တရုတ်နယ်စပ်ပိတ်မှုကြောင့် အခက်တွေ့နေတဲ့ မိုင်ဂျာယန်က စပါးလင်ဆီလုပ်ငန်း
2022.12.07

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ၊ တရုတ်-မြန်မာနယ်စပ်၊ ကချင်ပြည်နယ် မိုင်ဂျာယန်မြို့ အနီးတစ်ဝိုက်ရွာတွေက ဒေသခံတွေဟာ စပါးလင်စိုက်ပြီး စပါးလင်ဆီ တရုတ်ဘက်ရောင်းတဲ့ အလုပ်ကို အဓိက လုပ်ကိုင်ကြပါတယ်။
ကိုဗစ် - ၁၉ ကပ်ရောဂါ စဖြစ်ချိန်မှာတော့ တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်လိုက်ပြီး ခြံစည်းရိုးတွေပါ ကာလိုက်လို့ အရင်က တရုတ်ဘက် အားထားရောင်းနေရတဲ့ စပါးလင်ဆီ စျေးကျသွားသလို အဝယ်လည်း မရှိတော့တာကြောင့် အရှုံးပေါ်နေတယ်လို့ စပါးလင်စိုက် တောင်သူတွေက ပြောပါတယ်။
စပါးလင်ဆီတွေ မရောင်းရတာကြောင့် စားဝတ်နေရေးကအစ အခက်အခဲဖြစ်နေတယ်လို့ စပါးလင်စိုက်ပျိုးရေးလုပ်သက် ၁၃ နှစ်ရှိပြီဖြစ်တဲ့ ဂျေရိန်ယန်ရွာခံ ဒေါ်မရန်လုမိုင်က RFA ကို ပြောပါတယ်။
“ ဒီစပါးလင်စိုက်စားတာက အရင်တုန်းကတော့ ကျမတို့မိသားစုကို ထောက်ပံ့နိုင်တယ်။ အခုတော့ ကိုဗစ် ကြောင့် လမ်းပိတ်လိုက်တော့ စျေးကျသွားတာပေါ့။ အရင်တုန်း ကတော့ တရုတ်တွေလာဝယ်တယ်။ လမ်းပိတ်သွားပြီး နောက်ပိုင်း မဝယ်တော့ဘူး။ တော်တော်ခက်ခဲသွားတယ်။ ထမင်းတောင် စားချင်တာနဲ့ မစားရဘူး။ အလှူလည်း မထည့်နိုင်ဘူး။ ဆားတောင်ဝယ်ဖို့ ခက်ခဲသွားတယ်။ ကျမတို့က ဒီစပါးလင်ခြံ မလုပ်ရင်လည်း ဘာမှ မလုပ်စားတတ်ဘူး ”
အရင်က စပါးလင်ဆီ ၃၃ ကျပ်သားဝန်းကျင်၊ တရုတ်အခေါ် တစ်ကင်ကို တရုတ်ယွမ်ငွေ ၉၀ (မြန်မာငွေကျပ်လေးသောင်း) အထိ စျေးရခဲ့ပေမယ့် လက်ရှိမှာ ၁၇ ယွမ် (ကျပ်ငွေရှစ်ထောင်) လောက်ပဲရတော့တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါစဖြစ်တဲ့ ၂၀၁၉ ခုနှစ်ကတည်းက တရုတ်နိုင်ငံဘက် ရောင်းလို့မရတော့ပေမယ့် ဂိတ်တွေပြန်ဖွင့်ခဲ့ရင် ပြန်ရောင်းရမလားဆိုပြီး ဒေသလုပ်ငန်းရှင် တချို့ကပဲ စျေးပေါပေါနဲ့ ဝယ်စုကြတော့တာပါ။
"အရင်တုန်း ကတော့ တရုတ်တွေလာဝယ်တယ်။ လမ်းပိတ်သွားပြီး နောက်ပိုင်း မဝယ်တော့ဘူး။"
စပါးလင်ဆီတွေကို ဝယ်စုနေတဲ့ အင်ခေါင်းပါရွာ ဒေါ်ဆွမ်လွတ်ကော့ကတော့ ဝယ်စုထားတဲ့ စပါးလင်ဆီ (၇) တန်လောက်ရှိနေပေမယ့် ရောင်းမရတဲ့အတွက် အဝယ်ရပ်နား ထားရတယ်လို့ RFA ကို ပြောပါတယ်။
