ကမ္ဘာ့လေထုအညစ်ညမ်းဆုံးဖြစ်နေတဲ့ ချင်းမိုင်မြို့

RFA Burmese
2024.04.17
ကမ္ဘာ့လေထုအညစ်ညမ်းဆုံးဖြစ်နေတဲ့ ချင်းမိုင်မြို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က လေထုညစ်ညမ်းတာကြောင့် နားခေါင်းစည်းတပ်ပြီး သွားလာနေကြသူများအား တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံနဲ့နီးကပ်နေတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ဟာ ဖေဖော်ဝါရီလလယ်ကစလို့ မီးခိုးတွေဖုံးနေပြီး အခုရက်ပိုင်းမှာတော့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့အဆင့်ကို ရောက်နေပါတယ်။

“ချင်းမိုင်ရဲ့လေထုညစ်ညမ်းမှုကတော့ ပြီးခဲ့တဲ့လကစလို့ အတော့်ကို ဆိုးနေပါတယ်။ ကျွန်တော်အလုပ်လုပ်တဲ့နေရာက တောင်ခြေနဲ့ နှစ်ကီလိုမီတာအဝေးလောက်မှာဆို အတော့်ကိုဆိုးပါတယ်။ တောင်ပေါ်ကိုကြည့်လိုက်ရင် အခြေအနေကို တွေ့နိုင်ပါတယ်။ ပြီးတော့ လူတွေမှာလည်း ချောင်းယားတာမျိုး ပင်ပန်းနွမ်းနယ်တာမျိုး အားမရှိတာမျိုး ဝေဒနာတွေခံစားရပါတယ်”

တောင်ပတ်လည်ဝန်းရံနေတဲ့ ချင်းမိုင်မြို့ဟာ နှစ်တိုင်း ဖေဖော်ဝါရီ လလယ်လောက်ကနေ မေလကုန် လောက်အထိ မိုးကောင်းကောင်း မရွာမချင်း အခုလို လေထုညစ်ညမ်းမှုဒဏ်ကို သိသိသာသာခံစားနေရ တာပါ။

ဧပြီလ ၉ ရက်နေ့ မနက်တိုင်းတာချက်အရ ချင်းမိုင်မြို့လေထုဟာ ၁၉၄ ရှိလို့ ကမ္ဘာမှာ အဆိုးဆုံးဖြစ်နေပြီး ရန်ကုန်မြို့ကလည်း အမှတ် ၁၆၄ ရှိတဲ့အတွက် လေထုညစ်ညမ်းမှုမှာ ကမ္ဘာ့နံပါတ် ၆ အဆင့်ရှိတယ်လို့ ထိုင်း PBS World သတင်းမှာ ဖော်ပြထားပါတယ်။

ဒေသတွင်းသတင်းတချို့ရဲ့ အဆိုအရ ချင်းမိုင်ခရိုင်မှာ အဆုပ်ကင်ဆာဖြစ်တဲ့သူတွေ ရှိတဲ့အပြင် အသက်ဆုံးရှုံးရတဲ့သူတွေပါ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

“တစ်ခါတလေမှာ ဆရာဝန်ပြဖို့လိုပါတယ်။ လူတွေမှာ နှာခေါင်းထဲက သွေးစတွေ ပါထွက်ပါတယ်။ မီးခိုးနံ့တွေရတယ်။ အသက်ရှုမဝဘူး။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျွန်မတို့ မသိပါဘူး။ မျက်နှာဖုံးတွေတော့ တပ်ကြတယ်။ ဒါပေမဲ့ ကောင်းကောင်းမကာကွယ်နိုင်ပါဘူး။ အခြေအနေကတော့ ပိုပိုပြီးဆိုး နေပါတယ်”

