ကမ်းပါးပြိုခြင်းနှင့် လူမှုဘဝထိခိုက်မှုများ
2023.04.30
မြန်မာနိုင်ငံရဲ့အဓိကအကျဆုံးမြစ်ဖြစ်တဲ့ ဧရာဝတီမြစ်ဘေးမှာနေထိုင်တဲ့ ဒေသခံတွေဟာ ကမ်းပါးပြိုတဲ့ ဖြစ်စဉ်ကို ခပ်စိတ်စိတ်လေး ကြုံတွေ့နေရပါတယ်။ ၂၀၂၁ နဲ့ ၂၀၂၂ ထဲမှာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ဆင်ကျွန်းရွာနဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က နုံးပို့ရွာက ကမ်းပါးပြိုတဲ့ ဖြစ်စဉ်တွေကြောင့် ဒေသခံတွေရဲ့ ဆုံးရှုံးမှုတွေ များပြားခဲ့ပါတယ်။
ဒေသခံတွေရဲ့စိုက်ပျိုးမြေတွေ နေအိမ်တွေနဲ့ ဘိုးဘွားတွေ လက်ထက်ကတည်းက တည်ရှိခဲ့တဲ့ ယဉ်ကျေးမှု ဘာသာရေး အဆောက်အအုံတွေကိုပါ ကမ်းပါးပြိုတဲ့ အထဲ ဆုံးရှုံးကြရတာဖြစ်ပါတယ်။
“ဒီနှစ်အဖို့က မြစ်ရေကြီးတာ ဒုက္ခရောက်၊ ကမ်းပါးပြိုတာ ဒုက္ခရောက်။ အင်း ကပ်တိုက်နေတာပေါ့ကွာ။ ရွှေ့ပြောင်းလာခဲ့တာ အသက်နဲ့ ပြောမယ်ဆိုရင်တော့ အိမ်တွေလည်း ဆယ့်လေးငါးကြိမ်လောက် ရှိပါပြီ။ ရွှေ့လာခဲ့တာ။”
“ ဒီစေတီကို ကျွန်တော်တို့ရဲ့အသက်၊ ဘိုးဘွားတွေရဲ့ အသက်နဲ့မှန်းဆကြည့်ရင် နှစ်ပေါင်း ၂၀၀ ကျော်ကို မကဘူး။ ဒီဘုရားနှစ်ဆူ က ၂၀၂၁၊ ၉ လ ပိုင်းကနေ လေးဆူတော်ဘုရားရယ် ရှစ်မျက်နှာဘုရားရယ်က ပြိုကျသွားပါတယ်။ ဒီနှစ် (၂၀၂၂ ခုနှစ်) ၆ လပိုင်း ၇ ရက် မှာ သိမ်တော်မြတ်ဘုရား ပြိုကျသွားတယ်။ ၇ လပိုင်း ၆ ရက်မှာတော့ ပြည်လုံးချမ်းသာမြတ်စွာဘုရားပြိုကျသွားတယ်။”
ဧရာဝတီမြစ်ကြောင်းမှာ ရှေးနှစ်ပေါင်းများစွာကတည်းက ရေတိုက်စားခဲ့တာကြောင့် ကမ်းပါးပြိုတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပေမယ့် အခုနှစ်ပိုင်းမှာတော့ ပိုပိုပြီးဆိုးရွားလာခဲ့တာပါ။ ဧရာဝတီမြစ်ဝှမ်းနဲ့ ပတ်သက်ပြီး လေ့လာမှုတွေလုပ်ခဲ့တဲ့ သုတေသနပညာရှင်တစ်ဦးကတော့ ကမ်းပါးပြိုတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုလိုသုံးသပ်ပါတယ်။
“မြစ်ကြောင်းတွေရဲ့ ကမ်းပါးပြိုခြင်းကသဘာဝရဲ့လုပ်ငန်းစဉ်တစ်ခုတော့ဖြစ်တယ်။ သို့သော်လည်း လူတွေရဲ့ ဖန်တီးမှုကြောင့် ရာသီဥတု ပြောင်းလဲမှုတွေ၊ သစ်တောပြုန်းတီးမှုတွေ ဖြစ်လာတယ်။ ရာသီဥတုပြောင်းလဲမှုတွေ၊ သစ်တောပြုန်းတီးမှုတွေကနေတစ်ဆင့် မြစ်ရေစီးကြောင်းတွေ ပြောင်းလာတယ်။ မြစ်ရေစီးကြောင်းတွေပြောင်းလာတာ ရေစီးနှုန်းတွေ ပြောင်းလာတာဟာ ကမ်းပါးတိုက်စားမှုတွေ၊ ကမ်းပါးပြိုတာတွေကို ဖြစ်လာစေတာ ဖြစ်တယ်။”