“ ကျမတို့ဒီဘက်မှာက တော်တော်များကျန်နေတယ်။ မရောင်းစားရတာ နှစ်ချီ လာပြီဆိုတော့။ ကျမတို့ပဲ မဟုတ်ဘူး အကုန်လုံးပဲ။ တချို့ကတော့ ပို့နိုင်ခဲ့တယ်။ အများပိုင်းက အိမ်မှာစုထားတာပဲ များသွားတာ။ ဒီမှာဝယ်ထားတာ (၇) တန်လောက် ရှိတယ်။ အရင်းက တရုတ်ငွေ ရှစ်သိန်းဖိုးလောက်ရှိတယ်။ ဟိုဘက် အိမ်ကလည်း တန် (၃၀) လောက်ရှိတယ်။ အခုက အကုန်းလုံး ဒီလိုကျပ်သွားတာပေါ့။ တရုတ်ကို ပို့လို့မှ မရတော့တာ ”
စပါးလင်ဆီကို အရိုးအဆစ်ကိုက်ရင် လိမ်းတာ၊ ကလေးတွေ အဖျားတက်ရင် လိမ်းတာနဲ့ တိရိစ္ဆာန်တွေ အနာဖြစ်ရင် လိမ်းတာအတွက်သာ အသုံးပြုပြီး တရုတ်ကလည်း ပြည်တွင်းမှာသုံးဖို့ ဝယ်တာမဟုတ်ဘဲ အခြားနိုင်ငံတွေကို ပြန်ပို့တာလို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာဘက်အခြမ်းမှာသာ စျေးတွေကျနေပေမယ့် တရုတ်မှာလက်ရှိ စပါးလင်ဆီစျေး ယွမ် ၅၀ အထိရှိ နေတယ်လို့ စပါးလင် ဧက ၂၀ ကျော် စိုက်ပျိုးထားတဲ့ အင်းခေါင်ပါရွာခံ ဒေါ်မရစ်လုက RFA ကို ပြောပါတယ်။
“ကျမတို့ဒီနားမှာက အဓိက ဒီစပါးလင်ပဲ စိုက်စားတာပေါ့။ စစ်ရှောင်တွေလည်း အများပိုင်းလုပ်တယ်။ အခုက ၁၇ ယွမ်လောက်ပဲ ရတော့တယ်။ မနှစ်တုန်းကတောင် ၂၀ ကျော်ရသေးတယ်။ အခုက ပို့မရတော့ ပိုက်ဆံရှိတဲ့ သူတွေ ဝယ်စုထားတာလောက်ပဲ ရှိတော့တယ်။ တရုတ်မှာက စျေးရသေးတယ် ပြောတယ်။ ဒီဟာပဲလုပ်တော့ စားသောက်ဖို့ မရှိလာတော့ စျေးမရလည်း ရောင်းရတာပေါ့ ရတဲ့စျေးနဲ့။ တရုတ်ပြည် မှာတော့ စျေးမကျဘူးတဲ့”
အင်းခေါင်ပါရွာမှာရှိတဲ့ အိမ်အထောင်စု ၃၀ ကျော်မှာ စပါးလင်မစိုက်တာ အိမ်ထောင်စု သုံးစုလောက်ပဲ ရှိတယ်လို့လည်း ဒေါ်မရစ်လုက ဆိုပါတယ်။
အရင်က စပါးလင်ပင်ကို တရုတ်တွေပဲ လာစိုက်ကြပေမယ့် စျေးရတာကြောင့် နောက်ပိုင်းမှာ ဒေသခံတွေလည်း တရုတ်တွေဆီကမျိုးယူပြီး ပြန်စိုက်ကြတာလို့ ဒေသခံဦးနန်းဇိန်လက RFA ကို ပြောပါတယ်။
“အရင်ကတော့ တရုတ်တွေ မျိုးယူလာပြီး လာစိုက်တာပေါ့။ အဲဒီကနေ ကျနော်တို့ ဒေသခံတွေလည်း ဒီမှာ ပြန်ပွားယူ အချင်းချင်းပြန်ဝေငှပြီး စိုက်တာ။ ကျနော်တို့ သိရသလောက်တော့ ဒီဟာက မြန်မာဘက်ကဝယ်တာ မရှိဘူး။ တရုတ်တွေ လာလုပ်စားတာ ကျနော်တို့လည်း လုပ်စားလို့ရတယ်ဆိုပြီး အရင်ကစျေးလည်းရတော့ အဲလိုလုပ်စားကြတယ်”