ထိုင်းအစိုးရရဲ့ မိုးတုထုတ်လုပ်ရေးဌာနက ချင်းမိုင်ခရိုင်အတွင်း လေထုညစ်ညမ်းမှုကို ကာကွယ်တဲ့အနေနဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မိုးတုရွာချပေးခဲ့လို့ ရက်ပိုင်းလောက် သက်သာခဲ့ပေမဲ့ ဧပြီလဆန်းစလို့ လေထုညစ်ညမ်းမှု ပြန်ဖြစ်ခဲ့တာပါ။

လေမသန့်တဲ့အတွက် မျက်လုံးရောင်ရမ်းတာ၊ မျက်လုံးနာတာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်တင်းကျပ် နာကျဉ်တာ၊ အရေပြားယားယံတာ၊ နှာခေါင်းသွေးယိုတာနဲ့ အသက်ရှုမဝတာတွေအပြင် အဆုတ်ကင်ဆာအထိ ဖြစ်စေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကလေးသူငယ်တွေ၊ အသက်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေ ပိုပြီးသတိထားကြဖို့နဲ့ ထူးခြားတဲ့လက္ခဏာတွေရှိလာရင် ဆေးရုံ၊ ဆေးခန်း ချက်ချင်းပြဖို့လည်း ချင်းမိုင်တက္ကသိုလ် ဆေးဘက်ဆိုင်ရာဌာနက ထုတ်ပြန်ထားပါတယ်။

“ချင်းမိုင်မှာနေတဲ့သူ တော်တော်များများကတော့ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေ ခံစားရတာရှိတယ်။ အနည်းနဲ့အများပေါ့နော်။ လူငယ်တွေကတော့ လတ်တလောမှာသိပ်တော့မသိသာဘူး။ ကျွန်တော် ဆိုရင်လည်း အရမ်းဆိုးဆိုးဝါးဝါးတော့မဟုတ်ဘူး။ ချောင်းဆိုးတာ၊ မျက်စိစပ်တာ၊ မျက်ရည်ယိုတာ နောက်ပြီး အသက်ရှူကျပ်တာပေါ့နော်”

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် လေထုညစ်ညမ်းနေမှုအား ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် လေထုညစ်ညမ်းနေမှုအား ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

ချင်းမိုင်ခရိုင်ထဲက ခုနစ်မြို့နယ်ကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားတဲ့အကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ထုတ်ပြန်ထားပါတယ်။ မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြဖို့နဲ့ အမှုန်အမွှားတွေကို စစ်ထုတ်နိုင်တဲ့ နှာခေါင်းစည်းတွေတပ်ပြီး သွားလာကြဖို့ ထိုင်းအစိုးရက တိုက်တွန်းထားတဲ့အပြင် ရုံးလုပ်ငန်းဆိုင်ရာတွေကိုလည်း ဧပြီလ ၉ ရက်နေ့ကနေ ဧပြီလ ၁၁ ရက်နေ့အထိ အိမ်တွေကပဲ အလုပ်လုပ်ဖို့ ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။

“အပြင်မှာသွားလာလှုပ်ရှားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဆိုးလွန်းတဲ့ လေထုအပြင် အပူရှိန် ဖာရင်ဟိုက်ဒီဂရီ ၁၀၀ ကျော်တဲ့ရာသီကလည်း ကိုယ်ခန္ဓာတွေ ပင်ပန်းစေတာပါ။ တကယ်လို့ ခင်ဗျား အပြင်ထွက်ပြီး အလုပ်လုပ်မယ်ဆိုရင် ကျန်းမာရေးအတွက် အလွန်အန္တရာယ် များပါတယ်”

ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ တောမီးလောင်တာနဲ့ တောင်ယာမီးရှို့မှုတွေကြောင့် လေထုညစ်ညမ်းတာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ အဖြေရှာမတွေ့သေးတဲ့ ပြဿနာဖြစ်နေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
စစ်ဘေးကြောင့် ရန်ကုန်ကိုရောက်လာတဲ့ ငပလီကောက်ညှင်းထုပ်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။