ဧရာဝတီမြစ်အတွင်း သောင်ခုံအသစ်တွေပေါ်ထွန်းလာတာကနေ မြစ်ရေစီးကြောင်းက လမ်းကြောင်း ပြောင်းပြီး စီးဆင်းပါတော့တယ်။ ပြောင်းလဲစီးဆင်းတဲ့ရေစီးဟာ မိုးရာသီလို မြစ်ရေစီးသန်တဲ့အချိန် မှာတော့ မြစ်ဘေးကရွာတွေကို တိုက်စားဖြိုဖျက်ပါတော့တယ်။ အဲဒီလို ပြင်းထန်တဲ့ရေစီးကြောင်းက ကိုယ့်ရွာဘက်ကိုတိုးဝင်လာပြီဆိုရင် တစ်ရွာလုံးကလူတွေ စုပေါင်းပြီး ကမ်းနားနဲ့နီးတဲ့ဘက်က နေအိမ်တွေကို ချက်ချင်းဖျက်ယူရပါတော့တယ်။ ဒါဟာ မြစ်ကမ်းပါးဘေးကရွာတွေရဲ့ အလေ့အထလို့တောင် ပြောရမှာပါ။
ဆင်ကျွန်းရွာသူ မဇင်မာကတော့ အိမ်ကိုဖျက်ယူဖို့ အချိန်မမီလိုက်ရှာသူပါ။ အိမ်ကိုဖျက်ဖို့ ကြိုးစားနေတုန်းမှာ သူ့အိမ်ကရေထဲမျောပါသွားပါတယ်။
“ကမ်းပါးတွေ ပြိုလို့ ပြိုလို့ဆိုလို့သွားကြည့်တာ။ အစောကတော့ ဝေးနေသေးတော့ ကိုယ့်စိတ်ထဲ ဘယ်လိုမှမအောက်မေ့ဘူး။ နီးလာတော့ကျတော့ ကယ်တော်မူပါဦး လာကြပါဦးလို့ ပြေးပြီးလိုက်ခေါ်ရတာ။ ရွာကို မိုက်ဟစ်ခိုင်းလိုက်တာပေါ့။ လာကြပါတယ် အများကြီး။ တစ်ရွာလုံး လူစုလာပါတယ်။ လာလည်း အိမ်ကမမီလိုက်ဘူးပေါ့ရှင်။ ဖျက်နေရင်းတန်းလန်းကြီးကို ပါသွားတာ။”
“ကျွန်တော် အခုသက်တမ်းမှာ ၄၄ နှစ်ရှိပါပြီ။ လေးကြိမ်လောက်ကြုံဖူးပါတယ်။ ကမ်းပါးပြိုတာ။ ကျွန်တော်တို့ ငယ်ငယ်က တောင်သူလုပ်ခဲ့တာပါ။ မြေတွေ သုံးလေးဧက ရှိပါတယ်။ အခုတော့မရှိတော့ပါဘူး။ ကမ်းပါးပြိုပြီးရေကြောင်းထဲ ပါသွားလို့ ကုန်တာပါ။”
မြစ်ကမ်းပါး တိုက်စားခံရတာကြောင့် မြေဆီဩဇာကြွယ်ဝတဲ့စိုက်ပျိုးမြေတွေကို ဆုံးရှုံးကြရပါတယ်။ အိမ်ယာတွေကိုလည်း အကြိမ်ကြိမ် ရွှေ့ပြောင်းကြရပါတယ်။ ကမ်းပါးပြိုတာကို ကာကွယ်နိုင်ဖို့ ကြိုးပမ်းရာမှာ အကာအကွယ်တံတိုင်းတည်ဆောက်ဖို့ကိုလည်း နည်းလမ်းတစ်ခုအဖြစ် အသုံးပြုဖို့ ကြိုးပမ်းခဲ့ပါတယ်။
“ကျေးရွာ ကာကွယ်ရေးကတော့ အခု ၂၀၁၉၊ ၂၀၂၀ မှာ ရေကာတာကြီး လုပ်ပေးပါတယ်။ ကျောက်ရေကာတာကြီးက ၂၀၂၂ မှာ ပြန်ပြိုကျသွားပါတယ်။ ကျွန်တော်တို့က အဓိကအချက်ကတော့မသိဘူး။ ရေတိုက်အားကိုခံနိုင်အောင်မတည်ဆောက်နိုင်တာလို့ပဲထင်ပါတယ်။”