စပါးလင်ပင်စိုက်ဖို့ မြက်ရှင်းရတာ၊ တောင်းစောင်တွေမှာစိုက်ထားတဲ့ အပင်တွေကို ခုတ်ပြီးရင်လည်း ပေါင်းအိုးရှိတဲ့ တောင်အောက်အထိ သယ်ရတာ၊ မီးပေးဖို့ ထင်းတွေ လိုတာအပြင် လုပ်အားအတွက် ပိုက်ဆံပေးခေါ်ရတာ တွေ ရှိလို့ အခုလိုစျေးမရတဲ့အချိန်မှာ ကိုယ်တိုင်မလုပ်နိုင်သူတွေ အရှုံးပေါ်ပြီး မလုပ်နိုင်ကြတော့ဘူးလို့ ပြောပါတယ်။

စပါးလင်စိုက်တောင်သူ ဦးလဇိန်ဇော်ထန်ကတော့ စားဝတ်နေရေးအတွက် ဒီလုပ်ငန်းကိုပဲ အားထားနေရလို့ စပါးလင်ဆီကို လက်ရှိ တရုတ်ကမဝယ်ချိန် ပြည်တွင်းမှာပဲ ပုံမှန်စျေးနဲ့ ရောင်းဝယ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
“ကျနော်တို့ ဒီဘက်မှာက တခြားလုပ်စားတာမရှိဘူး။ အရင်ကတည်းက ဒါကို အဓိက အားထားပြီး လုပ်လာတာ။ ကလေးတွေရဲ့ ကျောင်းစရိတ်တွေလည်း ဒီကပဲ။ အခုလို စျေးတွေကျလာတော့ အားလုံးက လုပ်ဖို့တောင် အားမရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီတွေ ကျနော်တို့နိုင်ငံမှာရှိလာပြီး ဒီစပါးလင်ဆီတွေကိုလည်း ဒီနိုင်ငံမှာပဲ ပြန်ရောင်းစားနိုင်ဖို့ မျှော်လင့်တယ်။ အကူအညီလည်း တောင်းချင်တယ်”
ဒေသခံတွေဆီကထွက်တဲ့ ပစ္စည်းတွေအတွက် ပြန်ရတဲ့စျေးနှုန်း ကျလာပေမယ့် တရုတ်ဘက်က ပြန်ဝင်တဲ့ ကုန်ပစ္စည်းတွေ စျေးတက်လာတာကြောင့် အရင်ထက် ပိုခက်ခဲလာတယ်လို့လည်း ဆိုပါတယ်။
မိုင်ဂျာယန်မြို့ပတ်ဝန်းကျင် ဂျေရိန်ယန်၊ အင်ခေါင်းပါ၊ ပရန်ကဒုံ၊ ခရိန်ဝမ်၊ ဝါရာပါ၊ နော်ခရာ၊ ပလောင်ကောင်၊ မိုင်ကျူ၊ ဘွမ်ကထောင်၊ ကွမ်ကောင်၊ ဖီဂီ၊ လညယ်၊ ကွမ်ဒေ၊ ဒုံခုံ၊ အူမာခဇွပ်၊ ခါကျန်ယန် ရွာတွေမှာစပါးလင် စိုက်ပျိုးကြပြီး စုစုပေါင်း ဧက ၅၀၀ အထက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ လက်ရှိတရုတ်ဘက်က ဂိတ်တွေပိတ်ထားပြီး အဝယ်တွေရပ်နေတာကြောင့် စပါးလင်စိုက်တောင်သူတွေ ဆက်မလုပ်နိုင်တော့သလို အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင် နေရတာကြောင့် အရင်လိုစျေးပြန်ရဖို့နဲ့ အဝယ်တွေ ပြန်ရှိလာဖို့ မျှော်လင့်နေကြပါတယ်။