီးဆိုတာ အန္တရာယ်ကြီးတဲ့ လက်နက်ပါပဲ။ တူမီးလက်ချက်နဲ့ သေဆုံးရတဲ့ စစ်ကောင်စီတပ်သားတွေ မရေမတွက်နိုင်အောင်ရှိလာနေလို့ပါ။ အဲဒါကြောင့်လည်း တူမီး သေနတ်တွေကို သိမ်းတာ၊ ရှိတဲ့တူမီးတွေကို သူတို့ဆီလာအပ်ခိုင်းတာတွေ လုပ်နေပါတယ်။
စစ်ကောင်စီလက်ထက် ချင်းဒေသမှာ တူမီးသေနတ်ထမ်းပြီး အရင်ကလို လွတ်လွတ်လပ်လပ် သွားလာလို့ မရတော့ပါဘူး။ တယ်လီဖုန်းတွေကို စစ်ဆေးတဲ့အခါ တူမီးနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေ့ရင်တောင် အဖမ်းခံရ တဲ့အခြေအနေအထိ ဖြစ်လာနေပါတယ်။ ဒါပေမဲ့လည်း စစ်အာဏာရှင်ကို ဆန့်ကျင်ခုခံတဲ့ တူမီးတော်လှန်ရေး ကတော့ နိုင်ငံတဝန်းမှာ အခိုင်အမာ ပျံ့နှံ့နေပါပြီ။