အိမ်ခြေ ၁၀၀ ကျော်လောက်ရှိတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီမြစ်ထဲက ဆင်ကျွန်းရွာရဲ့ စိုက်ပျိုးမြေတွေဟာ မကြာခဏ ရေတိုက်စားဖြိုဖျက်ခံရတာကြောင့် ၂၀၁၉ မှာ ရွာကိုကာကွယ်ဖို့ ရေကာတာတံတိုင်းတည်ဆောက်ခဲ့ပေမယ့် ရေစီးအားကို မတွန်းလှန်နိုင်ဘဲ ၂၀၂၂ မှာ ရေထဲမျောပါ သွားခဲ့ရပါတယ်။ အခုတော့ အကာအကွယ်မဲ့သွားတဲ့ ဆင်ကျွန်းရွာသားတွေဟာ သူတို့ရဲ စိုက်ပျိုးမြေနဲ့ အိမ်ယာတွေ ပိုမိုဆုံးရှုံးဖို့ ရာခိုင်နှုန်းပိုများလာပါပြီ။
“ပြောရမယ်ဆိုရင်ဆားလေးဝယ်ထား ခပ်ရတယ်မရှိပါဘူးကွာ။ လျှက်တာနဲ့ကုန်တာပါပဲ။ ဒီနောက်လည်း ဒီကမ်းပါးကြီးက ပြိုနေဦးမှာပဲ။ ဒီရွာလေးလည်း ဘယ်ရောက်လို့ ဒီလူတွေလည်း ဘယ်ရောက်ကုန်ကျမလဲ မပြောနိုင်ဘူးပေါ့ကွာ။ တစ်နေရာရွှေ့ဖို့ကမလွယ်ဘူးကွ။ နေရေး ထိုင်ရေး စားရေးသောက်ရေး အတော်ခက်ခဲပါတယ်ကွာ”
ဘိုးဘွားတွေ ခေါင်းချခဲ့တဲ့နေရာမှာ ကြီးပြင်းရှင်သန်ခဲ့သူတွေအနေနဲ့ ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်းခြေချဖို့ခက်ခဲပါတယ်။ ဆုံးရှုံးမှုတွေ များလာဦးမယ့် ဇာတိမြေမှာပဲ ဆက်လက်နေထိုင်ကြရဦးမှာပါ။ ပညာရှင်တွေကတော့ မြစ်ကြောင်းတွေ စီမံခန့်ခွဲမှုကို မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့ အကြံပြုထားတာတွေ ရှိခဲ့ပေမယ့် အကောင်အထည်ဖော်နိုင်ဖို့ကတော့ ခက်ခဲနေဆဲဖြစ်ပါတယ်။
“ဧရာဝတီမြစ်လို့ပြောရင် ကျွန်မတို့က မြစ်တစ်ခုထဲကို ထိန်းသိမ်းရမှာမဟုတ်ဘဲ မြစ်ဝှမ်းတစ်ခုလုံးကို ထိန်းသိမ်းရမှာဖြစ်ပါတယ်။ မြစ်ဝှမ်းတစ်ခုလုံးကို ထိန်းသိမ်းဖို့ ပြည်နယ်နဲ့တိုင်း ၁၁ ခုက တာဝန်ရှိတယ်။ ဧရာဝတီမြစ်မှာ မြစ်လက်တက်တွေ ချောင်းတွေများစွာရှိတယ်။ အဲဒီချောင်းတွေ မြစ်လက်တက်တွေအပါအဝင် ဧရာဝတီမြစ်ရဲ့မြစ်ဝှမ်းဧရိယာ ဖြစ်တယ်။ အဲဒီမြစ်ဝှမ်းဧရိယာကို ထိန်းသိမ်းဖို့ လိုတာဖြစ်ပါတယ်။ ဧရာဝတီမြစ်လို့ ပြောတဲ့နေရာမှာ ဧရာဝတီမြစ်ဟာ ရေအရင်းအမြစ်ဖြစ်တယ်။ ရေအရင်းအမြစ်ထိန်းသိမ်းဖို့ လုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ ပြည်နယ်နဲ့တိုင်းအလိုက် ထိန်းသိမ်းဖို့ လိုတယ်။ ထိန်းသိမ်းတဲ့အခါမှာ ဖက်ဒရယ်ရဲ့သဘောတရားအရ ရေအရင်းအမြစ်ကို ဘယ်လို ထိန်းသိမ်းကြမလဲဆိုတာကို စဉ်းစားသင့်ပြီလို့ ကျွန်မက တိုက်တွန်းလိုပါတယ်။”